Home သတင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီမှ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားပြီး နေ့စဉ်နီးပါး လက်နက်ကြီးပစ်ခတ်နေ

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီမှ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားပြီး နေ့စဉ်နီးပါး လက်နက်ကြီးပစ်ခတ်နေ

744

ဇွန်လ ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီမှ ဒေသခံ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ ယခုလအတွင်း နေ့စဉ်နီးပါး လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံကရင်လူမှုရေးရာအဖွဲ့ ၏ ယနေ့ ဇွန်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

KNU တပ်မဟာ (၃) နယ်မြေအတွင်း စစ်ကောင်စီဘက်မှ စစ်မျက်နှာပိုမိုတိုးချဲ့ ဖွင့်လာနေပြီး တိုက်ပွဲနေ့စဉ် နီးပါးဖြစ်ပွားနေသလို စစ်ကောင်စီဘက်မှ ဒေသခံအရပ်သားများတည်ရှိရာ ကျေးရွာများဘက်သို့ နေ့စဉ် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်ရမှု ပိုတိုးလာကြောင်း ယနေ့ ထုတ်ပြန်သည့် ညောင်လေးပင်ခရိုင် ဒေသခံ ကရင်လူမှုရေးရာအဖွဲ့၏ ပြောခွင့်ရ ယခုလို ပြောသည်။

၎င်းက “အခု လက်ရှိ စစ်ရေးလှုပ်ရှားမှုမှာ တိုက်ပွဲတွေ အရှိန်ပိုတိုးလုပ်ဆောင်လာတယ်။ ကျနော်တို့ဘက်က သတ်မှတ်ထားတဲ့ ညောင်လေးပင်ခရိုင်အတွင်းက ဒေသတွေထဲကို စစ်မျက်နှာပိုဖွင့်လာပြီး လက်နက်ကြီးတွေပစ်ခတ်နေတာ ပြောရမယ်ဆိုရင် အကြောင်းမဲ့သက် သက် ပြည်သူတွေကို ပစ်မှတ်ထားပြီး ပစ်ချတာ ဒေသခံတွေ ထိခိုက်သေ ဆုံးတာ၊ ထွက်ပြေးရတာတွေ ပိုများလာတယ်။ ဒီလထဲမှာဆိုရင် နေ့တိုင်းလိုလိုပစ်နေတာ။” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းတို့ စစ်ကောင်စီ၏ အုပ်ချုပ်ရေးဝင်ရောက်မှုအပေါ် လက်မခံခြင်းနှင့် မိမိကိုယ်ပိုင် အုပ်ချုပ်ရေးလှုပ်ရှားမှုများ ပိုတိုးလာခြင်းအပေါ် စစ်ကောင်စီဘက်မှ ဒေသခံရွာသားများအပေါ် ယခုလို ပစ်မှတ်ဖိနှိပ်နေခြင်းဖြစ်ပြီး အထူးသဖြင့် KNU ထိန်းချုပ်ရာ ကျောက်ကြီးမြို့နယ်နှင့် ဆောထီမြို့နယ်များတွင် ပိုမိုပစ်မှတ်ထား ပစ်ခတ်ခံနေကြောင်း နှင့် ဒေသခံပြည်သူများ၏ သွားလာမှုများကို ကန့်သတ် ပိတ်ပင်တားမြစ်မှုများရှိနေကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်၏ ပြောခွင့်ရက ဆက်ပြောသည်။

အလားတူ ယခုလို လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံသက်ကြီးရွယ်အိုများ၏ ကျန်းမာရေး အခြေအနေများ ပိုမိုဆိုးရွားလာနေပြီး ယခုလို ကျောင်းဖွင့်ရာသီတွင် ဒေသခံ ကလေးသူငယ်များအနေဖြင့် ကျောင်းမတက်နိုင်ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရကြောင်းနှင့် ဒေသခံများအတွက် စားဝတ်နေရေး အခက်အခဲများပိုမို ကြုံတွေ့ လာနေရကြောင်းလည်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကျောက်ကြီး မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၂၀ ကျော်ခန့်ကိုလည်း စစ်ကောင်စီဘက်မှ ကျေးရွာအတွင်းရှိ KNU အဖွဲ့အစည်းများကို ထွက်သွားခိုင်းကြောင်း နှင့် KNU မထွက်ခွာလျှင် ဒေသခံများထွက်ခွာရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သေးသည်ဟု ဒေသခံ ကရင်လူမှုရေးရာ ပြောခွင့်ရက ယခုလို ဖြည့်စွက်ပြောသည်။

၎င်းက “ကျောက်ကြီး မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၁၂၀ ကျော်ကို သူတို့(စကစ)ဘက်က ကေအဲန်ယူကို ရွာထဲက ထွက်ဖို့ ပြောခိုင်းတယ်။ တကယ်လို့ မထွက်ဘူးဆိုရင် ရွာသားတွေ ထွက်ပေးရမယ်။ အဲ့လိုမှ မထွက်ရင် ရွာထဲကို ပစ်မယ်ဆိုပြီးခြိမ်းခြောက်ပြောတာတွေရှိတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့က ကျေးရွာ ခေါင်းဆောင်တချို့ကို အဲ့လို ပြောထားတယ်လို့ ကျနော်တို့ အတည်ပြုချက်ရထားပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ(၁၅)ရွာရှိသော ကျေးရွာ အုပ်စု ၃အုပ်စုကို ကျေးရွာများမှ ထွက်ခွာကြရန် စစ်ကောင်စီဘက်မှ သတိပေးခြိမ်းခြောက်မောင်းထုတ်မှုများ ပြုလုပ်နေကြောင်း KNU က ယခုဇွန်လ ၂၄ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသေးသည်။

ယခုလက်ရှိ KNU တပ်မဟာ (၃) နယ်မြေအတွင်း စစ်ရေးအဓိက ဝင်ရောက် လှုပ်ရှားနေသည်မှာ စစ်ကောင်စီ တပ်၏ ခြေမြန်တပ်ရင်း (ခမရ-၂၀) (ခမရ-၁၂၄) (ခမရ-၄၃၉) နှင့် (ခမရ-၃၅၀) ပူးပေါင်းတပ်တို့ဖြစ်ပြီး ဒေသခံခေါင်းဆောင်များကို ခေါ်ယူခြိမ်းခြောက် ပြောဆိုခဲ့သူမှာလည်း ခမရ-၂၀ တပ်ရင်းမှူး ကိုယ်တိုင်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း KNU ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ KNU တပ်မဟာ (၃) နယ်မြေအတွင်း စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများ၊ လမ်းပိတ်ဆို့မှုများနှင့် KNU နှင့် နှစ်ဖက်တိုက်ပွဲများအပြင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများ ပိုတိုး လာနေပြီး အရပ်သားများကိုလည်းအကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်မှုများရှိသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိစစ်ရေး လှုပ်ရှားမှု ပြင်းထန်နေသည့် ကျောက်ကြီး မြို့နယ်အတွင်း၌ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေး ရှောင် ၅,၀၀၀ ကျော်ရှိ ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။