Home သတင်း လေးကေကော်ဒေသအတွင်း တိုက်ပွဲဖော်ဆောင်သူများသည် နိုင်ငံခြားမှအကူအညီဖြင့် စစ်တိုက်စားနေသည်ဟု DKBA စစ်ဦးစီးချုပ်ပြော

လေးကေကော်ဒေသအတွင်း တိုက်ပွဲဖော်ဆောင်သူများသည် နိုင်ငံခြားမှအကူအညီဖြင့် စစ်တိုက်စားနေသည်ဟု DKBA စစ်ဦးစီးချုပ်ပြော

1909

ဇွန်လ ၆ ရက်နေ့၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

လက်ရှိ မြဝတီမြို့နယ်၊ လေးကေကော်ဒေသအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်တိုက် ခိုက်နေကြသူများသည် နိုင်ငံခြားရောက်ရှိသူများ၏ ငွေကြေးထောက်ပံ့မှုဖြင့် စစ်တိုက်စားနေကြသူများသာဖြစ် ကြောင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးလ်က ယမန်နေ့ ဇွန်လ ၅ ရက်နေ့တွင် ဖလူးကြီးကျေးရွာအတွင်း ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

ဖလူးကြီးကျေးရွာဘုရားကျောင်း၌ ယမန်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည့် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF ၊ DKBA တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲတွင် ယခုတိုက်ပွဲ ဖန်တီးသူများသည် တိုင်းပြည်အတွက် တိုက်ခိုက်နေခြင်းမဟုတ်ဘဲ စစ်တိုက်စားနေကြသူများသာဖြစ်ကြောင်း DKBA စစ်ဦးစီးချုပ်က ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “အရင်က ကျနော်တို့ တွေ့ဖူးတာ ပြောင်းဖူးလိုက်ချိုးစားတဲ့သူတွေ၊ ပစ္စည်းလိုက်ထမ်းစားတဲ့သူတွေ၊ အပင်လိုက် စိုက်စားတဲ့သူတွေပဲရှိတယ်။ အခုက စစ်တိုက်စားတဲ့သူတွေပါ ရှိနေကြပြီး။ သူတို့မှ စစ်မတိုက်ရရင် ထမင်းမှ မစားရတာ။ သူတို့မှာပိုက်ဆံမရှိဘူး။ သူတို့စစ်တိုက်မှ နိုင်ငံခြားကသူတွေ ပိုက်ဆံပို့ပေးတယ်။ အဲ့ဒါမှ သူတို့ ထမင်းစားရတာ။ အဲ့လိုလူတွေက တိုက်ပြည်အတွက် စစ်တိုက်နေတာမဟုတ်ဘူး။ စစ်လိုက်တိုက်စား နေတာပဲ ဖြစ်တယ်” ဟု တွေ့ဆုံပွဲတွင် ထိုသို့ ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိ ပဋိပက္ခကိုလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် စစ်ကောင်စီအကြား တွေ့ဆုံ ဖြေရှင်းရ မည်ဖြစ်သာဖြစ်ပြီး DKBA အနေဖြင့် ကြားဝင်ဖြေရှင်း၍ အဆင်မပြေကြောင်း၊ ယခုလက်ရှိ တိုက်ပွဲများသည်လည်း ဒေသခံ မဟုတ်သူများမှ လာရောက်ဖော်ဆောင်နေကြခြင်းဖြစ်ကြောင်းနှင့် DKBA အနေဖြင့် ၎င်းတို့ နယ်မြေ အတွင်း တစ်ကြိမ်တစ်ခါမျှ တိုက်ပွဲမဖန်တီးဘဲ လက်ရှိ ပြည်သူများကို အကာအကွယ်ပေးနေသည်မှာ DKBA နှင့် BGF သာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး စောစတီးလ်က ထည့်သွင်းပြောဆိုသွားခဲ့သည်။

လတ်တလောတွင် စစ်ရေးပဋိပက္ခဖြစ်နေသည့် ကာလဖြစ်သောကြောင့် DKBA ၏ ပြောဆိုမှုအပေါ် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလိုခြင်းမရှိသေးကြောင်းနှင့် ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲ အကျိုးဆက်များအပေါ် သာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မြဝတီတောင်ဘက်ဒေသတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကရင်အမျိုးသားကာကွယ်ရေး တပ်မတော်-KNDO ခေါင်းဆောင် ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြက ပြောသည်။

၎င်းက “ဒီအပေါ်မှာတော့ ကျနော်ဘာမှ မပြောချင်သေးပါဘူး။ သူတို့(DKBA)က ဗမာ(စစ်တပ်) တွေနဲ့ လက်တွဲ လုပ်နေတာဖြစ်တာကြောင့် ကျနော်သိပ်မပြောချင်ဘူး။ ပြောခဲ့တာလည်း များနေပြီး။ အခြေအနေကို စောင့်ကြည့် သွားမယ်။ သူတို့ ပြောထားပါစေအုံး။ သူတို့ပြောလည်း ဒေသခံလူထုတွေကတော့ သိနေတာပဲ။ ဗမာ(စစ်တပ်)နဲ့ လက်တွဲပြီး လုပ်နေတယ်ဆိုတာ လူထုက သိနေတာပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိ စစ်ဘေးရှောင်များကို DKBA နှင့် BGF ကသာ ကြည့်ရှုစောင့်ရှောက်နေရကြောင်း၊ ၎င်းတို့ အကူအညီပေးနေသည်မှာ မပေါ်လွင်ဘဲ နိုင်ငံခြားရောက်ရှိသူများ၏ အကူအညီသာပေါ်လွင်နေကြောင်း နှင့် ၎င်း နိုင်ငံခြားရောက်သူများအနေဖြင့် စစ်ဘေးရှောင်ဒုက္ခသည်များကို နာမည်ရောင်းစားနေခြင်းသာဖြစ်ကြောင်းလည်း DKBA စစ်ဦးစီးချုပ်ဖြစ်သူက ဆက်လက် ထည့်သွင်းပြောဆိုသွားခဲ့သည်။

“ခိုဖယ်ဘော (DKBA)ကူညီလည်း ဘယ်သူမှ မသိဘူး၊ နယ်ခြားစောင့်တပ် ကူညီတာလည်း ဘယ်သူမှ မသိဘူး။ နိုင်ငံခြားက ကူညီတာပဲ လူသိတယ်။ ကြားထဲမှာ ကျနော်နဲ့ ချစ်သူ နာမည်တခါမှ မကောင်းဘူး။ အဲ့ဒါကြောင့် ကျနော်တို့ကို တိုက်ခိုက်ပြောဆိုနေတဲ့ နိုင်ငံခြားက လူတွေက ကျနော်တို့ကို ပြန်လာကျွေးမွေးမှာ မဟုတ်ဘူး။ စကားကုန်ကုန်ပြောရရင် ခင်ဗျားတို့ကို ရောင်းစားတာပဲ။ ဒေါ်လာတစ်ထောင်ရရင် သူတို့က ၅၀၀ စားတယ်။ ခင်ဗျားတို့ဆီကို ၅၀၀ ပဲရောက်မှာ။”ဟု ဗိုလ်ချုပ်ကြီး စောစတီးလ်က ပြောသည်။

ထိုသို့ စွပ်စွဲပြောဆိုခြင်းသည် DKBA အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေးလုပ်ငန်းစဉ် များကို နားမလည်ကြောင်း ပြသနေပြီး စစ်ကောင်စီနှင့် လက်တွဲလုပ်ဆောင်နေခြင်းကြောင့်သာ ယခုလို ပျက်စီးရာ ပျက်စီးကြောင်း တွင်တွင်ကျယ်ကျယ်ပြောဆိုနေရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များအတွက် အကူအညီပေး နေသည့် ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ အတွင်းရေးမှူးဖြစ်သူ နော်ကညောဖောက ယခုလို ပြောဆိုခဲ့သည်။

” သူတို့(DKBA) အနေနဲ့ အကူအညီရရှိမယ့်နည်းလမ်းတွေနဲ့ပတ်သက်ပြီး လုပ်ဖူးချင်မှ လုပ်ဖူးမယ်။ အဲ့အတွက် လုပ်စားနေကြတယ်လို့ပဲ သူတို့မြင်ကြတာ။ သူတို့အနေနဲ့ ကူညီထောက်ပံ့မှုလုပ်ငန်းစဉ်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေရှိတယ်ဆိုတာကို သူတို့တခါမှ မလုပ်ဖူးလို့ သူတို့ နားမလည်တာပဲဖြစ်မယ်။ သူတို့ကလည်း စစ်တပ်နဲ့ လက်တွဲပြီးလုပ်နေတာဖြစ်တဲ့အတွက် ဒီလိုအဖွဲ့အစည်းတွေကို တိုက်ခိုက်ပြောတာဖြစ်သလို ဒေသခံတွေကို အတင်းအဓမ္မပြန်နေခိုင်းဖို့ပါ လုပ်လာနိုင်ပါတယ် “ဟု သူမက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိတွင် ဒေသခံလူထုတချို့သည် မိမိနေအိမ်သို့ ပြန်လာ၍ရသော်လည်း စစ်ရှောင်စခန်းတွင် စားသောက်ကောင်းများကို စားသောက်နေရ၍ နေအိမ်ကိုမပြန်လိုကြဘဲ အကူအညီများကိုသာ စောင့်စားနေကြ ကြောင်းနှင့် လက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများအကြား ညီညွတ်မှုမရှိအောင် ပြည်သူလူထုတချို့မှ သွေးခွဲ နေခြင်းဖြစ်ကြောင်းလည်း လူထုတွေ့ဆုံမှုတွင်း DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးလ်က ထည့်သွင်းပြောဆိုခဲ့သေးသည်။

၎င်းပြောဆိုမှုနှင့်ပတ်သက်ပြီးလည်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “လူထုက လုပ်စရာလား။ သူတို့ လုပ်နေတာ ဟုတ်မှမဟုတ်တာ။ တကယ်တမ်း သေချာစဉ်းစားကြည့်လေ၊ သူတို့ စည်းလုံးမှု မရှိလို့သာ မြစ်ကမ်းနံဘေးတွေမှာ လိုက်ပြေးပုန်းနေရတာ။ အခုက လုံးဝနေလို့မရတော့ရင် ကိုယ့်နေရာကိုယ်ပြန်နေခိုင်း မှာပဲ။ သူတို့အနေနဲ့ လူထုတွေက ဘယ်လို ရပ်တည်နေရတာလဲဆိုတာကိုလည်း နားမလည်ဘူး။ လူထုကပဲ သူတို့ကို အခွန်ပေးပြီး ကျွေးနေရတာပဲ။ လူထုကိုကျတော့ ဘာမှပြည့်ပြည့်စုံစံ ပြန်ကာကွယ်စောင့်ရှောက်ပေး နေတာမဟုတ်ဘူး” ဟု ပြောသည်။

ယမန်နေ့က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ဖလူးဒေသရွာသားများ နေရပ်ပြန်လည် နေထိုင်ရေး၊ တောင်ယာပြန် လည်စိုက်ပျိုးနိုင်ရေး၊ ကလေးများ ကျောင်းပြန်တက်နိုင်ရေး၊ လုပ်ဆောင်ကြရန် ပြောဆိုကြသော်လည်း ဒေသခံ စစ်ဘေးရှောင် စား၀တ်နေရေးကိစ္စများ၊ ကျေးရွာလူထုလုံခြုံရေးနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာတာ၀န်ယူမှု၊ တာ၀န်ခံမှုကိစ္စများ ပြောဆိုခြင်းမရှိဘဲ ၎င်းတို့ဖြစ်စေချင်သည့်ကိစ္စများကိုသာ ပြောဆိုခဲ့ပြီး လူထု တွေ့ဆုံပွဲကို အဆုံးသတ်ခဲ့ကြောင်း ဖလူးဒေသခံများက ဆိုသည်။

ထိုသို့ မိမိနေရပ်သို့ ပြန်လည်နေထိုင်ကြရန် လက်နက်ကိုင်အဖွဲ့များ၏ ပြောဆိုမှုအပေါ် စစ်ဘေးရှောင်ဒေသ ခံများဘက်မှ ကျေးရွာအတွင်း ဝင်ရောက်နေရာယူ တပ်စွဲထားသော စစ်တပ်များအားလုံး ပြန်လည်ရုပ်သိမ်းသွားမှသာ နေရပ်ပြန်နေထိုင်ရဲမည်ဟုပြန်လည်တင်ပြခဲ့ပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူဘက်မှ တပ်ရုပ်သိမ်းနိုင်ရေးကို သူ့အနေဖြင့် ၇၀ရာခိုင်နှုန်း အာမခံကြောင်း ပြန်လည်ပြောဆိုထားသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့က ကျေးရွာလူထုကို လာရောက်တွေ့ဆုံသည့်ပွဲသို့ BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနှင့်အဖွဲ့၊ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးလ်အဖွဲ့နှင့် စစ်ကောင်စီ၏ စစ်ကြောင်းအဖွဲ့ စုစုပေါင်း အင်အား ၃၀၀ကျော် ရှိပြီး ဒေသခံရွာသားများမှာ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် ဒေသခံလူထုတချို့အနေဖြင့် နေရပ်ပြန်လာနိုင်ကြောင်းနှင့် စစ်ကောင်စီအနေဖြင့် ထိုးစစ်ဆင်မှာ မဟုတ်ကြောင်း၊ လက်ရှိ စစ်ပွဲသည်လည်း ကန့်သတ်စစ်ပွဲဖြစ်ပြီး တပ်မတော်အနေနှင့် ထိန်းထိန်းသိမ်း သိမ်းဆောင်ရွက် နေခြင်းသာဖြစ်ကြောင်း လူထုတွေ့ဆုံပွဲတွင် ပါဝင်သည့် စစ်ကောင်စီ၏ အခြေချ စစ်ဗျူဟာမှူးဖြစ်သူက ပြောဆိုသွားသည်။

၎င်းက “ဒီဘက်က ဖလူးလေး၊ ဖလူးကြီး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ မယ်ထော်သလေး၊ ပဟိကလော်အထိက ပြန်လာဖို့ အဆင်ပြေတယ်လို့ ယူဆတယ်။ ဟိုဘက်က လေးကေကော်နဲ့ ထီးမယ်ဝါးခီးတော့ ပြန်မလာပါနဲ့လို့တော့ မပြောဘူး၊ ဒါပေမဲ့ တစ်ဖက်အဖွဲ့အစည်းတွေလည်းရှိတယ်။ ဟိုဖက်ဒီဖက်ဖြစ်နိုင်တဲ့ အနေအထားတွေ ရှိနိုင်သေး တယ်လို့ ကျနော့်အနေနဲ့ ယူဆတယ်။ ကျနော်တို့ တပ်မတော်အနေနဲ့ ဘာမှထိုးစစ်လည်းဆင်မှာ မဟုတ်ဘူး။ တိုက်စစ် လည်းလုပ်မှာ မဟုတ်ဘူး။ ကျနော်တို့ ဒီမှာဆင်နွှဲနေတာကိုက ကန့်သတ်စစ်ပွဲ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတစ်ခုလုံးကို တိုက်ခိုက်နေ တာမဟုတ်ဘူး၊ အင်နဲ့အားနဲ့လည်း တိုက်ခိုက်နေတာ မဟုတ်ဘူး။ တပ်မတော်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ သွားနေတဲ့ အပိုင်းဖြစ်ပါတယ်” ဟု ပြောဆိုသွားခဲ့သည်။

၎င်းအပြင် ဒေသခံများအနေဖြင့် မိမိနေရပ်သို့ ပြန်လာနိုင်ကြောင်းနှင့် နီးစပ်ရာ တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းများကို အသိပေးအကြောင်းကြားပြီး လယ်ယာစိုက်ခင်းများကို သွားရောက် စိုက်ပျိုးနိုင်ကြောင်းအပြင် ကျောင်းတက်ချင်သူများရှိပါက ဖလူးကြီးကျောင်းကို အတတ်နိုင်ဆုံး ကူညီဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းလည်း အဆိုပါ စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာမှူးက ထည့်သွင်းပြောဆိုသွားခဲ့သည်။

မြ၀တီမြို့တောင်ဘက် မယ်ထော်သလေး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ထီးမဲ့ဝါးခီး၊ ပဟိကလော်၊ ဖလူးကြီး၊ ဖလူးလေး၊ ရသေ့ဂူ စသည့်ဒေသများတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ ယခု ၆ လကျော်ကြာ အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

လေးကေကော်ဒေသမှ ကျောက်ခက်၊ လေးဒေး၊ ဝေါလေ၊ ကနဲလေး၊ တာအူ့ထာ့၊ တနော့ထာ့၊ သေ့ဘောဘိုး၊ ကလော့ ထော၊ စုကလိနေရာဘက်အထိ အစုအဖွဲ့အလိုက် စစ်ဘေးရှောင်နေကြရသူ ၁၅,၀၀၀ကျော်မှာ လက်ရှိအချိန်ထိ နေရပ် မပြန်နိုင်သေးကြောင်း စစ်ရှောင်များကို ကူညီလုပ်ဆောင်နေသူများက ပြောသည်။