Home သတင်း ကျောင်းသားများကျောင်းတက်ရန် မိဘများကို စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်နေ

ကျောင်းသားများကျောင်းတက်ရန် မိဘများကို စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်နေ

859

ဇွန်လ ၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရန် ကျောင်းသားမိဘများအား စစ်ကောင်စီခန့်ဒေသအာဏာပိုင်များက အတင်းအဓမ္မဖိအားပေး ခြိမ်းခြောက်မှုများရှိနေသည်ဟု ကျောင်းသား မိဘများထံမှ သိရသည်။

ကျောင်းနေအရွယ်ရှိ နေအိမ်အားလုံး မိမိကလေးများကို ကျောင်းသွားအပ်ရမည်ဖြစ်ပြီး ကျောင်းအပ်နှံခြင်း မရှိသည့် နေအိမ်များကို ဖမ်းဆီးအရေးယူကာ ထောင်ချမည်ဟု ဖိအားပေးခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်ဟု ဖားအံမြို့နေ ကျောင်းသားမိဘတစ်ဦးက ယခုလိုပြောသည်။

၎င်းက ” ကျောင်းမထားရင်အရေးယူမယ် ထောင်ချမယ်။ စာရင်းတွေအကုန်လုံးကောက်သွားတယ်။ မဖြစ်မနေ သာထားနေရတာ အကုန်လုံးက CDM တွေလုပ်ထားတယ်လေ။ စာအုပ်တွေတောင်၂၀၁၉ က စာအုပ်တွေ။ ကျောင်းမနေတဲ့လူများတော့ ဒီစာအုပ်တွေကမကုန်ဘူးလေ။ အခုရပ်ကွက်ကျောင်းမှာ အငယ်တန်းတွေလောက်ပဲ လက်ခံတာ။ အရင်နှစ်ကကျောင်းမအပ်ထားတဲ့ အတန်းကြီးတွေဆို အခုပြန်အပ်ရင် မှင်နီတားလိုက်တယ်။ သူတို့ဘက်က ဆရာမတွေမလောက်တော့ ရပ်ကွက်ထဲကမှာ မိဘတွေကို ဆရာမငှားခိုင်းတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှစပြီး ဖားအံမြို့တွင်း ရပ်ကွက်များနှင့်မြို့အနီးဝန်းကျင် ကျေးရွာများတွင် ကျောင်သူ ၊သားများ၏ စာရင်းကို အတိအကျ လိုက်လံကောက်ယူထားပြီး စာသင်ကျောင်းများတွင်လည်း သင်ကြားမည့် ဆရာ ဦးရေမလောက်ငှမှုကြောင့် ရပ်ကွက်ထဲရှိ ကျောင်းသား မိဘများကိုကျောင်းဆရာမငှားရန် ပြောဆိုခဲ့ကြောင်း လည်း အဆိုပါ ကျောင်းသားမိဘက ဆက်ပြောသည်။

ထိုသို့ စစ်ကောင်စီအုပ်ချုပ်ရေးတာဝန်ရှိသူများ၏ ဖိနှိပ်ခြိမ်းခြောက်ခံထားရသလို ယခုလက်ရှိ ဖြစ်ပွားနေသည့် ဗုံးပေါက်ကွဲမှုအခြေအနေများကြောင့်လည်း ၎င်းတို့၏ သားသမီးများအတွက် လုံခြုံရေး စိုးရိမ်မှုရှိကြောင်း အခြားသော ကျောင်းသားမိဘများတစ်ဦးကလည်း ပြောဆိုသည်။

“စိတ်ပူတာရှိတာပေါ့။ ဘယ်အချိန်ဘာဖြစ်မလဲဆိုတာ မမြင်ရဘူးလေ။ ကလေးကိုတော့ တစ်ခုခုဖြစ်တာနဲ့ ကျောင်းအနောက်က ကိုင်းတောထဲကို ဝင်ပြေးလို့တော့ မှာထားတယ်။ အခုက မထားချင်ပဲထားထားရတာ။ ရပ်ကွက်ထဲမှာ နေရောညရော နေနေတယ်။ သူတို့လက်အောက်ထဲမှာနေနေရတော့ သူတို့ လက်ခုပ်ထဲက ရေလိုပဲ။ ကျမတို့က အချုပ်သားကို သွားတွေ့နေရသလိုပဲ တစ်ယောက်မှကျောင်းထဲပေးမဝင်ဘူး “ဟု ၎င်းကျောင်းသားမိဘက ပြောသည်။

ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ကျောင်းများကို ၂၀၂၀ ခုနှစ် ကိုဗစ် ၁၉ ကူးစက်ရောဂါဖြစ်ပွားသည့် အချိန်မှစပြီးရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့သည်။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွား၍ ပညာရေး ဝန်းထမ်းအများအပြားလည်း ငြိမ်းချမ်းစွာ အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ပြုလုပ်ခဲ့သောကြောင့် လက်ရှိ စာသင်ကျောင်းများတွင် ကျောင်းဆရာ / မများ မလုံလောက်မှုနှင့် ကြုံတွေ့ရကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

ကရင်ပြည်နယ် လှိုင်းဘွဲနှင့် ကော့ကရိတ်မြို့နယ်ဘက်တွင်လည်း ကျောင်းသားများ ကျောင်းလာတက်ရန် ကျောင်းသားမိဘများအား စစ်ကောင်စီက အလားတူ ဖိအားပေးခြိမ်းမှုများရှိသည်ဟုလည်း ကျောင်းသားမိဘများထံမှသိရသည်။