Home သတင်း တဲများပျက်စီးမျှောပါခဲ့ပြီးနောက် သေ့ဘောဘိုးစစ်ဘေးရှောင် ၃၀၀ ခန့် နေရာထိုင်ခင်း၊ သောက်သုံးရေနှင့် စားသောက်စရာများ လိုအပ်နေ

တဲများပျက်စီးမျှောပါခဲ့ပြီးနောက် သေ့ဘောဘိုးစစ်ဘေးရှောင် ၃၀၀ ခန့် နေရာထိုင်ခင်း၊ သောက်သုံးရေနှင့် စားသောက်စရာများ လိုအပ်နေ

878

ဇွန်လ ၆ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ယခင်လ မေလကုန်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်း၍ ချောင်းရေများ မြင့်တက်လာပြီး တဲများမြစ်ရေထဲ မျှောပါခဲ့ရပြီးနောက် မြဝတီတောင်ဘက် သောင်ရင်းမြစ်ကမ်းဘေး၊ သေ့ဘောဘိုးစစ်ရှောင်စခန်းတွင် ခိုလှုံနေကြသည့် စစ်ရှောင် လူဦးရေ ၃၀၀ ခန့်သည် နေထိုင်ခင်း၊ သောက်သုံးရေ နှင့် စားသောက်စရာ အခက်အခဲကြုံတွေ့ရပြီး ကူညီပံ့ပိုးမှုလိုအပ်လျက်ရှိသည်ဟု သိရှိရသည်။

တစ်ပိုင်တစ်နိုင်အလှူရှင်များကိုသာ မှီခိုနေကြရသည့်အတွက် မိုးရာသီကြုံတွေ့နေရသည့် အခက်အခဲများအား အကူအညီပေးရေးအဖွဲ့အစည်းများမှ ရေရှည်ကူညီပံပိုးမှုများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင် ကျေးရွာများအား တစ်ပိုင်တစ်နိုင် သွားရောက် ဖြန့်ဝေပေးနေသူများ ပြောစကားအရ သိရသည်။

” တဲတွေပြန်ထိုးဖို့ အမိုးအကာတွေ လိုအပ်နေတယ်၊ မြစ်ရေက နောက်ကျိနေတော့ သောက်ရေသုံးရေရဖို့ ခက်ခဲနေတယ်၊ စားစရာကလည်း ထိုင်းဘက်က တစ်နိုင် ကူလှူပေးနေတဲ့ စျေးအဖွဲ့တွေ၊ စက်ရုံအဖွဲ့တွေကို ချိတ်ဆက် အကူအညီတောင်းပြီး သူတို့လာပို့ လာဝေတာလေးနဲ့စားသောက်နေကြရတယ်၊”ဟု စစ်ဘေးရှောင်များထံ တစ်ပိုင်တစ်နိုင် အကူအညီပေးနေသူက ပြောသည်။

KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေ လေးကေကော် ဒေသတိုက်ပွဲများကြောင့် ဒေါနတောင်အရှေ့ ဘက်အခြမ်း ဝေါလေ၊ ကနဲလေး ဒေသအထိ စစ်ဘေးရှောင်နေရသူ ၁,၅၀၀၀ ခန့်ရှိကြောင်း စစ်ဘေးရှောင်ကူညီနေသည့်အဖွဲ့များ စာရင်းအရ သိရှိရသည်။

အဆိုပါ စစ်ရှောင်များအား KNU -ကရင်အမျိုးသားအစည်းအရုံး၊ NUG-အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်တွင်း‌နေရပ်ရင်း စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာ‌ ကော်မတီ-CIDKP ၊ ကရင်အမျိုးသမီးအစည်းအရုံး -KWO နှင့် အခြားအဖွဲ့အစည်းများက စစ်ဘေးရှောင် အကူအညီများဖြန့်ဝေပေးမှုများရှိခဲ့သည်ဟု သိရှိရသည်။

သို့သော် ဒေသတွင်းနှစ်ဖက်စစ်ရေးတင်းမာနေဆဲ အခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် အခြေအနေကြောင့် စစ်ဘေးရှောင်ကူညီမည့် နိုင်ငံတကာအဖွဲ့အစည်းများသွားလာ ကူညီခွင့် ၊ ကုန်ပစ္စည်း သယ်ဆောင်ခွင့်များ မြန်မာပြည်တွင်းနှင့် ထိုင်းနယ်စပ်နေရာများတွင် အခက်အခဲများရှိနေကြောင်း စစ်ရှောင် ကူညီရေးလုပ်ဆောင်နေသူများက ပြောသည်။