Home သတင်း ဖားအံမြို့ပေါ်တွင် လျှပ်စစ်မီးပုံမှန်မရသောကြောင့် မီးစက်နှင့် Solar ပြားများကိုသာ အားထားနေရ

ဖားအံမြို့ပေါ်တွင် လျှပ်စစ်မီးပုံမှန်မရသောကြောင့် မီးစက်နှင့် Solar ပြားများကိုသာ အားထားနေရ

582

ဇွန်လ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ဖားအံမြို့တွင် လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်ခြင်းကြောင့် မြို့ခံများအနေဖြင့် လျှပ်စစ်မီးအစားထိုး မီးစက်နှင့် Solar(ဆိုလာ)ပြားများကိုသာ အားထားအသုံးပြုနေကြရကြောင်း မြို့ခံများက ပြောသည်။

ယခင် အာဏာသိမ်းမှုမတိုင်ခင် ကာလများတွင် လျှပ်စစ်မီးပြတ်တောက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိ သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့တွင်းမီးရရှိမှု ပိုမိုဆိုးရွားလာသောကြောင့် မြို့ခံများ အနေဖြင့် ၎င်းအစား မီးစက်နှင့် ဆိုလာပြားများကိုသာ ပိုမိုအားထားလာရကြောင်း အမည်မဖော်လို သူ ဖားအံမြို့ခံ တစ်ဦးက ယခုလိုပြောသည်။

၎င်းက”မီးကတော့ တစ်နေကုန်ပဲပျက်တာ။ တခါတလေ မီးမလာတဲ့ရက်တောင်ရှိတယ်။ အဲ့လိုမျိုးဆိုရင် ညဘက်လောက်မှ တအားပူလို့ မီးစက်နိုးဖွင့်တာ။ ဒါတောင်နာရီပိုင်းလောက်ပဲ။ တနေကုန်တော့ ဖွင့်မနိုင်ဘူး။ ဆီစျေးကလည်း စျေးတက်တယ်ဆိုတော့။ နောက်ပြီး အပြင်ထွက်ပြီး ဓာတ်ဆီ လည်း သိပ်မဝယ်ရဲဘူး။ ရဲတွေနဲ့စစ်သားတွေစစ်မှာလည်းကြောက်နေရတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

မီးစက်အသုံးပြုရာတွင်လည်း လက်ရှိနိုင်ငံတစ်ဝှမ်းလောင်စာဆီစျေးနှုန်းများ အဆမတန် မြှင့်တက်နေ သောကြောင့် အခက်အခဲကြုံတွေ့နေကြရသလို လျှပ်စစ်မီးအားထား၍ လုပ်ငန်း လုပ်ကိုင်နေရသူများ အနေဖြင့်လည်း နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် အခက်အခဲကြုံတွေ့ နေကြရသည်ဟု အဆိုပါ မြို့ခံက ဆက်ပြောသည်။

၎င်းအပြင် မီးရရှိရေးအတွက် မီးစက်အသုံးပြုကြသူများက အနည်းငယ်အဆင်ပြေမှုရှိသော်လည်း လက်ရှိ မိုးတွင်းကာလအတွင်း အဆက်မပြတ် မိုးရွာသွန်းမှုများ၊ တိမ်ဖုံးအုပ်မှုများရှိသောကြောင့် နေရောင်ခြည် စွမ်းအင်ရရှိမှု အားနည်းပြီး လျှပ်စစ်မီးရရှိမှုအခက်အခဲရှိကြောင်းလည်း ဆိုလာစနစ်သုံးစွဲသူ ဖားအံမြို့ခံတစ်ဦးက ယခုလိုပြောသည်။


၎င်းက ”မီးကတေ့ာ တစ်နာရီခြား တစ်ခါကို ပျက်နေတာ တနေကုန်လာတယ်လို့ကို မရှိဘူး။ မီးစက်ရှိတဲ့ အိမ်တွေကျတော့ကောင်းတာပေါ့။ မိုးရာသီဆိုပိုဆိုးတယ်။ အခုရက်ပိုင်းမှာက မိုးအုံ့မှိုင်းနေတာနည်းနည်းများတယ်။ အဲ့လိုရက်တွေကျတေ့ာ ဆိုလာက နေရောင်ခြည်မရတော့ဘယ်လိုမှလုပ်မရဘူး။ ဖုန်းအားကလည်းကုန်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ လျှပ်စစ်မီး ပုံမှန်မရရှိခြင်းများကြောင့် မြို့တွင်းနေထိုင်သူများအနေဖြင့် ချက်ပြုတ်စား သောက်ရေးအတွက် အရေးပေါ် ထင်း၊ မီးသွေးများကို ဝယ်ယူနေကြရသလို လက်ရှိတွင်လည်း ဒေသတွင်း အလုပ်အကိုင်အဆင်မပြေမှု အခက်အခဲများကြုံတွေ့လာကြရသောကြောင့် ဝင်ငွေထွက်ငွေ မျှတမှုမရှိသည့် အခက်အခဲများလည်း ကြုံတွေ့နေကြရသည်ဟု မြို့ခံများက ပြောသည်။

အလားတူ မြို့တွင်းသွားလာမှုများကိုလည်း စစ်ကောင်စီ လက်အောက်ခံ ရဲနှင့်စစ်သားအများအပြားက စောင့်ကြပ်စစ်ဆေးခြင်း၊ နိုင်ငံရေးနှင့်သက်ဆိုင်သည်ဟု စွပ်စွဲပြောဆိုကာ ငွေညစ်တောင်းခံခြင်းများ၊ ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်းများလည်း ပြုလုပ်နေသောကြောင့် ဒေသခံ ပြည်သူများအနေဖြင့် အလုပ်အကိုင်အတွက် အပြင်ထွက်သွားလာရာတွင် သွားလာရေးအတွက် လုံခြုံရေးအရ စိုးရိမ်မှုများ ရှိနေကြကြောင်းလည်း ဒေသခံများက ဆိုသည်။