Home သတင်း ဖားအံတွင် ဆိုင်ကယ်တက္ကစီသမားများကို အကြောင်းပြချက်မရှိဘဲ ငွေညစ်တောင်းခံမှုများရှိနေ

ဖားအံတွင် ဆိုင်ကယ်တက္ကစီသမားများကို အကြောင်းပြချက်မရှိဘဲ ငွေညစ်တောင်းခံမှုများရှိနေ

496
Photo: CJ

ဇွန်လ ၂၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့အတွင်းရှိ ဆိုင်ကယ်တက္ကစီသမားများကို မြို့တွင်းလုံခြုံရေးစောင့် စစ်ကောင်စီတပ် ဖွဲ့ဝင်များမှ အကြောင်းမဲ့ စစ်ဆေး ငွေညစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဆိုင်ကယ် တက္ကစီယာဉ်မောင်းသမားများက ကေအိုင်စီသို့ ပြောသည်။

အာဏာသိမ်းမှု နောက်ပြီး ဖားအံမြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ မြို့ဝင်၊ မြို့ထွက်အပြင် မြို့တွင်း အထင် ကရ နေရာများတွင် လုံခြုံရေးအကြောင်းပြ ဂိတ်ချစစ်ဆေးမှုများပြုလုပ်ရာတွင် ဆိုင်ကယ်အငှားယာဉ်မောင်း သမားများ၏ ဖုန်းများ၊ အထုပ်အပိုးများကို စစ်ဆေးရာ၌ နိုင်ငံရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များ စစ်ဆေးတွေ့ရှိခြင်းမရှိသော်လည်း ယာဉ်မောင်သမားများတွင် ပါလာသည့် ငွေကြေးများကို အကြောင်းမဲ့ လုယူ မှုများပြုလုပ်နေကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတစ်ဦးက ယခုလို ပြောသည်။

”လက် ၃ ချောင်းထောင်တဲ့ပုံတွေကိုစစ်တာမဟုတ်ဘူး။ အပြစ်မရှိအပြစ်ရှာတာပေါ့။ လက်ထဲပိုက်ဆံများ နေရင် ဘာလုပ်လို့ပိုက်ဆံများတာလဲ။ ဖုန်းမပါလာရင်ဘာဖြစ်လို့ မယူလာတာလဲ။ ပိုက်ဆံတွေများနေရင် မြင်းဆေး ရောင်းလို့ရတဲ့ပိုက်ဆံတွေလား။ ပြီးရင်ပိုက်ဆံတွေကို သူတို့အကုန်ယူလိုက်ရော။ တစ်ခါတစ်လေ စစ်ဆေးရေး တွေနဲ့ ဆုံတဲ့အခါကျရင်တော့ ခရီးသည်တွေလည်း အနှောင့်အယှက်ဖြစ်တာပေါ့နော်။ သူတို့ပြော ထားတဲ့ ပစ္စည်းတွေစုံရင်တောင်မရဘူး။ အကြောင်းမဲ့ပြဿနာရှာတယ် ငွေညှစ်တာပေါ့ “ဟု သူက ကေအိုင်စီသို့ ပြော သည်။

ထိုသို့ အကြောင်းမဲ့ စစ်ဆေး ငွေညစ်ခံရသောကြောင့် ဆိုင်ကယ်ယာဉ်မောင်း တက္ကစီသမားများအနေဖြင့် စစ်ဆေးရေး ဂိတ်များကို ထိပ်တိုက်တွေ့စေသည့် လမ်းများကို ရှောင်၍ ပတ်မောင်းရကြောင်းနှင့် ၎င်းတို့ သတ်မှတ်ထားသည့် ဆိုင်ကယ်စီးနင်းရမည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါကလည်း ငွေကြေး ၅ သောင်းမှ တစ်သိန်းအထိ ပေးဆောင်ရကြောင်းလည်း အဆိုပါ တက္ကစီသမားက ဆက်ပြောသည်။

ထို့အပြင် တက္ကစီသမားများတွင် ပါလာသည့် ငွေကြေးများကို တောင်းယူသည်သာမက ၎င်းတို့ကိုင်ဆောင်လာသည့် လက်ကိုင်ဖုန်းများ အသစ်ဖြစ်နေလျှင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းပြချက်မရှိဘဲ သိမ်းယူကြောင်းလည်း ဆိုင်ကယ်ယာဉ်မောင်းများက ဆိုသည်။

ထိုသို့ တက္ကစီသမားများအပေါ် ငွေကြေး သိမ်းယူမှုများ၊ ပစ္စည်းသိမ်းယူမှုများ အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြုလုပ်သည့်အပြင် မြို့ခံပြည်သူလူထုများကိုလည်း တရားလက်လွတ်ရိုက်နှက်မှုများ ပြုလုပ်လျက်ရှိနေကြောင်း ရိုက်နှက်မှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူ အခြားမြို့ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “အရင်ရက်က ဒေါ်ထားထားဆေးဆိုင်ရှေ့မှာအဲ့ကောင်လေးဖုန်းထဲမှာ PDF တွေနဲ့ပက်သတ်တဲ့ ပုံတွေ တွေ့တယ်ဆိုပြီး ကောင်လေးတစ်ယောက်ကိုရိုက်သေးတယ်။ အဲ့ကောင်လေးက တော့ဆေးရုံကြီးကိုတင်လိုက်ရ တယ်” ဟုကေအိုင်စီ သို့ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် ဖားအံမြို့အတွင်း ဂိတ်ချစစ်ဆေးရာတွင် အထူးဖြင့် လမ်းဂွအဝိုင်း၊ တက္ကသိုလ်လမ်း၊ ရွှေကင်းရပ်ကွက်၊ မဲဘောင်စျေးတံတားအပြင် ဘုရားဝင်းကြီးရှေ့များတွင် စစ်ဆေး လေ့ရှိ ကြောင်း နှင့် ဖားအံမြို့တွင်းအပြင် အခြားသောမြို့နယ် များတွင်လည်း နိုင်ငံရေးနှင့် ပတ်သက်သည်များကို စစ်ဆေးလေ့ရှိကာ ငွေကြေးမပေးနိုင်သည့် ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ် ကြောင်း ဒေသခံ ပြည်သူများက ဆိုသည်။