Home သတင်း စစ်ကောင်စီထောက်ခံသူက ရွာအတွင်းလက်နက်ကိုင်ဆောင်၍ ကြိမ်းမောင်းဆဲဆိုမှုများကြောင့် ဒေသခံများ စိုးရိမ်ပူပန်နေရ

စစ်ကောင်စီထောက်ခံသူက ရွာအတွင်းလက်နက်ကိုင်ဆောင်၍ ကြိမ်းမောင်းဆဲဆိုမှုများကြောင့် ဒေသခံများ စိုးရိမ်ပူပန်နေရ

829

ဇွန်လ ၂၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြ၀တီမြို့တောင်ဘက် ဖလူးကျေးရွာအုပ်စု မင်းလက်ပံ ကျေးရွာတွင် စစ်ဘေးရှောင်မိသားစုများ ပြန်လည်နေထိုင်စ ပြုလာနေဆဲအချိန်တွင် စစ်ကောင်စီ ထောက်ခံသူတစ်ဦးက ညစဉ် တုတ်၊ ဓါး လက်နက်ကိုင်ဆောင်၍ ဆူပူကြိမ်းမောင်း၊ စိန်ခေါ်ဆဲဆိုမှုများလုပ်ဆောင်သည့်အတွက် စိုးရိမ်ပူပန်နေရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီထောက်ခံသူသည် ကျေးရွာအတွင်း CDM (အာဏာဖီဆန် ရေးလှုပ်ရှားမှုပါဝင်သူ) ၀န်ထမ်းမိသားစုများ နှင့် ဒေသခံရွာသားများအား စာပေးပို့ ခြိမ်းခြောက်ခြင်း ၊ ညစဉ် တုတ်၊ ဓါး လက်နက်ကိုင်ဆောင်၍ ဆဲဆိုကြိမ်းမောင်း စိန်ခေါ်မှုများရှိနေသည့်အတွက် နေရပ်ပြန်လည်နေထိုင်ကြသည့် စစ်ဘေးရှောင်မိသားစုများ အခက်တွေ့နေကြောင်း မင်းလက်ပံကျေးရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

” သူက ရွာမှာရှိတဲ့ ကျန်းမာရေး၀န်ထမ်း၊ ပညာရေး၀န်ထမ်း CDM မိသားစုတွေနဲ့ စစ်တပ်အာဏာသိမ်းတာကို မထောက်ခံ တဲ့သူတွေကို အမြဲစောင်းမြောင်းပြောတယ်၊ CDM မိသားစု အိမ်တွေကို ပစ်စာခြိမ်းခြောက်စာတွေပို့တယ်၊ အဲ့ဒီလိုကနေ အခု တလောမှာ ညဆို တုတ်၊ ဓါးလက်နက်ကိုင်လာပြီး စိန်ခေါ်ဆဲတာတွေပါ လုပ်လာတယ်။ အခုက တိုက်ပွဲအေးနေလို့ ရွာပြန်လာနေကြတဲ့ သူတွေ ပုံမှန်ပြန်မဖြစ်သေးဘူး၊ သူက အခုလိုလုပ်နေတာတွေကြောင့် သီးမခံနိုင်တဲ့ အိမ်သား၊ ရွာသားတွေနဲ့ ခိုက်ရန်ဖြစ်ကြရင် ဘယ်သူမှ ထိန်းမယ့်သူ၊ အရေးယူမယ့်သူမရှိဘူးဖြစ်နေတယ်။”ဟု ပြောသည်။


ထိုသူသည် စစ်ကောင်စီတပ်ကျောထောက်နောက်ခံပြု၍ ကျေးရွာထဲတွင် ချဲ ၊ နှစ်လုံးနှင့် ဘောလုံးပွဲစသည့် လောင်းကစားအလုပ်များကို ဒိုင်အဖြစ်လုပ်ကိုင်နေသူဖြစ်သည်ဟုလည်း ၎င်းကျေးရွာသားက ဖြည့်စွက်ပြောဆိုသည်။

ဖလူးဒေသကျေးရွာများဘက်တွင် လတ်တလော စစ်ကောင်စီတပ် ၊ နယ်ခြားစောင့်တပ်-BGF နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဘက်တိုက်ပွဲများ ငြိမ်သက်နေပြီး စစ်ကောင်စီတပ်နှင့် BGF တပ်များမှာ မေတ္တာလင်းမြိုင်၊ မယ်ထော်သလေး၊ ဖလူးကြီး၊ ထီးမယ်ဝါးခီး၊ လေးကေကော်နှင့် လက်ခတ်တောင် ဘုရာကုန်းနေရာများတွင် ဝင်ရောက်တပ်စွဲထားဆဲဖြစ်သည်။

စစ်ဘေးရှောင်များ နေရပ်ပြန်လည်နေထိုင်လုပ်ကိုင်စားသောက်၊ ပညာသင်ကြားမှုများ လုပ်ဆောင်ကြရန် BGF တပ်ဖွဲ့ ခေါင်းဆောင်များ ပြောဆိုထားသည့် အခြေအနေအရ ဒေသခံကျေးရွာသားများ ပြန်လည်နေထိုင်စ ပြုလာသည့်အချိန်တွင် စစ်ကောင်စီကျောထောက်နောက်ခံပြု၍ လောင်းကစားဒိုင်လုပ်ကိုင်နေသူက ယခုလို ရပ်ရွာအတွင်း ဆူပူခြိမ်းခြောက်မှုများ လုပ်ဆောင်ခြင်းအပေါ် ဟန့်တားအရေးယူပေးရန် ကျေးရွာသားများက လိုလားနေကြသည်။