Home သတင်း မီတာခမဆောင်သောနေအိမ်များကို တရားစွဲမှုပြုလုပ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

မီတာခမဆောင်သောနေအိမ်များကို တရားစွဲမှုပြုလုပ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

883

ဇွန်လ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီနှင့် ဖားအံမြို့ပေါ်ရှိ နေအိမ်များနှင့်နေအိမ်တန်းလျားနေရာများတွင် လျှပ်စစ် မီတာခမဆောင်ပါက တရားစွဲဆိုမှုများပြုလုပ်မည်ဟု အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုနေကြောင်း မြို့ပေါ်နေဒေသခံများက ပြောသည်။

လက်ရှိတွင် မြဝတီမြို့ နှင့်ဖားအံမြို့ပေါ်ဒေသများတွင် လျှပ်စစ်မီးရရှိမှုမမှန်သော်လည်း မီတာခများကိုတိုး၍ ပေးဆောင်နေကြရပြီး မီတာခမဆောင်ပါက နေထိုင်သောနေအိမ်များကို မီးဖြတ်တောက်ပြီး နိုင်ငံတော်အကြည် ညိုပျက်စေမှုနှင့်တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း မြဝတီမြို့ခံတစ်ဦးက ယခုလို ပြောသည်။

”အရင်ကဆိုရင် တစ်ယူနစ်ကို ၁၅၀နဲ့ ၁၈၀ အဲ့လောက်ပဲ ပေးနေရတာ ။ အခုကကျတေ့ာတစ်ယူနစ်ကို ၂၅၀ ပေးရတယ်။ ဒါတောင်တရက်နောက်ကျရင်ဒဏ်ကြေးအဖြစ် ၁၀၀၀ ပေးရတယ်။ သူတို့ကို မီတာမဆောင်ရင် အခုမီးဖြတ်မယ်။ မီးဖြတ်ပြီးတာတောင်မကဘူး၊ မီတာမဆောင်ရင် မီတာသိမ်းပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့တရားစွဲမယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အခုလိုခြိမ်းခြောက်ပြောဆိုမှုများကြောင့် မီးရရှိမှု မမှန်သော်လည်း မြဝတီမြို့နေ ပြည်သူများအနေဖြင့် တစ်လ တစ်ကြိမ် မီတာခများကို ပေးဆောင်နေကြရပြီး အလားတူ ကရင်ပြည်နယ်အတွင်းရှိ ဖားအံမြို့တွင်လည်း မီတာခ များကို အဆမတန်ပေးဆောင်နေကြရကြောင်း မြို့ခံများက ပြောသည်။

ဖားအံမြို့ခံတစ်ဦးက ”မအလက ဒီလောက်စိုးမိုးနေတာ ဘယ်သူကပေးချင်မှာလဲ၊ အခုတောင် မီတာ မဆောင်လို့ဆိုပြီး အိမ်မှာရှိတဲ့ မီတာပုံးတွေလိုက်သိမ်းပြီး တရားစွဲမယ်လုပ်နေလို့ မီတာကို ပြန်ဆောင် နေကြရတာ။ တကယ်လို့ ကိုယ်ကသွားဆောင်ရင်လည်း မနှစ်ကအကြွေးတွေပြန် တောင်း တယ်။ အဲ့လိုတောင်းလို့မပေးရင်မီးဖြတ်တယ်။ ကျနော်တို့ဆို (၂)သိန်း ကျော်လောက်ထိတယ်။ တချို့တွေဆို (၅)သိန်းအထိ ရှိတယ်။ အဲ့တာတောင်မပြီးသေးဘူး။ ဒဏ်ကြေးလည်းဆောင်ရသေးတယ်။ အခုက မီတာကြေးပေးလို့ မီးပြန်ရတာ။ နောက်မဟုတ်ရင် မီတာပုံးသိမ်းခံမိပြီး တကယ်မလွယ်ဘူး” ဟု ပြောသည်။

အလားတူ မြန်မာတစ်နိုင်လုံးအတိုင်းအတာအနေဖြင့် လျှပ်စစ်မီတာခ တိုးကောက်မှုများရှိနေသလို လျှပ်စစ်မီး ပုံမှန်မရရှိကြသောကြောင့် လျှပ်စစ်မီးအသုံးပြုနေရသည့် မြို့ခံများအနေဖြင့် လျှပ်စစ်မီးအစားထိုး မီးစက်နှင့် Solar(ဆိုလာ)ပြားများကို ပိုမိုအားထား အသုံးပြုလာကြရကြောင်းလည်း မြို့ခံများက ဆိုသည်။