Home သတင်း လေးကေကော်ဒေသရှိ ပျံကျရွှေ့ပြောင်းလုပ်သား မိသားစု ၁၀၀ ခန့် နေရာထိုင်ခင်းနှင့် စားသောက်စရာ အခက်အခဲဖြစ်နေ

လေးကေကော်ဒေသရှိ ပျံကျရွှေ့ပြောင်းလုပ်သား မိသားစု ၁၀၀ ခန့် နေရာထိုင်ခင်းနှင့် စားသောက်စရာ အခက်အခဲဖြစ်နေ

432

ဇွန်လ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြ၀တီမြို့တောင်ဘက် လေးကေကော်ဒေသ ဖလူးကျေးနယ်အပိုင် မင်းလက်ပံကျေးရွာရှိ ဒေသအတွင်း တောင်ယာပျံကျ လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းလုပ်သားမိသားစု ၁၀၀ ခန့်မှာ လက်ရှိတွင် နေရာထိုင်ခင်းနှင့် စားသောက်စရာ အခက်အခဲဖြစ်နေသည်ဟု သိရသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲများကြောင့် ဒေသအတွင်း တောင်ယာပျံကျ လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းလုပ်သားမိသားစု ၁၀၀ခန့်လည်း သောင်ရင်းမြစ်ဘေးနေရာတွင် ဒေသခံရွာသားများနှင့်အတူ သွားရောက်တိမ်းရှောင်ခဲ့ကြရသည်။

ပြီးခဲ့သည့် မေလအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့် သောင်ရင်းမြစ်ကမ်းဘေးနေရာမှ ယခုမင်းလက်ပံကျေးရွာ ဘုရားကုန်းအနီး ယာယီ ရွှေ့ပြောင်းနေထိုင်ကြရာတွင် နေရာထိုင်ခင်းနှင့် စားသောက်စရာအကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများ ပြောစကားအရ သိရသည်။

” တိုက်ပွဲတွေ ကြောင့်အလုပ်အကိုင်မရှိ ၊ နေစရာမရှိ၊ စားစရာ မရှိ ၊ စာသင်စရာမရှိ ၊ ဆေးကုစရာမရှိ ဖြစ်နေတာ မိသားစု ၁၀၀ လောက်ရှိနေတယ်၊ လူအရေအတွက်ဆို ကလေးလူကြီး ၃၀၀ လောက် ဒုက္ခရောက်နေကြတယ်။
အခု မင်းလက်ပံဘုရားကုန်းမှာ တာလပတ်တဲတွေထိုးပြီး နေနေကြရတယ်၊ သူတို့ရပ်ရွာလည်း ပြန်လို့မရ၊ ဒီမှာ လည်း နေလို့၊ ထိုင်လို့ လုပ်ကိုင်စားလို့ မရဖြစ်ပြီး ဒုက္ခတွေရောက်နေကြတဲ့အပေါ် ကူညီတဲ့သူတွေ သိပြီး သူတို့ အတွက် အကူအညီရစေချင်တယ်”ဟု ၎င်းပျံကျ အလုပ်သမားမိသားစုများအား အကူအညီပေးနေသူက ပြောသည်။

အဆိုပါ ပျံကျ အလုပ်သမားမိသားစုများမှာ အောက်မြန်မာပြည်၊ ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ စစ်တောင်း နှင့် မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာ၀တီတိုင်းဘက်မှ ရွှေ့ပြောင်းလာရောက်ပြီး ခါရာသီပေါ် တောင်ယာစိုက်ပျိုးရေးအလုပ်သမားများအဖြစ် ထိုင်း-မြန်မာနယ်စပ်ဒေသတွင် ရွှေ့ပြောင်းနေထိုင်လုပ်ကိုင် ကြသူများဖြစ်ကြသည်။

ယခင်နှစ် ဒီဇင်ဘာလက စတင်ဖြစ်ပွားသည့် ဒေသတွင်းတိုက်ပွဲများနှင့် စစ်ရေးတင်းမာနေသည့် ကာလအတွင်း စိုက်ပျိုးသူ မရှိ၊ တောင်ယာအလုပ်မရှိသည့်အခြေအနေတွင် နေရပ်ပြန်ရန်အတွက်လည်း လမ်းခရီးစရိတ် မရှိ ၊ ကျန်းမာရေးထောက်ခံချက်၊ မှတ်ပုံတင်သန်းခေါင်စာရင်း အချက်အလက်များ ပြည့်စုံစွာမရှိသည့်အတွက် အခက် အခဲများကြုံတွေ့နေကြရကြောင်းလည်း မင်းလက်ပံကျေးရွာ ဘုရားကုန်းတွင် စုဖွဲ့နေထိုင်နေရသည့် ပျံကျအလုပ်သမား မိသားစုများထံမှ သိရသည်။