Home သတင်း စစ်ကောင်စီတပ် ကျေးရွာထဲလက်နက်ကြီးပစ်ခတ်သောကြောင့် ဝီယော်ဒေသခံ ၃,၀၀၀ ကျော် တိမ်းရှောင်နေရ

စစ်ကောင်စီတပ် ကျေးရွာထဲလက်နက်ကြီးပစ်ခတ်သောကြောင့် ဝီယော်ဒေသခံ ၃,၀၀၀ ကျော် တိမ်းရှောင်နေရ

727

ဇွန်လ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်မျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁)နယ်မြေ၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာ တပ်စခန်းရှိ စစ်ကောင်စီတပ် ခမရ အမှတ်(၉)တပ်ရင်းက ဇွန်လ ၁ ရက်နေ့မှစတင်၍ ကျေးရွာထဲ လက်နက်ကြီး နှင့် အဆက်မပြတ်ပစ်ခတ်မှုလုပ်ဆောင်သည့်အတွက် ဒေသခံရွာသား ၃,၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီ လက်နက်ကြီးရန်ကြောင့် ဝီယော်ကျေးနယ်ရှိ ဝီယော်ကျေးရွာ၊ သုံးအိမ်စုကျေးရွာ၊ ထုံးဘိုလေးကျေးရွာနှင့် ထုံးဘိုကြီးကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသခံရွာသားများမှာ လက်ရှိတွင် နေရာထိုင်ခင်း အခက်အခဲအပြင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေသည်ဟု ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ကေအဲန်ယူ သထုံခရိုင်က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ (၁)ရက်နေ့တွင် KNU သထုံခရိုင် နယ်မြေထဲ ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်(၂)ဦးကို KNLA တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရှိရသည် ။

ထိုဖမ်းဆီးထိန်းသိမ်းထားသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်(၂)ဦးကို ပြန်လွှတ်ပေးခြင်းမရှိပါက ထုံးဘိုးကြီးနှင့် ထုံးဘိုလေးကျေးရွာကို ဖျက်ဆီးပစ်မည်ဟု ခမရ အမှတ်(၉) စစ်ကောင်စီတပ်ရင်းမှူးက ဒေသခံများမှ တစ်ဆင့် ခြိမ်းခြောက်ပြောဆိုပြီးနောက် ယခုလို ကျေးရွာထဲသို့ လက်နက်ကြီးနှင့် နေ့စဉ်ပစ်ခတ်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု သထုံခရိုင်တာဝန်ရှိတစ်ဦးက ပြောသည်။

၎င်းက “ သူတို့တပ်ဖွဲ့ဝင်၂ ဦးကို ပြန်မလွှတ်ပေးရင် ရွာကို မီးရှို့ဖျက်ဆီးမယ်ဆိုပြီး သူတို့ တပ်မှူးက ရွာသားကနေ တစ်ဆင့် ခြိမ်းခြောက်တဲ့နောက်မှာ နေ့တိုင်းရွာထဲကို လက်နက်ကြီးနဲ့ပစ်တယ်။ ကျနော်တို့အဖွဲ့ဖမ်းထားတဲ့ သူတို့ တပ်ဖွဲ့ဝင်(၂)ဦးကလည်း လေးကေနဲ့ဝင်းတာပန်စခန်းကိုတက်ဖို့ အရပ်ဝတ်နဲ့ လမ်းလာစုံစမ်းတာဖြစ်တယ်။ အဲဒီလမ်းက ကျနော်တို့ပိတ်ထားတာကို သူတို့က ရအောင်လာမယ်။ သူတို့လမ်းရှင်းဖို့ လက်နက်ကြီးနဲ့ နေ့တိုင်းပစ်တယ်။ မြေပြင်မရရင်လေယာဉ်အသုံးပြုပြီးလာမယ်၊ လေယာဉ်နဲ့ ၂ ကြိမ်လာထောက်လှန်း တာရှိတယ်”ဟု ပြောသည်။

လတ်တလောတွင် လေးကေနှင့် ဝင်းတာပန်စခန်းရှိ စစ်ကောင်စီတပ်များသည် ရိက္ခာပြတ်လပ်နေ ပြီးဖြစ်သောကြောင့် မိုးရာသီအတွက် ရိက္ခာပို့ဆောင်နိုင်ရန် စစ်ကောင်စီတပ်ဘက်မှ နည်းလမ်းပေါင်းစုံ ကြိုးပမ်းလုပ်ဆောင်လာခြင်းဖြစ်သည်ဟု KNU ဘက်က ပြောသည်။

ယခုလ ဇွန်လ ၂ ရက်နေ့တွင်လည်း ပိန္နဲတော၊ လေးကေနှင့် ဝင်တာပန်စခန်းအတွက် ရိက္ခာပို့ဆောင်ပေးရန် တပ် အင်အား ၁၀၀ ကျော်ဖြင့် တက်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား လမ်းတွင် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် စစ်ကောင်စီတပ်ဘက်မှ (၆) ဦးသေဆုံးသွားပြီး (၅)ဦးဒဏ်ရာရရှိခဲ့သည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၎င်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝီယော်ရွာရှိ ခမရ အမှတ်(၉) စခန်းတွင် ပြန်လည်နောက်ဆုတ်ခဲ့ပြီး ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရက်ဆက် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ကေအဲန်ယူဘက်က သတင်းထုတ်ပြန်ထားသည်။