Home သတင်း နိုင်ငံရေးမတည်ငြိမ်မှုကာလအတွင်း မြင့်တက်လာသည့် ဓာတ်ဆီ၊ ကုန်စျေးနူန်းများကြောင့် ပြည်သူများပိုမို ခက်ခဲလာ

နိုင်ငံရေးမတည်ငြိမ်မှုကာလအတွင်း မြင့်တက်လာသည့် ဓာတ်ဆီ၊ ကုန်စျေးနူန်းများကြောင့် ပြည်သူများပိုမို ခက်ခဲလာ

1004
Photo: ကေအိုင်စီ၊ ပုံဟောင်း

ဇွန်လ ၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်းမှုများကြောင့် ဓာတ်ဆီဈေးနှင့် အခြေခံ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာ၍ ပြည်သူများ အခက်အခဲ ပိုမိုကြုံတွေ့လာရကြောင်း အခြေခံ စားသုံးကုန် ရောင်းချနေကြသည့် ကုန်စုံဆိုင်ပိုင်ရှင်များနှင့် အငှားယာဉ်မောင်းများက ပြောသည်။

အာဏာသိမ်းကာလအလွန် ကုန်ဈေးနှုန်းများသည် အတက်သာရှိပြီး အကျမရှိတော့သောကြောင့် အရောင်း အဝယ်ပြုလုပ်ရန် ပိုမိုခက်ခဲလာကြောင်း ဖားအံမြို့နေ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။

“ဈေးကတော့ အရင်တုန်းက တက်လိုက်ကျလိုက်ပဲ။ အာဏာသိမ်းပြီးနောက် ပိုင်းကျတော့ အတက်ပဲရှိတာ။ ကျတယ်ဆိုတာ ရှားတယ်။ အရင်နှစ်တွေဆို သင်္ကြန်ဆို တက်တယ်ပိတ်ရက်ကြောင့်။ ပြီးရင် ပြန်ကျသွားတာ။ ခုကျ ဈေးကျတဲ့ပစ္စည်းမရှိသလောက်ပဲ။ အသံတစ်ခုခု ကြားတယ်။ လမ်းပိတ်မယ် ဘာညာဆို ဈေးတက်ပြီ၊ ပြီးရင် ပြန်မကျတော့ဘူး”ဟု သူက ပြောသည်။

လက်ရှိ စားသုံးဆီ ၁၀ ပိဿာတစ်ပုံးလျှင် ခုနစ်သောင်းကျော် စျေးပေါက်နေပြီး ပေါ်ဆန်းမွှေးပြည် ၂၀ ဆန်တစ်အိတ်ကို လေးသောင်းခွဲနှင့် ၂၄ ပြည်တစ်အိတ်ကို သုံးသောင်းကျော် ဝန်းကျင်ရှိကြောင်းနှင့် ကျန် ငရုတ်သီးနှင့် ကြက်သွန်ဈေးများလည်း ပုံမှန်ထက် နှစ်ဆခန့် တက်လာကြောင်း အဆိုပါ ကုန်စုံပိုင်ရှင်က ဆက်ပြောသည်။

အလားတူ ကရင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့်လည်း ကုန်စည်စီးဆင်းမှု ရပ်တန့်နေပြီး တိုက်ပွဲများကြောင့် လမ်းပိတ်ဆို့မှုများရှိသလို စက်သုံးဆီ စျေးနှုန်းများလည်း အဆမတန် ကြီးမြင့်လာမှုကြောင့် ကားထွက်ရမည့်နေ့ကို အခြေအနေကြည့်ပြီး သွားလာနေရကြောင်း မြဝတီ-ဖားအံလမ်းကြောင်းကို အငှားယာဉ်ကားပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

၎င်းက “ဆီဈေးနှုန်းကတော့ တကယ်ကိုစိတ်ပျက်စရာကောင်းတဲ့အခြေအနေပဲ။ ဆီဈေးနှုန်းကတော့ တက်ပြီးပြန် မကျတော့ဘူး။ အခုဆို ဓာတ်ဆီက ၂၀၀၀ ကျော်။ ကားမောင်းရတာလည်း အဆင်မပြေဘူး။ ခရီးသွားလာတဲ့သူ တွေကလည်း တော်တော်လေးကို ကြောက်နေကြတယ်။ တစ်ခါတစ်လေ တိုက်ပွဲဖြစ်နေတာနဲ့လည်း ကြုံရတယ်။ တကယ်လို့ ကိုယ်သွားတဲ့ အချိန်တောင်မှ အခုဆိုရင် ရပ်ကြည့်သွားတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့။ အခြေအနေ ကိုလည်း ကြည့်ရတယ်။ သွားလည်းသွားနေရတာဆိုတော့။ စျေးနှုန်းကတော့ သူအဆင်ပြေ၊ ကိုယ်အဆင်ပြေ ကြည့်ယူရတာပေါ့။ ဒီအချိန်မှာ ဘယ်သူမှအဆင်မပြေကြဘူးလေ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသေးသောကြောင့် ခရီးသွားလာသူများ ရှားပါးနေပြီး ကုန်ပစ္စည်းသယ်ဆောင်ရာတွင်လည်း ပစ္စည်းများပျက်စီးမှုများဖြစ်ပေါ်မည်စိုးသောကြောင့် ကားထွက် ရမည့် နေ့ကို အခြေအနေကြည့်၍ သွားလာနေရသလို ဓာတ်ဆီဈေးတက်လာမှုကြောင့် ပစ္စည်းသယ်ယူပို့ဆောင် ရေးနှင့် ခရီးသည်တင်ဆောင်ခအတွက် ယခင်စျေးနှုန်းထက် တိုးယူနေရကြောင်းလည်း မြ၀တီ−ဖားအံ ယာဉ်မောင်းသမားများက ပြောသည်။

ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုကြောင့် နေ့စဉ် လက်လုပ်လက်စားသမားများအတွက် အဆင်မပြေ မှုများ ပိုကြီးမားလာနေသလို မြ၀တီ−ဖားအံယာဉ်မောင်းသမားများလည်း ဓာတ်ဆီ ဈေးနှုန်းတက်မြင့်တက်မှုနှင့် လမ်းမကြီးများတွင် တိုက်ပွဲများဖြစ်နေသောကြောင့် ယခင်လို ဝင်ငွေပုံမှန် မရှိကြသဖြင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေရကြောင်းလည်း အငှားယာဉ်မောင်းသမားများက ဆိုသည်။

ကရင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်အာရှ လမ်းသစ် တွင် ပြီးခဲ့သည့် လအနည်းငယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်အကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်။