Home သတင်း လောင်းကိုင် ဒူးရင်းသီးပွဲတော် ပြန်လည်စည်ကားလာ

လောင်းကိုင် ဒူးရင်းသီးပွဲတော် ပြန်လည်စည်ကားလာ

955

ဇွန်လ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် (ကျုံဒိုးမြို့နယ်)၊ လောင်းကိုင်ကျေးရွာတွင် နှစ်စဉ်ကျင်းပသည့် ဒေသတွင်း ဒူးရင်းသီးပွဲတော်ကို ယမန်နေ့ ဇွန်လ ၆ ရက်နေ့တွင် ကျင်းပခဲ့ရာမှာ လူထုထောင်ချီလာရောက်ဆင်နွှဲခဲ့ကြ၍ ပြန်လည်စည်ကားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

လောင်ကိုင်ကျေးရွာအုပ်စုထဲရှိ လောင်းကိုင်၊ ကမော့ကသူ၊ နောင်တလာ၊ မိထလန်းနိုင်နှင့် ကော့ဖောင်းရွာတို့မှ ခြံထွက်သီးနှံထွက်များသည့်အချိန်တွင် နှစ်စဉ်သစ်သီးဆွမ်းကပ်အလှူပွဲတော်ကျင်းပလာခဲ့ရာ ယခင်နှစ်က Covid ကပ်ရောဂါအခြေအနေနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ပွဲတော်ကို လာရောက်သူနည်းပြီး ယခုနှစ်မှသာ ပြန်လည် စည်ကားလာခြင်းဖြစ်သည်ဟု ပွဲတော်ကို ဦးဆောင်ကျင်းပသူ တစ်ဦးက ပြောသည်။

သူက “သစ်သီးဆွမ်းက နှစ်တိုင်းကျင်းပတယ်။ ဒီနှစ်ကနှစ် (၅၀) မြောက်ဆိုတော့စိန်ရတုပေါ့။ အသီးပေါ်တဲ့ အချိန်မှာ အနယ်နယ်အရပ်ရပ်က ဘုန်းကြီးကျောင်းတွေကိုပင့်ပြီး နှစ်တိုင်းသစ်သီးဆွမ်းကပ်လှူတာ။ ဆွမ်းကပ်ပြီးရင် လာတဲ့လူတွေအားလုံးကိုကျွေးတာ။ ဒီနှစ်လည်း ဒေသမတည်ငြိမ်ဘူးဆိုတော့ လူတွေကို ဖိတ်တာမရှိဘူး ။ အကျဉ်းလောက်ပဲ ကျင်းပတယ်။ လူဒီလောက်မများဘူးထင်ထားဘူး။ အခုက လာတာများလွန်းတော့ အသီးတွေတောင် မလောက်ငှဘူး”ဟု ပြောသည်။

ယခုနှစ် ဒူးရင်းသီး၊ သစ်သီးဆွမ်းပွဲတော်တွင် လောင်းကိုင်း(၅)ရွာမှ ဒေသခံ ရွာသားများက ဒူးရင်းသီး အလုံးပေါင်း ၃၀၀၀ ကျော်အပြင် မီးကွတ်သီး၊ ကြက်မောက်သီး၊ နာနတ်သီး၊ ရေငန်းသီးနှင့် ကနစိုးသီး စသည့် အခြားခြံ ထွက်သီးနှံများကိုလည်း ပါဝင်လှူဒါန်းကာ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် ဧည့်သည်များကို သစ်သီးနှင့် ထမင်းများကိုလည်း ကျွေးမွေးဧည့်ခံခဲ့ကြသည်ဟု ဒေသခံထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ကျင်းပသော လောင်းကိုင် ဒူးရင်းသီးပွဲတော်ကို လောင်းကိုင်ကျေးရွာအုပ်စုရှိ ရွာ(၅)ရွာအပြင် ထိုဒေသအတွင်း ဒူးရင်းသီးအထွက်များသည့် တောင်ကြာအင်း၊ ဖားကျနှင့် သမိန်ဒွတ်ကျေးရွာ များမှ ဒေသခံများလည်း ပါဝင်စုပေါင်းလှူဒါန်းကာ တိုင်းနှင့် ပြည်နယ်အသီးသီးမှ သောင်းချီသော လူထုများနှင့် ပြည်ပဧည့်သည်အချို့က လာရောက်ဆင်နွှဲသဖြင့် လူသိများလာခဲ့သည်။

ဒူးရင်းသီး ပွဲတော်ကျင်းပသည့် လောင်းကိုင်ဒေသသည် ကရင်ပြည်နယ်တွင် ဒူးရင်းသီးအထွက်များသည့် ဒေသတစ်ခုထဲတွင် ပါဝင်သလို မောဒေးတောင်တန်းကို အမှီပြု၍ တောင်ခြေတစ်လျှောက် ကျေးရွာများရှိ ဒေသခံလူထုများသည် ဒူးရင်းသီး၊ မီးကွတ်သီး၊ ကွမ်းသီး၊ ငရုတ်ကောင်းများစိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုကြသည်ဟု သိရသည်။