Home သတင်း ထုံးဘိုလေးရွာ မီးရှို့ခံရစဉ် အမျိုးသမီးအပါအဝင် အရပ်သား (၅)ဦးထက်မနည်း သတ်ဖြတ်ခံရပြီး ၇,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ရ

ထုံးဘိုလေးရွာ မီးရှို့ခံရစဉ် အမျိုးသမီးအပါအဝင် အရပ်သား (၅)ဦးထက်မနည်း သတ်ဖြတ်ခံရပြီး ၇,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ရ

293
Photo: ဒေသခံ

ဇွန်လ ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်တပ်မဟာ(၁)နယ်မြေ၊ သထုံမြို့နယ်ရှိ ထုံးဘိုလေး ကျေးရွာကို ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့စဉ် အမျိုးသမီးအပါအဝင် အရပ်သား (၅)ဦး ထက်မနည်းသတ်ဖြတ်သွားကာ ဒေသခံ ၇,၀၀၀ နီးပါးလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF ယူနီဖောင်းဝတ်ထားသူများအပါအဝင် အင်အား ၃၀၀ ခန့်သည် ယမန်နေ့ညနေပိုင်းတွင် ထုံးဘိုလေးကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာရှိ သာသနာ့ အဆောက်အဦးဘုန်းကြီးကျောင်းနှင့် ဒေသခံလူနေအိမ်များကို မီးရှို့ဖျက်ဆီးသည့်အပြင် ဒေသခံအမျိုး သမီး(၂)ဦးနှင့် အမျိုးသား (၃)ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်သွားခဲ့သည်ဟု ထွက်ပြေးတိမ်း ရှောင်နေရသည့် ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

“ညနေ(၄)နာရီမှာ ရွာကိုမီးရှို့တယ်။ နောက်ပြီးဘုန်းကြီးကျောင်းလည်းပါတယ်။ သူတို့ထဲမှာ BGF လည်းပါတယ်။ ရွာမှာကျန်တဲ့လူတွေကိုလည်း သတ်တယ်။ ညှင်းပမ်းနှိပ်စက်ပြီးသတ်တယ်။ အသတ်ခံရတဲ့အထဲမှာ အပျိုမိန်းကလေးလည်း ပါတယ်။ အိမ်ထောင်ရှိသူတွေလည်း ပါတယ်။ တက်လာပြီး ရွာကိုတန်းပြီးမီးရှို့တာပဲ။ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့အထဲမှာ ၁၀၀ကျော် မီးရှို့ခံရတယ်။” ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီစစ်ကြောင်း ထိုးတက်လာစဉ် နယ်မြေခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်နှင့်လည်း ပစ်ခတ်မှု ဖြစ်ပွားမှုရှိခဲ့ပြီး လက်ရှိအချိန်တွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထုံးဘိုလေးကျေးရွာတွင် တပ်စွဲထားဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကျေးရွာမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်မှာ ဝီယော်စခန်းမှ တက်လာသည့် ခြေမြန်တပ်ရင်း-ခမရ(၉)ဖြစ်ပြီး တပ်အင်အားအလုံးအရင်းဖြင့် တက်လာကာ ရွာကိုမီးရှို့သွားသည့်အတွက် ထုံးဘိုလေးဒေသခံအပြင် ထုံးဘိုကြီး ၊ ကော့လှိုင်းနှင့် ဝီယော်ကျေးရွာများရှိ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ ၇၀၀၀ ခန့်သည် အချို့မှာ နီးစပ်ရာ သထုံ၊ ကျိုက်ကော်နှင့် ကျိုက်ထိုမြို့များဘက်သို့ သွားရောက်တိမ်းရှောင်သူရရှိသလို နီးစပ်ရာကျေးရွာနှင့် တောတောင်များထဲတွင် သွားရောက်တိမ်းရှောင်နေရသူရှိသည့်အတွက် နေရာထိုင်ခင်း၊ စားသောက်ဖွယ်ရာများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၁)ရက်နေ့တွင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲသို့ အရပ်ဝတ်နှင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးကို KNU က ဖမ်းဆီးခဲ့ပြီး ၎င်းဖမ်းဆီးခံရသည့် တပ်ဖွဲ့ဝင်(၂)ဦးကို ပြန်လွှတ် ပေးခြင်းမရှိပါက ထုံးဘိုလေးနှင့် ထုံးဘိုကြီးကျေးရွာကို ပစ်ခတ်ဖျက်ဆီးပစ်မည်ဟု ၎င်းစစ်ကောင်စီတပ် ခမရ (၉) တပ်ရင်းမှူးက ခြိမ်းခြောက်ပြောဆိုမှုရှိခဲ့သည်ဟု KNU က သတင်းထုတ်ပြန်ထားသည်။

ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်များ ပိုမိုဝင်ရောက်လှုပ်ရှားလာသည့်အတွက် နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်လိုလို ပစ်ခတ်မှုဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်ဘက်မှ ကျေးရွာများထဲသို့ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့တွင်လည်း ဘီးလင်းမြို့နယ် စစ်ကောင်စီ နတ်ကြီးစခန်းမှ အစူးချောင်းကျေးရွာထဲကို လက်နက်ကြီးနှင့်ပတ်ခတ်သည့်အတွက် အသက် ၁ နှစ်အရွယ်ကလေးငယ်နှင့် အသက် ၂၅ နှစ်အရွယ် ကလေးမိခင်ဖြစ်သူတို့ လက်နက်ကျည်ထိမှန်သေဆုံးခဲ့ရသေးသည်။