Home သတင်း ဝေါလေ-ဥကရစ်ထ စစ်ကောင်စစ်စခန်းတိုက်ပွဲကြောင့် အရပ်သား ၃၀၀ ခန့် ပိတ်မိနေ

ဝေါလေ-ဥကရစ်ထ စစ်ကောင်စစ်စခန်းတိုက်ပွဲကြောင့် အရပ်သား ၃၀၀ ခန့် ပိတ်မိနေ

1103

ဇွန်လ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ဘက်ရှိ ဥကရစ်ထ စစ်ကောင်စီစစ်ဆင်ရေးခြေကုတ်စခန်း တိုက်ပွဲကြောင့် ဝေါလေ မြို့နယ်ခွဲ ရပ်ကွက်နေပြည်သူ ၃၀၀ ၀န်းကျင်ခန့်သည် နေအိမ်ကတုတ်ကျင်းများအတွင်း ပိတ်မိခိုလှုံနေကြရသည်ဟု ဒေသခံများက ပြောသည်။

ဝေါလေမြိုင် မြို့နယ်ခွဲ အမှတ် -၂ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ” ဝေါလေ အမှတ် ၂ ရပ်ကွက်၊ ဂျပန်၀င်းလို့ ခေါ်တဲ့ ဂျပန်တွေဆောက်ပေးတဲ့ ငြိမ်းချမ်းရေးအိမ်ယာ၀င်းဘက်မှာ ရပ်ကွက်သားတွေ ၃၀၀ လောက် ပိတ်မိနေတယ်။ တခြားရပ်ကွက်အပိုင်းတွေလည်း လက်နက်ကြီး ကျမှာကြောက်လို့ မြေကတုတ်တွေထဲနေနေကြတယ်”ဟု ပြောသည်။

ယနေ့ နံနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်များဘက်မှ ဥကရစ်ထ စစ်ကောင်စစ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နေသည့် တိုက်ပွဲတွင် ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး အဆိုပါ စခန်းကုန်းဘက်သို့ စစ်ကောင်စီ ဝေါလေဗျူဟာကုန်းနှင့် ထီးသဲဘလယ် လက်နက်ကြီးကုန်းတို့မှ လက်နက်ကြီးများပစ်ခတ်ခြင်းတို့ လုပ်ဆောင်နေဆဲဖြစ်သည်။

ထိုတိုက်ပွဲဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံ ဝေါလေဘက်အခြမ်းတွင် ထိုင်းနယ်ခြားစောင့် စစ်တပ်မှ ဝေါလေဒေသ နယ်စပ် တစ်လျှောက် ပိတ်ဆို့ တပ်ဖြန့်စောင့်ကြည့်နေပြီး မြန်မာဘက်အခြမ်း စစ်ဘေးရှောင်သူများ အနေဖြင့် ဆက်လက် တိုက်ပွဲပြင်းထန်လာပါက ထိုင်းနိုင်ငံဘက်အခြမ်းသို့ ခိုလှုံစစ်ဘေးရှောင်ကြရမည့် အခြေအနေ ဖြစ်နေကြောင်း စစ်ဘေးရှောင် သူများ ပြောစကားအရ သိရသည်။