Home ဆောင်းပါး ငြင်းပယ်ခွင့်မရှိတဲ့ ပဋိပက္ခကြားက ဘဝ (ဆောင်းပါး)

ငြင်းပယ်ခွင့်မရှိတဲ့ ပဋိပက္ခကြားက ဘဝ (ဆောင်းပါး)

330

ငြင်းပယ်ခွင့်မရှိတဲ့ ပဋိပက္ခကြားက ဘဝ

စောလောဒူး (ဇွန်လ ၁၉ ရက်၊ ၂၀၂၂ခုနှစ်)

မနှစ်ကစစ်တပ်အာဏာသိမ်းလိုက်ချိန်ကစလို့ ကရင်ပြည်နယ်ဟာ မတည်ငြိမ်တဲ့နယ်မြေတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ အချိန်တစ်နှစ်အတွင်းမှာ စစ်တပ်နဲ့တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ပွဲ(၂,၄၀၀) လောက်ဟာ ကရင်ပြည်နယ်မှာဖြစ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျု- ISP Myanmar ရဲ့အချက်အလက်တွေအရ သိရပါတယ်။

ပဋိပက္ခတွင်းနေထိုင်နေကြတဲ့ ပြည်သူတွေဟာ လက်နက်ကြီးဒဏ်တွေ ၊ နေအိမ်မီးရှို့ခံရမှုတွေ ၊ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုတွေကို ကြုံရသလို ဘဝနဲ့စတေးပြီး လူသားဒိုင်းအဖြစ်ခေါ်ဆောင်ခံရတာတွေ အသက်ရှင်သန်ဖို့အတွက် ငွေကြေးပေးဆောင်ရတာတွေလည်း ရှိနေပါတယ်။

မေလအတွင်းက ကရင်ပြည်နယ်ထဲက ကျေးရွာတစ်ခုရဲ့ ရွာလူကြီးအိမ်မှာတော့ ကျေးရွာသားတွေ စုဝေးခဲ့ကြပါတယ်။ အဲ့ဒီရွာသားတွေက မကြာသေးခင် တုန်းကပဲ သူတို့တွေဟာ စစ်တပ်သစ္စာခံတဲ့ ကရင်နယ်ခြားစောင့်တပ်-BGFရဲ့ ပေါ်တာဆွဲတာခံရပြီး လူသားဒိုင်းလုပ်ခံခဲ့ရတယ်လို့ ပြောပြပါတယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့ ချောင်းမြောင်းပစ်ခံရမှာ စိုးတဲ့အတွက် စစ်ကြောင်းရဲ့ အရှေ့၊ အလယ်နဲ့ အနောက်ဘက်တွေမှာ ရွာသားတွေကို အတင်းဖိအား ပေးလျှောက်ခိုင်းတယ်လို့ ဆိုကြပါတယ်။

လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခံရသူတွေက လမ်းတစ်လျှောက်စစ်ကြောင်းက ပစ္စည်းတွေကိုလည်း သယ်ဆောင်ပေးရပါတယ်။ ရွေးချယ်ခံရတဲ့ ရွာသားတွေမှာ ငြင်းပယ်ခွင့်မရှိပါဘူး။

အမည်မဖော်လိုတဲ့ ရွာတာဝန်ရှိသူတစ်ဦးက “သူတို့လက်နက်ကျည်တွေ၊ အထုပ်အပိုးတွေသယ်ဖို့ လေးကေကိုခေါ်သွားတယ်။ သူတို့ကြားမှာ သွားခိုင်းတယ်။ ဒါပေမဲ့စစ်ယူနီဖောင်းဝတ်ခိုင်းတာတော့ မရှိဘူး။ လူသားဒိုင်းအသုံးပြုတာကတော့ အဲ့လိုပေါ်တာထမ်းခိုင်းကတည်းကတော့ လူသားဒိုင်းသုံးတာ ပါသွားပြီးပေါ့။ နောက်ပြီးတော့ ရွာတစ်ရွာကိုဘယ်လောက်၊ ဘယ်လောက်ပေးရဖို့တောင်းတယ်။ “လို့ ပြောပါတယ်။

စစ်သားတွေက တစ်ရွာကို (၁၅)သိန်း၊ သိန်း(၂၀) မရမကဖိအားပေးတောင်းတာမျိုးလည်းရှိတယ်လို့ ရွာတာဝန်ရှိသူက ထပ်ပြောပြပါသေးတယ်။

“ဒီဖားအံမြိုနယ်ကနေစသွားတော့ သူတို့ကိုပစ်ခတ်တာမျိုးမရှိဘူး၊ ဘီးလင်းမြို့နယ်ဘက်ရောက်မှ KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)ဘက်က ပစ်ခတ်တာမျိုးရှိတယ်။ ရွာသားတွေပါ သွားတော့ သူတို့ကိုသွားပြီးပစ်ခတ်ဖို့က အဆင်မပြေဘူးပေါ့။”လို့ အဲဒီရွာသူကြီးက ပြောပါတယ်။

မတည်ငြိမ်တဲ့နိုင်ငံရဲ့အရှေ့တောင်ဘက်က တခြားရွာသားတွေကလည်း စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေက ရွာသားတွေကို ဖမ်းပြီးငွေသိန်းနဲ့ချီညှစ်တယ်လို့ ပြောကြပါတယ်။

နယ်ခြားစောင့်တပ်-BGF ဟာ ယခင်တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် -DKBAကနေ ခွဲထွက်ပြီး ၂၀၁၀ မှာ စတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့တစ်ခု ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ BGF လို့ ပြောင်းလဲခေါ်ဆိုခဲ့ပြီး စီးပွားရေးအကျိုးစီးပွားလုပ်ကိုင်ခွင့်တွေ၊ စစ်တပ်ထံကနေရခဲ့ပါတယ်။ ထင်ရှားတဲ့လုပ်ကိုင်ခွင့်တစ်ခုကတော့ ထိုင်း-မြန်မာနယ်စပ်က အငြင်းပွားဖွယ် တရုတ်မြို့တော်လို့အများသိကြတဲ့ ရွှေကုက္ကိုလ်ဖွံ့ဖြိုးရေးစီမံကိန်းဖြစ်ပါတယ်။

KNU -ကရင်အမျိုးသားအစည်းအရုံး ဘီးလင်းမြို့နယ် သတင်းနဲ့ ပြန်ကြားရေးရဲ့အဆိုအရ BGF နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ ကရင်ပြည်နယ် ဖားအံမြို့နယ်နဲ့ မွန်ပြည်နယ်ဘီးလင်းမြို့နယ်ရဲ့ ရွာတွေကနေ ကလေး (၄)ဦးအပါအဝင် ရွာသား (၉၂)ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဖမ်းဆီးလာတဲ့သူတွေကို သူတို့စခန်းချတဲ့နေရာဖြစ်တဲ့ လေးကေ၊ တာပေါင်းကျေးရွာနှစ်ရွာ အထိ ခေါ်ဆောင်လာခဲ့ပြီး စခန်းချတဲ့ကျေးရွာတွေရောက်တဲ့အခါ ဖမ်းဆီးသွားသူတွေကို ငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ KNU သထုံခရိုင်၊ ခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က အတည်ပြုပြောဆိုပါတယ်။

ပဒိုစောစိုးမြင့်က “ပထမတော့ သူတို့ခေါ်ပြီးပေါ်တာထမ်းခိုင်းတယ်။ ပြန်ဆင်းတဲ့အခါကျတော့ ပေါ်တာ ထမ်းတဲ့လူတွေကို ပိုက်ဆံတောင်းတယ်။ ၆ သိန်းကနေပြီးနော်။ အခုသိန်း၂၀-၃၀ ဖြစ်သွားရော။ ငွေတောင်းပြီးပြန်လွှတ်လိုက်တယ်။”လို့ ပြောပါတယ်။

BGF ပူးပေါင်းအဖွဲ့က သထုံခရိုင်၊ ဖားအံမြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု (၃) အုပ်စုထဲက ဖမ်းဆီးခံရသူ တွေဆီကနေတောင်းယူတဲ့ ငွေကြေးပမာဏအားလုံးပေါင်း ကျပ်သိန်း-၁၃၈ သိန်းရှိတယ်လို့ စွပ်စွဲခံ ထားရပါတယ်။ ဖမ်းခံရသူအများစုဟာ စစ်ရှောင်ရွာသားတွေဖြစ်တယ်လို့ ပဒိုစောစိုးမြင့်က ဆိုပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းမှာ BGF နဲ့ စကစ ပူးပေါင်းပြီး ဘုန်းကြီးကျောင်းမှာ သွားပုန်းတဲ့ရွာသားတွေကို ခေါ်သွားတယ်။ သူလာတဲ့လမ်းတစ်လျှောက်လုံး ရွာသားတွေကို ခေါ်တယ်။ တချို့တွေကိုတော့ သူတို့ (ယူနီဖောင်း)ပေးဝတ်တယ်လို့ ကြားတယ်။ လူသားဒိုင်း အနေနဲ့အသုံးပြုဖို့သူတို့ခေါ်တယ်။ တိုက်ပွဲလုပ်မယ်ဆိုရင် ရွာသားတွေကို အသုံးမပြုနဲ့အဲ့လိုလုပ်တာက လူအခွင့်ရေးချိုးဖောက်တာပေါ့” လို့ ခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ထပ်လောင်းပြောဆိုတယ်။

လွန်ခဲ့တဲ့(၁၀)စုနှစ်များစွာကတည်းက စစ်တပ်ဟာ နိုင်ငံတစ်ဝှမ်းက ပဋိပက္ခဖြစ်ပွားရာနေရာတွေမှာ လူမဆန်တဲ့ဖြတ်လေးဖြတ်ဗျူဟာကို ကျင့်သုံးခဲ့ပါတယ်။ အာဏာမသိမ်းခင်ကာလတွေတုန်းကလည်း စစ်ကောင်စီတပ်သားတွေက ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ နယ်မြေရှင်းလင်းရေးဆိုပြီးတော့ ရွာလုံးကျွတ်မီးရှို့တာ၊ မုဒိမ်းကျင့်တာ၊ လူသားဒိုင်းလုပ်တာ၊ ပေါ်တာဆွဲတာနဲ့ ဒေသခံတွေဆီကငွေညှစ်တယ်ဆိုပြီး စွပ်စွဲခံလာရတာအတော်ကြာပါပြီ။

အဲ့ဒီဗျူဟာတချို့ကတော့ ၂၀၁၁ ခုနှစ်နောက်ပိုင်း အရပ်သားတစ်ပိုင်းသမ္မတဦးသိန်းစိန်အစိုးရလက်ထက် လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာတွေရှိလာပြီး ရပ်တန့်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ KNU အပါအဝင် လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောစာချုပ် -NCAမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

BGF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ လူသားဒိုင်းအသုံးပြုမှုနဲ့ပတ်သက်ပြီး ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် -BGF အထွေထွေအတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူက ငြင်းဆိုပါတယ်။

“ငွေကြေးတောင်းတဲ့အပိုင်းမှာ ကျနော်တို့ပြန်စိစစ်တာမတွေ့ရဘူးနော်။ အဲဒီလိုသတင်းတွေထွက်လာ တော့ လူကြီးတွေလည်း ကျနော်မေးတာ မမှန်ဘူး။ အဲဒီလိုထွက်ဆိုချက်တွေ မတွေ့ရဘူး။ လူခေါ်တာ မှန်တယ်၊ ကျည်ဆံဝိုင်းသယ်ခိုင်းတာ မှန်တယ်။ လူသားဒိုင်းအသုံးပြုတာ မရှိပါဘူး။ သတင်းက လျှောက် ပြောတာ။ သတင်းသမားတွေကိုလည်း ကျနော်တို့ လူကြီးတွေနဲ့လာတွေ့ပါ။ ကျနော်ဆုံပေးပါ့မယ်။”လို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။

ဆက်လက်၍ သူက “အခုခေတ်မှာ ကျနော်တို့ BGFက မြန်မာစစ်တပ်နဲ့ပေါင်းတော့ ကျနော်တို့လုပ်တဲ့ အရာအားလုံးမှာ အကြီးကြီးထွင်ပြီးပြောတာ ပါကောင်းပါလိမ့်မယ်။ တစ်နိုင်ငံလုံးက တပ်မတော် မုန်းနေတဲ့ ကာလမှာ တပ်မတော်နဲ့မိတ်ဖက်လုပ်ထားတော့ ပုပ်ရင်တစ်လှေလုံးပုပ်သွားလိမ့်မယ်လို့တော့ မြင်ပါတယ်။”လို့ ဆိုပါတယ်။

မြဝတီမြို့နယ်က ရွာတွေမှာလည်း BGFက ငွေတောင်းတာရှိတယ်လို့ စွပ်စွဲခံရတာနဲ့ ပတ်သတ်ပြီးတော့ လည်း ဗိုလ်မှူးကြီးစောချစ်သူက ငြင်းထားပါသေးတယ်။

“ရဲဘော်တွေက တစ်လကို ဘတ်၂၀၀၀ မုန့်ဖိုးရတယ်။ ကျေးရွာထဲမှာလည်း တစ်လကို ဘတ်ငွေ သုံးသောင်းလေးသောင်းပံ့ပိုးတယ်။ ကျောင်းဖွင့်တဲ့ကာလမှာ ဘတ်ငွေသိန်းလေးဆယ် ရွာပေါင်း ၁၉ ရွာမှာ ပံ့ပိုးတယ်။ ရဲဘော်တစ်ယောက်ကို အလှည့်ကျစနစ်နဲ့ပဲ အိမ်မှာရှိတဲ့မိသားစုတွေ အခက်အခဲရှိရင် ဘတ်ငွေ နှစ်သောင်းခွဲပေးတယ်။” လို့ ဗိုလ်မှူးကြီး စောချစ်သူက ထပ်ပြောပါတယ်။

သတင်းမီဒီယာတွေအနေနဲ့ အဲဒီနေရာတွေကို သွားရောက်လေ့လာနိုင်ပြီး လုံခြုံရေးယူပေးနိုင် တယ်လို့လည်း သူက ဆိုပါတယ်။

ဒါပေမယ့်အာဏာသိမ်းပြီးကတည်းက သတင်းထောက်တွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ တွေလုပ်နေတဲ့စစ်ကောင်စီနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတာကြောင့် ဒီကမ်းလှမ်းမှုကို လက်ခံဖို့ သတင်းထောက်တွေ သတိထားရမှာပါ။

လူသားဒိုင်းအသုံးပြုမှုဟာ အရပ်သားတွေကို အသက်ဆုံးရှုံးစေနိုင်တဲ့ပြီး ဒဏ်ရာအပြင်းအထန်ရစေ နိုင်တာကြောင့် နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်ရာကျပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့၁၉၉၈ ရောမဥပဒေအရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပါတယ်။

မြန်မာက ၁၉၉၂ ခုနှစ်မှာ လက်မှတ်ရေးထိုးထားတဲ့ ဂျီနီဗာကွန်ဗန်းရှင်းသဘောတူညီမှု အပိုဒ်(၃) အရ ပဋိပက္ခမှာ မပါတဲ့သူအားလုံးကို လူသားချင်းစာနာတဲ့အထောက်အပံ့တွေပေးရမှာပါ။ အဲ့ဒီအပိုဒ်ဟာ ပြည်တွင်းပဋိပက္ခတွေမှာ လူမဆန်တဲ့လုပ်ရပ်တွေ၊ ဓားစာခံခေါ်တာတွေ ညှဉ်းပန်းတာနဲ့ကွပ်မျက်တာတွေကနေ အကာအကွယ်ပေးထားပါတယ်။

လူသားဒိုင်းသုံးတာဟာ တရားမဝင်ပေမယ့် စစ်တပ်ကတော့ ကရင်ပြည်နယ်တစ်ခုတည်းမကဘဲ နိုင်ငံ့နေရာအများအပြားမှာ သုံးနေတုန်းပါ။ ကရင်လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ (KHRG)ရဲ့ ပြောရေး ဆိုခွင့်ရှိသူ စောနန္ဒာစူးကတော့ အခုလို ပြောပါတယ်။

“စစ်ကောင်စီနဲ့ BGF တွေချိုးဖောက်တဲ့လူ့အခွင့်အရေးဖြစ်တဲ့ လူသားဒိုင်းအသုံးပြုတာတစ်ခုတည်း မဟုတ်ပါဘူး။ မည်သည့် လူအခွင့်အရေးချိုးဖောက်မှုမဆို ကျနော်တို့ KHRG အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ နိုင်ငံတကာအဆင့်သော်လည်းကောင်း၊ ပြည်တွင်းမှာသော်လည်းကောင်း ဆက် လက်ပြီးတော့မှ ဖော်ပြသွားမယ်။ ဒီလုပ်ဆောင်ချက်တွေက လူအခွင့်ရေးချိုးဖောက်တာဖြစ်တယ်။ နောက်နိုင်ငံတကာ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တွေအနေနဲ့ ဒီဟာတွေရပ်တန့်သွားအောင် ဖိအားပေးဖို့ လိုတယ်။”လို့ မှတ်ချက်ပြု ပြောဆိုပါတယ်။