ဇွန်လ ၂၁ ရက်၊ ၂ဝ၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ်ရှိ ကျေးရွာများမှ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် ဌာနေကျောင်းသူ/သား ၂,ဝဝဝ ကျော်မှာ ယခုအချိန်ထိ ပညာသင်ကြား၍ မရကြသေးဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။
ခလယ်-တံခွန်တိုင် တိုက်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည့် အခြေအနေကြောင့် ခလယ်၊ မြို့ဟောင်း၊ နောင်းဒေ့၊ ခလယ်ရွာလေး၊ ဘုရားငါးဆူနှင့် တံခွန်တိုင်ကျေးရွာအုပ်စုများရှိ စာသင်ကျောင်းပေါင်း ၂ဝ နီးပါးမှာ ယနေ့ထိတိုင် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် ဌာနေကလေးများ၏ ပညာရေးနောက်ကျကျန်ခဲ့မည်ကို ကျောင်းသားမိဘများက စိုးရိမ်နေလျက်ရှိသည်။
“ အားလုံးက ကိုယ့်ကလေးတွေကို ပညာသင်ကြားခွင့်ရစေချင်တယ်။ ငွေကြေးရှိတဲ့သူက မြို့ပေါ်မှာ ငွေသိန်း ချီပေးပြီး သွားထားနိုင်ကြတယ်ပေါ့နော်။ ရွာမှာက အများစုမတတ်နိုင်တော့ ကလေးပညာရေးအတွက် စိုးရိမ် တယ်လေ။ ကျမတို့ဌာနေကလေးတွေရဲ့ ပညာရေးအတွက် တာဝန်ရှိသူတွေကနေ ကျောင်းဖွင့်လှစ်နိုင်မယ့် အခြေအနေရှိအောင် ကူညီပေးစေချင်တယ်”ဟု ခလယ်-တံခွန်တိုင်တိုက်နယ်မှ ကျောင်းသားမိဘတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ခလယ်-တံခွန်တိုင်တိုက်နယ်တွင် ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်နှင့် KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တို့ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားသည့်အတွက် ကျေးရွာ ၂ဝ ကျော်မှ ဒေသခံ ၁ဝ,ဝဝဝ နီးပါးမှာ အခြားမြို့ရွာများနှင့် တောတောင်နေရာများတွင် စစ်ဘေးတိမ်းရှောင် နေကြရပြီး ယခုထိ နေရပ်ပြန်မလာနိုင်ကြသေးသည့် ဒေသခံများရှိနေသေးသည်ဟု ရွာသားများထံမှ သိရသည်။
ကျောင်းဆရာတစ်ဦးကလည်း “ ကိုယ့်ဒေသက ကလေးတွေကို ဘယ်လိုအခြေအနေဖြစ်ဖြစ် ပညာသင်ယူမှု မဆုံးရှုံးစေချင်ဘူးပေါ့နော်။ တစ်ချို့ကလေးက ပညာသင်ရမယ့်အရွယ်မှာ ကျောင်းကမဖွင့်နိုင်သေးတော့ ထိုင်းဘက်ရောက်ကုန်ကြပြီး။ ငွေရှိသူက မြို့ပေါ်မှာ သွားထားကြတယ်။ တိုက်ပွဲတွေကြားမှာ ပညာရေးအခွင့်အလမ်းက သင်ပေးနိုင်ဖို့ အရမ်းခက်ခဲတယ်” ဟု ပြောသည်။
ခလယ်-တံခွန်တိုင်တိုက်နယ်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနျင့် မြန်မာအစိုးရတို့ နှစ်ဖက်ရောနှောအုပ်ချုပ်သည့် နယ်မြေဖြစ်ခဲ့သည့်အပေါ် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍကိစ္စ ရပ်များတွင် နှစ်ဖက်ညှိနှိုင်းမှုဖြင့် ဆောင်ရွက်ခဲ့ကြရသည့် ဒေသတစ်ခုဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါ နှစ်ဖက်ရောနှောအုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီဘက်မှ ညှိနှိုင်းဆောင်ရွက်မှု မရှိတော့သည့်အပြင် ထိုဒေသသို့ စစ်အင်အားတိုးချဲ့တပ်စွဲနေထိုင်လာမှုများပါ ပြုလုပ်လာသည့်အတွက် ဒေသတွင်းရှိစာသင်ကျောင်းများ မလှစ်နိုင်ကြခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။



















