Home သတင်း စခန်းပြင်ပတွင် တရားဝင် အလုပ်လုပ်ခွင့်ရရန် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ တောင်းဆို

စခန်းပြင်ပတွင် တရားဝင် အလုပ်လုပ်ခွင့်ရရန် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ တောင်းဆို

411

ဇွန်လ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသူများအား စခန်းပြင်ပတွင် တရားဝင်အလုပ်ထွက်လုပ်ခွင့် ပေးရန် ယမန်နေ့ ဇွန်လ ၂၀ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မြန်မာဒုက္ခသည်များက တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

နယ်စပ်ရှိ ဒုက္ခသည်များသည် နှစ်ပေါင်းရှည်ကြာ ဒုက္ခသည်စခန်းထဲ၌သာနေထိုင်ရပြီး စခန်းပြင်ပကို တရားဝင် သွားလာခွင့်မရသည့်အပြင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ စခန်းတွင်းဝင်ထွက်သွားလာခွင့်ကို ပိုမိုတင်းကြပ်လာသည့်အတွက် တရားဝင်သွားလာအလုပ်လုပ်ခွင့်ရရန် ယခုလို တောင်းဆိုကြခြင်းဖြစ်သည်ဟု ကရင်ဒုက္ခသည်ကော်မတီ အတွင်းရေးမှူး စောပွယ်စေးက ပြောသည်။

သူက “ စခန်းမှာရှိတဲ့လူတွေက ကိုဗစ်-၁၉ ကိစ္စကြောင့် စခန်းအပြင်ကိုလည်း ထွက်ခွင့်မရဘူး။ နောက်ပြီးတော့ ဗြုန်းခနဲ စစ်အာဏာသိမ်းကိစ္စကြောင့်၊ အရင်တုန်းကဆိုရင် နယ်ခြားကို နားလည်မှုယူပြီး ကူးလူးဆက်ဆံလို့ရ တယ်။ အခုက နားလည်မှုလည်း လုပ်ပေးမရဘူး ။ အဲဒါကြောင့် လူတွေက စခန်းမှာပဲ ပိတ်မိတော့ သွားရေးလာ ရေးခက်ခဲလာတယ်။ ကြာလာတော့ သူတို့ကြပ်တည်းလာတယ်။ အပြင်ထွက်အလုပ်ထွက်လုပ်နိုင်တဲ့တရားဝင် အထောက်အထားရဖို့ သူတို့တောင်းဆိုတာ တစ်ချက်ပါတယ် ” ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့ ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများ တွင် အထိမ်းအမှတ်အခမ်းအနားများ အသီးသီးကျင်းပပြုလုပ်ကြပြီး တက်ရောက်လာသည့် ဒုက္ခသည်များက စခန်းပြင်ပ တရားဝင်သွားလာအလုပ်လုပ်ကိုင်ခွင့်ရရှိရန် တောင်းမှုအပါအဝင် တတိယနိုင်ငံသို့ ထွက်ခွာခွင့်ရရှိရေး နှင့် ဒုက္ခသည်စခန်းရှိ လူငယ်လူရွယ်များအဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အရေးများရရှိရန် ကိုလည်း တောင်းဆိုခဲ့ကြသည်ဟု သိရှိရသည်။

မယ်လဒုက္ခသည်စခန်းတွင် ကျင်းပသည့် ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနားတွင် ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR နှင့် ထိုင်းအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက တက်ရောက်လာကြပြီး ဒုက္ခသည်များအနေဖြင့် လိုအပ်ချက်များရှိပါက ထုတ်ဖော်ပြောဆိုလာကြရန် ပြောဆိုခဲ့သည်ဟု မယ်လ ဒုက္ခသည်စခန်းမှ ကရင်လူငယ်အစည်းအရုံး-KYO ဥက္ကဋ္ဌဖြစ်သူ နန့်စူစဲန်ထူးက ပြောသည်။

“ UNHCR နဲ့ ပလပ် (ထိုင်းအာဏာပိုင်) တို့တက်ရောက်လာကြတယ်။ ကျမတို့အခွင့်အရေးအရ လိုအပ်တာတွေ ပြောဖို့၊ ထုတ်ဖော်ပြသဖို့ ပြောတယ်။ သူတို့ဘက်က အတတ်နိုင်ဆုံးကူညီမယ်လို့ ပြောတယ်။ အဲလိုလာပြောတော့ ကျမတို့လည်း ဝမ်းသာတယ်။ လူတော်တော်များများက ဒုက္ခသည်နေ့မှာလာပြီး တောင်းဆိုချက် အမျိုးမျိုးလာတောင်းဆိုကြတယ်။ ”ဟု ၎င်းက ပြောသည်။

ထို့အပြင် ဒုက္ခသည်စခန်းတွင်နေထိုင်သူများသည် ထောက်ပံ့ကူညီမှုများလိုအပ်သော်လည်း ၎င်းတို့ကိုယ်တိုင်ရပ် တည်နိုင်ရန်အတွက် စခန်းပြင်ပအလုပ်ထွက်လုပ်ခွင့် တရားဝင်စာရွက်စာတမ်းများလိုအပ်သောကြောင့် ထိုင်း ဘုရင်အစိုးရအနေဖြင့် ဒုက္ခသည်များကို တရားဝင်စာရွက်စာတမ်းထုတ်ပေးရန် ကမ္ဘာ့ဒုက္ခသည်နေ့အတွက် ထုတ်ပြန်သည့် ကရင်အမျိုးသမီးအစည်းအရုံး KWO၏ ကြေညာချက်တွင် တောင်းဆိုထားသည်။

ထို့အတူ ယမန်နေ့ ထုတ်ပြန်သည့် ND- Burma အဖွဲ့၏ ကြေညာချက်တွင်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်တွင် ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခကြောင့် အရပ်သား ၁၇၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရပြီး နယ်မြေအတွင်း စစ်ကောင်စီတပ်များ စစ်အင်အားတိုးလာသည့်အတွက် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများထဲတွင် နေထိုင်ကြသည့် ကရင်ဒုက္ခသည်များသည်လည်း နေရပ်ပြန်နိုင်ရေး အလှမ်းဝေးနေကြောင်းလည်း ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ မယ်လအူး၊ မမယ်ရာမို၊ နို့ဖိုး၊ ဘမ့်ဒုံယန်း၊ ထမ့်မဟင်စသည့် ကရင်ဒုက္ခသည်စခန်း(၇)ခုနှင့် ကရင်နီ အမှတ် (၁)၊ အမှတ် (၂) ဒုက္ခသည်စခန်းနှစ်ခုအပါအဝင် ဒုက္ခသည်စခန်း(၉)ခုရှိပြီး စုစုပေါင်း လူဦးရေ တစ်သိန်းခန့်ခိုလှုံနေကြသည်ဟု သိရှိရသည်။