Home တွေ့ဆုံမေးမြန်းခန်း (MSDC) ၏ ဒါရိုက်တာ နိုင်ဗညားမွန်နှင့် မေးမြန်းချက်

(MSDC) ၏ ဒါရိုက်တာ နိုင်ဗညားမွန်နှင့် မေးမြန်းချက်

508

(MSDC) ၏ ဒါရိုက်တာ နိုင်ဗညားမွန်နှင့် မေးမြန်းချက်

“အခုလက်ရှိ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ်မှာ မျှော်နေတာထက် ကိုယ့်ရဲ့ ပါဝါကို တည်ဆောက်ဖို့ လိုတယ်။ အခု အခင်းအကျင်းကတော့ ပြဿနာကို ဖြေရှင်း နိုင်တဲ့ အခင်းအကျင်းမဟုတ်ဘူး” နိုင်ဗညားမွန် (ဒါရိုက်တာ၊ MSDC)

လတ်တလော အာဏာသိမ်းစစ်ကောင်စီ၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) အဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးဖိတ်ခေါ်ရခြင်း အဓိက ရည်ရွယ်ချက်၊ သွားရောက်တွေ့ဆုံသည့် EAO အဖွဲ့အချို့၏ အကျိုးစီးပွားနှင့် လတ်တလော တွေ့ဆုံဆွေးနွေးမှုအပြီး ထွက်ပေါ်လာသည့် ရလဒ်များအပေါ် ခန့်မှန်းသုံးသပ်ချက်နှင့်ပတ်သက်ပြီး (Mon State Development Center) ၏ ဒါရိုက်တာလည်းဖြစ် တိုင်းရင်းသား နိုင်ငံရေး လေ့လာသုံးသပ်သူလည်းဖြစ်သူ နိုင်ဗညားမွန်ကို ကေအိုင်စီက ဆက်သွယ်မေးမြန်းထားပါသည်။

မေး- စစ်ကောင်စီ ဘက်က စစ်ခေါင်းဆောင် ကိုယ်တိုင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေကို ဒီငြိမ်းချမ်းရေး ဆွေးနွေးမှု ဖိတ်ခေါ်ရတဲ့ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကို ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ – ကျနော်ထင်တယ်၊ ဒါဟာ နိုင်ငံရေးအရ လက်ဦးမှုယူတယ် နိုင်ငံရေးအရ ထိုးစစ်ဆင်တယ်၊ အဲ့လိုပဲ ကျနော် သုံးသပ်တယ်။ ဘာဖြစ်လဲဆိုတော့ အခု ဖိတ်ခေါ်မှုတွေက တစ်နိုင်ငံလုံးကို အားလုံးကို ဖိတ်ခေါ်တဲ့ ဆွေးနွေးမှု ပုံစံမျိုး မဟုတ်ဘူး။ သူက တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီးတော့ NUG တို့ PDF တို့ကို ချန်ထားတဲ့ ပုံစံမျိုးက ဘာကို ညွှန်းလဲဆိုတော့ EAO နဲ့ PDF တွေကို သွေးခွဲတာပဲ။

နောက်တစ်ခု ဘာကို ပြောလို့ရလဲဆိုတော့ တိုင်းရင်းသားလူမျိုးတွေနဲ့ ဗမာလူမျိုးတွေကို အထူးသဖြင့် ဗမာလူမျိုးစု အများဆုံး ပါဝင်တဲ့ PDF တွေကို သွေးခွဲတဲ့ ပုံစံမျိုးပေါ့။ နောက်တစ်ချက် ကျနော်မြင်တာက နိုင်ငံတကာမှာ မျက်နှာပျက်နေတဲ့ အရေးနိမ့်နေတဲ့အရာကို ဒါဟာ တွေ့ဆုံဆွေးနွေးမှုနဲ့ ဖိတ်ခေါ်မှုနဲ့ ပြန်ပြီးတော့ ကာကွယ်ဖို့ပေါ့။ အထူးသဖြင့် အာဆီယံတို့၊ တရုတ်တို့ကို ဒါကို ပြဖို့အတွက် လုပ်တယ်လို့ ယူဆတယ်။ နောက် တစ်ခုက သူတို့အထဲမှာ ယိုယွင်းနေတဲ့ စည်းလုံးမှုနဲ့ စိတ်ဓါတ်ရေးရာ အကုန်လုံးကို ပြန်စည်းရုံးတဲ့ ပုံစံမျိုးပေါ့။ ပြန်ချုပ်မယ်ဆိုရင် ဆွေးနွေးမှု ဖိတ်ခေါ်တဲ့ လုပ်ရပ်တွေက ရည်ရွယ်ချက် သုံးချက် လောက်ရှိတာပေါ့။ တဖက်က ပြန်ကြည့်ရင် ဒါဟာ နိုင်ငံရေးထိုးစစ်ပဲ။ သူတို့ ဒီလို လုပ်ခြင်းအားဖြင့် အတိုက်အခံ ကြားထဲမှာ လက်ခံတဲ့သူ၊ မလက်ခံတဲ့သူ အဲ့လိုပုံစံမျိုး အခြေအတင်ဆွေးနွေး ရတဲ့ ပုံစံမျိုး ဖြစ်သွားတဲ့အခါကျတော့ ကျနော့်အမြင်ကတော့ နိုင်ငံရေးအရ ထိုးစစ်ဆင်တယ်လို့ပဲ ယူဆတယ်။

မေး – လက်ရှိ သူတို့နဲ့ ပဋိပက္ခဖြစ်နေတဲ့ NUG လို၊ PDF လို အဖွဲ့တွေကို ချန်လှပ် ထားပြီး EAO တွေကိုပဲ ရွေးပြီး ဖိတ်ခေါ်တာ လက်ရှိနိုင်ငံရေးအကြပ်အတည်းကို အမှန်တကယ် ဖြေရှင်းလိုတဲ့ ဆန္ဒမရှိဘူးလို့ နိုင်ငံရေးလေ့သူ တွေက ထောက်ပြပြောဆိုတဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ – အဲ့ဒီအမြင်အပေါ်မှာ ကျနော်လည်း ထောက်ခံတယ်။ ဘာဖြစ်လဲဆိုတော့ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းတဲ့ အခါမှာ တကယ်တမ်း ပါဝင်ပတ်သက်တဲ့ Stakeholder အားလုံးကို ဘာမှ Condition မရှိဘဲနဲ့ ဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းသာလျှင် တကယ်စစ်မှန်တဲ့ အဖြေကို ရမယ်။ အခုဟာက ဟိုအဖွဲ့ကို ချန်လိုက်၊ ဒီအဖွဲ့ကို တွေ့ဆုံ ဆွေးနွေးဖို့ လုပ်တာက တကယ်တော့ မြန်မာ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းတဲ့ ဆန္ဒက မရှိဘူး ဆိုတဲ့ မေးခွန်းက ပိုပြီးတော့ ခိုင်မာလာတယ်။

မေး- စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုအပေါ် EAO တချို့က လက်ခံသလို တချို့ လက်မခံဘူး။ လက်မခံတဲ့ အဖွဲ့အစည်းတွေကတော့ လက်မခံရတဲ့ အဓိက အကြောင်းအရင်းတွေကိုထုတ်ပြန်ထားတာရှိပေမဲ့ လက်ခံတဲ့ အဖွဲ့အစည်း တွေကတော့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုတာမျိုးမတွေ့ရဘူး။ အဲ့တော့ လက်ခံတဲ့ အဖွဲ့တွေရဲ့ အကျိုးစီးပွားက ဘာလို့ထင်လဲ။
ဖြေ – ရှင်းရှင်းလင်းလင်း ပြောဖို့တော့ နည်းနည်း ခက်တယ်၊ သူတို့အကျိုးစီးပွား ဘာလဲဆိုတာတော့။ ဒါပေမဲ့ လက်ခံတဲ့ အဖွဲ့တွေကို ပြန်ကြည့်မယ်ဆိုရင် အထူးသဖြင့် တိုက်ပွဲ မဖြစ်တဲ့ အဖွဲ့တွေပဲ ဖြစ်တယ်။ အဲ့လိုပုံစံမျိုးပဲ ကျနော်တို့ ပြောလို့ရမယ်။ အထူးသဖြင့် အပစ်အခတ် ရပ်စဲရေးလုပ်ထားတဲ့ အဖွဲ့တွေ အထူးသဖြင့် ‘ဝ’ တို့လို့ ဆိုရင် နှစ်ပေါင်း ၂၀ ၊ ၃၀ လောက်ရှိပြီ။ အပစ်အခတ်ရပ်စဲတဲ့ ပုံစံနဲ့ သွားနေကြတာ။ တကယ်တမ်း အခုချိန်ထိ နိုင်ငံရေး ပြဿနာ ဘာမှ မရှိနိုင်တဲ့ သူတွေ။ နောက်တစ်ဖက်က PPSTအဖွဲ့မှာလည်း မွန်တို့ ၊ RCSS တို့ကလည်း ဒီအပေါ်မှာ သွားနေတဲ့ အခါကျတော့ အခုဒီအဖွဲ့တွေပဲ လက်ခံတယ်။ တကယ်တမ်း တိုက်နေတဲ့ အဖွဲ့တွေအများစုကတော့ လက်မခံဘူး။ အခု လက်ခံတဲ့ အဖွဲ့တွေမှာလည်း အင်အားကြီး အဖွဲ့တွေက အနည်းစုသာဖြစ်တယ်။ အဲ့လိုပုံစံမျိုးဖြစ်တဲ့အခါကျတော့ ကျနော် နားလည်မှုကတော့ သူတို့ အဖွဲ့အစည်းက တင်ပြစရာရှိတာ တင်ပြမယ်။ နားထောင်မယ် ဆိုတဲ့ ပုံစံမျိုးက ဖြစ်နိုင်လောက်လားပေါ့။ ဒါပေမဲ့ အခြား အကျိုးစီးပွား ဘာလဲဆိုတာကတော့ ကျနော့်အနေနဲ့ ပြောဖို့တော့ ခက်ပါတယ်။

မေး-သွားတွေ့မယ့် အဖွဲ့က ၁၀ ဖွဲ့လောက်ရှိတယ်လို့ သူတို့ဘက်က ထုတ်ပြန် ထားတယ်။ အကုန်လုံးကို တစ်ပြိုင်နက် ခေါ်မတွေ့ဘဲ တစ်ဖွဲ့ချင်း ဘာကြောင့် တွေ့ဆုံရတယ်လို့ ထင်မြင်ယူဆမိလဲ။
ဖြေ – သူတို့အရင်က ပြောဖူးတာ တစ်ခုရှိတယ်။ တစ်ဖွဲ့ချင်းရဲ့ လိုအပ်ချက်အပေါ် မတူညီတဲ့အခါကျတော့ တစ်ဖွဲ့ချင်းကို ခေါ်တွေ့တဲ့ ပုံစံမျိုး ပြောလို့ရတယ်။ ဒါပေမဲ့ အထူးသဖြင့် အရင်က တပ်မတော်က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးတဲ့ ပုံစံတစ်လျှောက်ကို ပြန်လေ့လာတဲ့အခါမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မှာ သူ့သဘောထားမှုက မတူတဲ့ပုံစံမျိုးကို တွေ့ရတယ်။ အဖွဲ့ကြီးကို ပိုပြီးတော့ အလေးပေးပြီးတော့ အဖွဲ့ငယ်တွေကို အလေးမထားတဲ့ ပုံစံမျိုး တွေ့တယ်။ ဒါက တစ်လျှောက်လုံး ကျနော်တို့ လေ့လာမိသလောက် အဲ့လို ပုံစံမျိုး ဖြစ်တဲ့ အခါ ကျတော့ အခုလည်း ကျနော်ထင်တယ် အဖွဲ့ကြီးတွေကို အရင်တွေ့ပြီး နောက်မှ အဖွဲ့ငယ်တွေကို ခေါ်တွေ့တဲ့ ပုံစံမျိုး ဖြစ်မလား ဒါကတစ်ချက်ပေါ့။

နောက်တစ်ချက်က တစ်ဖွဲ့ချင်း တွေ့တဲ့အခါမှာကျတော့ အကုန်လုံး တစ်ပြိုင်တည်း တွေ့တာထက် တွေ့တဲ့ အခါမှာကျတော့ ပြောဆို ဆွေးနွေးမှုက မတူဖူးလို့ ကျနော်ထင်တယ်။ တကယ်လို့ ဆုံးဖြတ်ချက် သဘောတူညီချက် ရရင်တောင် မတူတဲ့အခါမှာကျတော့ သွားတွေ့တဲ့ အဖွဲ့အချင်းချင်းကြားမှာတောင် သူတို့ရဲ့ စည်းလုံးညီ ညွတ်မှုက ထိခိုက်နိုင်တယ်။

မေး- ရှမ်းနဲ့ တွေ့ဆုံမှုအပြီးမှာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တယ်ဆိုပြီး ထုတ်ပြန်ပေမဲ့ ဘာသဘောတူညီချက်ဆို တာမျိုးတော့ နှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန်တာမျိုး မတွေ့ရသေးဘူး။ သဘောတူညီချက်တွေကို ဘာကြောင့် မထုတ်ပြန်ရသေးတယ်လို့ ယူဆမိလဲ။
ဖြေ – အဲ့ဒါတော့ တကယ် ပဟေဠိဆန်တယ်။ မေးခွန်းတွေ အများကြီးလည်း ဖြစ်စေတယ်။ သတင်းထဲမှာ ရှမ်းနဲ့ သဘောတူညီချက် လက်မှတ်ထိုးခဲ့ပြီးပေါ့။ ဒါပေမဲ့ ဘာလဲပေါ့။ အဲ့လိုအနေအထားမျိုးမှာ စစ်ကောင်စီဘက်က သာမကဘူး။ ရှမ်းဘက်ကလည်း သူတို့ ပြည်သူ လူထုကို ချပြသင့်တယ်။ တကယ်လို့ နိုင်ငံရေးအရ ပြည်သူလူထုကို ချပြဖို့လိုတယ်။ မွန်ပြည်သစ်ပါတီ နဲ့ တွေ့တဲ့ အခါမှာလည်း ဒီလိုမျိုး သဘောတူညီချက်တွေ ရတယ်။ ဖွဲ့စည်းပုံ အခြေခံရေးဆွဲခွင့်တို့ ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲခွင့်တို့ ရတယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲ့ဒါ ဘာလဲပေါ့နော်။

ကိုယ့်ရဲ့ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ချပြဖို့ လိုမယ်လို့ ထင်တယ်။ ဒါမှသာလျှင် တွေ့ဆုံ ဆွေးနွေးမှုကနေ ဘာတွေရလဲ ဘယ်လမ်းသွားလဲ ဆိုတာကို ပြည်သူလူထုက သုံးသပ်ပိုင်ခွင့်၊ ပူးပေါင်းပါ ဝင်ခွင့် ဆုံးဖြတ်ချပိုင်ခွင့်မှာ အထောက်အကူ ဖြစ်မယ်ထင်တယ်။ အခုဟာက နှစ်ဖွဲ့က သဘောတူညီပြီးတော့ သိမ်းထားတဲ့ ပုံစံမျိုးက မေးခွန်းတွေ အများကြီးဖြစ်စေတယ်။ နောက်အဖွဲ့တွေမှာလည်း ဒါမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ထင်တယ်။ တစ်ဖွဲ့စီတိုင်းမှာ သဘောတူညီချက်ရတဲ့ ပုံစံမျိုးနဲ့ လုပ်သွားမယ့် သဘောထားမျိုးဖြစ်တယ်။ သို့သော် အဲ့ဒါဘာလဲဆိုတာကတော့ အသိပေးဖို့ လိုတယ်။

နောက်တစ်ချက်က မွန်နဲ့ သဘောတူညီချက်မှာ ဖွဲ့စည်းပုံအခြေခံ ရေးဆွဲသွား မယ်ဆိုတဲ့ပုံစံမျိုးက အဲ့ဒါက ဘာလဲ၊ ဘယ်လမ်းကြောင်းကနေ သွားမလဲပေါ့။ ဟိုအရင်က NCA လမ်းကြောင်းအတိုင်းပဲ သွားမလား။ နောက်ပြီး ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ရေးဆွဲခွင့်ရမလား၊ အဲ့ဒါကလည်း ဘယ်လမ်းကြောင်းကနေ သွားမလဲ။ အဲ့ဒါ ရှင်းရှင်းလင်းလင်း လူထုကို ချပြဖို့လိုတယ်။ ဘယ်လမ်းကြောင်းကနေ သွားနေလဲဆိုတာက အဲ့ဒါအရေးကြီးဆုံးဖြစ်တယ်။ ၂၀၀၈ အောက်က သွားတဲ့ ပုံစံမျိုးလား အဲ့ဒါဘာလဲပေါ့။ ဒီလို အနေအထားမျိုးမှာ ပွင့်လင်းမြင်သာတဲ့ တွေ့ဆုံဆွေးနွေးမှု ရလဒ်ကို ပွင့်လင်းမြင်သာတဲ့ တွေ့ဆုံမှုဖြစ်ဖို့အတွက်က လူထုကို ပွင့်ပွင့်လင်းလင်းနဲ့ မြင်မြင်သာသာ ချပြဖို့လိုမယ်။ အခုလောလောဆယ် အဲ့လို မလုပ်သေးတာက မချပြသေးတာက ကျနော်ထင်တယ် လူထုထဲမှာ မေးခွန်းအများကြီး ဖြစ်စေတယ်။ နောက်ပြီး သံသယမျက်စိနဲ့ ကြည့်နေမယ်။

မေး- တချို့ တွေ့ဆုံမယ့် အဖွဲ့တွေထဲမှာ သူတို့ တွေ့ဆုံရတဲ့ အဓိက ရည်ရွယ် ချက်က လတ်တလော ဖြစ်နေတဲ့ ပဋိပက္ခတွေကို အားလုံးပါဝင်ဖြေရှင်းနိုင်မယ့် နည်းလမ်းပေါ်ပေါက်လာအောင် တင်ပြဖို့ဆိုပြီး ပြောဆိုတာမျိုးတွေ့ ရတယ်။ တကယ်တမ်း လက်တွေ့မှာ အလုပ်ဖြစ်မယ်လို့ ထင်လားဗျ။
ဖြေ – ကျနော်အမြင်ကတော့ ဖြစ်လာဖို့အတွက်က တော်တော်နည်းတယ်လို့ ယူဆတယ်။ ဘာဖြစ်လဲဆိုတော့ ဖိတ်ခေါ်တဲ့ အထဲက ကျန်တဲ့ အဖွဲ့တွေကို ချန်လှပ်တဲ့ ပုံစံမျိုးနဲ့ သွားတဲ့ အခါကျတော့ အခုသွားတွေ့တဲ့ အဖွဲ့ကော အထူး သဖြင့် ဒီမွန်နဲ့ ရှမ်းနဲ့ သွားတွေ့တဲ့ အဖွဲ့မှာကျတော့ အကြံပြုဆွေးနွေး တင်ပြခဲ့တဲ့ ပုံစံမျိုးနဲ့ သတင်းထဲမှာ ထုတ် ဖော်ပြောဆိုတာမျိုး။ အဲ့လိုအနေအထားမျိုးကျတော့ တင်ပြမယ်၊ ဟိုဘက်က လက်ခံ မခံဆိုတာကျတော့ သူတို့ အပိုင်းပုံစံမျိုးဖြစ်တယ်။ တောင်းဆိုတာ အကြံပြုတင်ပြတဲ့ ပုံစံမျိုး ဆွေးနွေးတယ်လို့ သတင်းထဲမှာ ကျနော် တွေ့ရတယ်။ အဲ့လို အနေအထားမျိုးမှာ ကျနော့်အမြင်က အားလုံးပါဝင်နိုင်တဲ့ နည်းလမ်းကို သွားတွေ့တဲ့ အဖွဲ့တွေက သူတို့မှာ သဘောထားရှိတယ်။ နိုင်ငံရေး ပြဿနာကို ဖြေရှင်းတဲ့အခါ အားလုံးပါဝင်တဲ့ နည်းလမ်းကို သွားဖို့လိုတယ် ဆိုတာကို ဆွေးနွေးတင်ပြတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဖြစ်နိုင်ဖို့က မဖြစ်နိုင်လောက်ဖူးလို့ ကျနော် ထင်တယ်။

မေး- နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့မှုတွေ၊ ဖယ်ကျဉ်မှုတွေကို ဆက်တိုက် ကြုံတွေ့နေရပြီးတော့ မြေပြင်မှာလည်း လက်နက်ကိုင်တိုက်ပွဲတွေမှာ အရေးနိမ့် ကျဆုံးမှု များနေတဲ့စစ်ကောင်စီအတွက် ဒီငြိမ်းချမ်းရေး ဆွေးနွေးမှုက ထွက်ပေါက် ရှာတယ်လို့ ဝေဖန်သုံးသပ်မှုရှိနေတဲ့အပေါ်မှာကော ဘယ်လို မြင်လဲ။
ဖြေ – အဲ့လို ဝေဖန်သုံးသပ်မယ်ဆိုရင်လည်း မမှားဘူးလို့ ထင်တယ်။ ဘာဖြစ်လဲ ဆိုတော့ အခုအနေအထားမှာ စစ်ကောင်စီဘက်က ကြည့်မယ်ဆိုရင် ဘက်ပေါင်းစုံ ကနေ ကပ်ပေါင်းစုံနဲ့ ဆိုက်နေတဲ့ အနေအထားမျိုး တွေ့ရတယ်။ စစ်ရေးကော ၊ မြေပြင် တိုက်ပွဲမှာကော နောက်ပြီးတော့ နိုင်ငံတကာမှာလည်း သူတို့ အရေးနိမ့် တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ အဲ့ဒီကနေ သူက ထွက်ပေါက်အနေနဲ့ပဲ ပြောပြော တန်ပြန်နိုင်ရေး ထိုးစစ် အနေနဲ့ ပဲ ပြောပြော အဲ့လိုမျိုး လုပ်တယ်လို့လည်း ပြောလို့ရတယ်။

နောက်ပြီးတော့မနေ့က မွန်နဲ့ တွေ့တဲ့အခါ စစ်ကောင်စီဘက်က ပြောတာက ၂၀၂၃မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ ပုံစံမျိုး ပြောတယ်။ အဲ့တော့ ဒါက နိုင်ငံရေး အရ ထွက်ပေါက်ရှာသွားတဲ့ ပုံစံမျိုးပေါ့။ အထူးသဖြင့် စစ်အာဏာသိမ်း အစိုးရကနေ တကယ်လို့ နောက်ထပ် ရွေးကောက်ပွဲကနေ ရွေးကောက်ခံ အစိုးရကို အာဏာလွှဲအပ်တဲ့ ပုံစံမျိုး ဒီနည်းနဲ့ နိုင်ငံတကာရဲ့ ဖိအားတွေ နောက်ပြီးတော့ ပြည်တွင်းရဲ့ ထောက်ခံမှုရအောင် လုပ်တဲ့ပုံစံမျိုးဖြစ်တယ်။ အဲ့တော့ ဒီတွေ့ဆုံမှုက သူတို့ရဲ့ နိုင်ငံရေး ထွက်ပေါက် ဖြစ်တဲ့ ၂၀၂၃ ရွေးကောက်ပွဲအတွက် Space ကို ဖန်တီးတဲ့ ပုံစံမျိုးလားပေါ့နော်။ တစ်အချက်က ငြိမ်းချမ်းရေး အကြောင်းပြမယ်၊ ငြိမ်းချမ်းရေးပြီးရင် နိုင်ငံရေးအရ နောက်ထပ် ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ Space ကိုသွားနေတာလား ပေါ့။ အဲ့လိုပုံစံမျိုးတော့ မြင်မိတယ်။ တကယ်တမ်းကတော့ ကျနော်အမြင်အရ စစ်ကောင်စီ ပြောတဲ့ ၂၀၂၃ ရွေး ကောက်ပွဲက ဖြစ်လာဖို့ကတော့ နည်းလမ်းတော့ တော်တော်နည်းတယ်။

မေး-နောက်ဆုံးမေးချင်တာက လတ်တလော နိုင်ငံရေး ပြဿနာအပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး ပြဿနာကို နောက်ဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းက ဘယ်လို နည်းလမ်းမျိုးဖြစ်နိုင်မလဲ။ ဘယ်လို ပုံစံ ဖြေရှင်း သင့်တယ်လို့ ယူဆလဲ။
ဖြေ – အမှန်က ကျနော်တို့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးနည်း လမ်းပါပဲ။ အဲ့လို နည်းလမ်း ဖြစ်ပေါ်ဖို့အတွက်လည်း ပါဝင်ပတ်သက်တဲ့ အင်အားစု အားလုံး ကြိုးစားသင့်တယ် လို့ပဲ ကျနော်မြင်တယ်။ သို့သော် လက်ရှိ အနေအထားမှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကတော့ ဖြစ်နိုင်ဖို့တော့ နည်းလမ်းမရှိသေးဘူးလို့ ကျနော်ထင်တယ်။ ဘာဖြစ်လဲဆိုတော့ NUG နဲ့ စစ်ကောင်စီကြားမှာ အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ တစ်ဖက်နဲ့ တစ်ဖက် အမည်တပ်ပြီးတော့ ဆက်ဆံနေတဲ့ အနေအထားမှာ ဒါက တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းက မဖြစ်နိုင်ဘူး။ နောက်တစ်ခုက တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ပြောရင်တောင်မှ ဘယ်လမ်းကို ဘယ်အပေါ်မှာ အခြေခံတွေ့ဆုံ ဆွေးနွေးမလဲ ဆိုတာက ရှိသင့်တယ်လို့ ကျနော် ထင်တယ်။ သဘောက အထူးသဖြင့် ကေအဲန်ယူက တင်ပြတဲ့ ပုံစံမျိုး စစ်တပ်က နိုင်ငံရေးက ဆုတ်ခွာရမယ်။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ သဘောတူတဲ့ အဲ့လို Condition တွေ ချပြီးမှ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း သွားမယ်ဆိုရင်တေ့ာ ကျနော်တို့ နိုင်ငံကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းတော့ ပေါ်မှာပဲ။

ဒါပေမဲ့ အခုအနေအထားက အပြုတ်တိုက်တဲ့ အထူးသဖြင့် စစ်ကောင်စီတပ် ဘက်က တစ်ဖက်က ငြိမ်းချမ်းရေး ပြောတယ်ဆိုပေမဲ့ တစ်ဖက်က စစ်ရေးလှုပ်ရှားမှုကို မြှင့်တင်တဲ့ အနေအထားမှာကြတော့ ကျနော်ထင်တယ် လောလောဆယ် ဖြစ်နိုင်ခြေအကြောင်းမရှိဘူး။ မှတ်ချက်အနေနဲ့ ကျနော်မြင်တာကတော့ အခုလက်ရှိ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ်မှာ မျှော်နေတာထက် ကိုယ့်ရဲ့ ပါဝါကို တည်ဆောက်ဖို့ လိုတယ်။ အခု အခင်းအကျင်းကတော့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ အခင်းအကျင်းမဟုတ်ဘူးလို့ အဲ့လိုပဲ ပြောချင်တယ်။