Home သတင်း သောင်ရင်းမြစ်ရေတိုးလာသဖြင့် ပျံကျအလုပ်သမားမိသားစုဝင် ၁၀၀ ခန့် နေရာထိုင်ခင်းနှင့် စား သောက်စရာအခက်အခဲကြုံနေရ

သောင်ရင်းမြစ်ရေတိုးလာသဖြင့် ပျံကျအလုပ်သမားမိသားစုဝင် ၁၀၀ ခန့် နေရာထိုင်ခင်းနှင့် စား သောက်စရာအခက်အခဲကြုံနေရ

978
Photo: CJ

မေလ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျမိုးရေစီးဝင်ပြီး မြစ်ရေတိုးတက်လာသဖြင့် မြစ်ကမ်းနား တွင် စစ်ဘေးရှောင်နေကြရသည့် မင်းလက်ပံကျေးရွာမှ တောင်ယာပျံကျ အလုပ်သမားမိသားစု ၃၀ ကျော်မှ ကလေးလူကြီး ၁၀၀ ဦးခန့်သည် နေရာထိုင်ခင်းနှင့် စားသောက်စရာ အခက်အခဲကြုံ နေကြရကြောင်း ၎င်းတို့အားအကူအညီပေးနေသူက ပြောသည်။

မုတ်သုန်မုန်တိုင်းမိုး အဆက်မပြတ်ရွာသွန်းခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ရေသည် နှစ်နိုင်ငံနယ်စပ် တောင်ကုန်းများမှ တောင်ကျမိုးရေစီး၀င်ပြီး မြစ်ရေတက်လာသဖြင့် မြစ်ကမ်းဘေးတွင် နေထိုင်စစ်ရှောင်နေကြသည့် စစ်ဘေးရှောင်ကျေးရွာအစုအဖွဲ့များရေ ဘေးလွတ်ရာ ဆက်လက်ရွှေ့ ပြောင်းနေထိုင်နေကြရသည့်အခြေအနေတွင် ၎င်းစစ်ရှောင်နေရသော ပျံကျအလုပ်သမားမိသားစုဝင် ၁၀၀ ဦးခန့်လည်း နေရာထိုင်ခင်းအခက်အခဲကြုံတွေ့ရခြင်းဖြစ်သည်။

“စစ်ဖြစ်နေတော့ တောင်ယာရှင်တွေလည်း ပြေးရှောင်ကြတော့ တောင်ယာ မလုပ်နိုင်ကြဘူး၊ အဲ့ဒီမှာ အောက်ဘက်က တက်လာပြီး ရာသီပေါ်တောင်ယာနေ့စား၊ ပုတ်ပြတ်၊ လုပ်စားကြတဲ့သူတွေ တိုက်ပွဲ တွေကြားထဲ နေစရာစားစရာမရှိကြတော့ သောင်ရင်းမြစ်ကမ်းဘေး နေနေကြရာမှာ အခုမိုးကြီး လေကြီးကျတော့ ထပ်ပြီးနေစရာစားစရာမရှိကြတဲ့အခြေအနေကြုံ နေကြရတယ်။ အခုတော့ သူတို့ကို ဘုရားကုန်းက ဇရပ်တွေမှာရယ်၊ တောင်ယာပြောင်းစေ့ထားတဲ့ တဲတွေမှာရယ် ခိုနေကြရတယ်၊ ချက်စားပြုတ်စားစရာလည်း မရှိဖြစ်နေတယ်”ဟု ၎င်းစစ်ဘေးရှောင် ပျံကျအလုပ်သမားများအား အကူအညီပေးနေသူက ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ လေးကေကော် ဒေသတိုက်ပွဲများကြောင့် သောင်ရင်းမြစ်ဘေးတွင် နေထိုင်စစ်ရှောင်နေကြသည့် ကျေးရွာအစုအဖွဲ့ ၇ စုရှိနေပြီး မင်းလက်ပံ ကျေးရွာမှ ထီးသဲဘလယ်၊ ကျေးရွာဘက်အထိ စစ်ဘေးရှောင် နေကြရသူ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

Photo:CJ

ယခုအခြေအနေတွင် မုတ်သုန်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုမြေပြိုမှုများ၊ မြစ်ကမ်းပါးပြို ကျမှုများ၊ ရေကြီးရေလွှမ်းမှုများအား ဆက်လက်ကြုံတွေ့နေကြရသည့်အတွက် ကုန်းမြင့် လေဒဏ် မိုးဒဏ်လုံခြုံမည့် နေရာထိုင်ခင်း လိုအပ်ချက်နှင့် စားသောက်စရာများ လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေး အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေသူများ ပြောစကားအရ သိရသည်။

တစ်ပိုင်တစ်နိုင် စစ်ဘေးရှောင် ကူညီပေးနေသူတစ်ဦးက “စစ်ဘေးရှောင်တွေအတွက်က နေရာထိုင်ခင်း ပြောင်းရွှေ့ဖို့ ၊ မိုးတွင်းစားသောက်ဖို့ ရိက္ခာ၊ ဆေးဝါးတွေ အချိန်မီစုထားမှ တော်ကာကျမယ့် သဘောရှိ တယ်၊ နောက်ပြီး တိုက်ပွဲက မရပ်သေးတော့ လမ်းပန်းဆက်သွယ်ရေးက ပြတ်တောက်နေတဲ့ သဘောရှိ တယ်၊ ဒါတွေကို အဖွဲ့အစည်း ကြီးကြီးတွေ၊ တာ၀န်ရှိတဲ့သူတွေ အကူအညီပေးဖို့ လိုအပ်နေပြီ”ဟု ပြော သည်။

ယခုလတ်တလော အခြေအနေတွင် သောင်ရင်းမြစ် ရေကြီးရေလျှံစီး၀င်မှုကြောင့် လေးကေကော် ဒေသ စစ်ရှောင်စခန်း၊ ဖလူးလေး၊ ကျောက်ခက်၊ မင်းလက်ပံ၊ သေ့ဘောဘိုး စစ်ရှောင်အစုအဖွဲ့ မြစ်ကမ်းပါဘေး မြေနုသောင်မြေကြောများ မြစ်ရေတိုက်စားသဖြင့် ကမ်းပါးပြိုကျမျှောပါမှုများ ဖြစ်ပွားလျက်ရှိသည်။

ထို့အပြင် မြစ်ဘေးနေစစ်ဘေးရှောင်ယာယီတဲစု နေရာများအား မြစ်ရေ၀င်ရောက် ရေလွှမ်းလာသည့် အတွက် ယာယီအမိုး အကာတဲများ ဖျက်သိမ်းယူဆောင်ချိန်မရဘဲ စွန့်ခွာနေရာပြောင်းရွှေ့ ကြရသည့် အတွက် စစ်ဘေးရှောင် မိသားစုများမှာ ရေဘေးနှင့် မိုးရာသီတွင်း နေထိုင်စားသောက်ရေး အခက်အခဲ များပါ တစ်ပူပေါ်နှစ်ပူဆင့်သကဲ့သို့ ကြုံတွေ့ခံစားနေကြရသည်ဟု စစ်ရှောင်ဒေသခံများက ပြောသည်။