Home သတင်း တိုက်ပွဲကြောင့် ခလယ်-တံခွန်တိုင်တိုက်နယ်အတွင်း အရပ်သား ၁ဝ,ဝဝဝ နီးပါး နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရ

တိုက်ပွဲကြောင့် ခလယ်-တံခွန်တိုင်တိုက်နယ်အတွင်း အရပ်သား ၁ဝ,ဝဝဝ နီးပါး နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရ

941

မေ ၁၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ်တွင် ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့မှစ၍ စတင်ဖြစ်ပွားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် စစ်ကောင်စီတပ်တို့ ကြားတိုက်ပွဲကြောင့် ဌာနေအရပ်သားပြည်သူ ၁ဝ,ဝဝဝ နီးပါး နေအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

ဝင်းရော်ဒေသရှိ ကျေးရွာပေါင်း ၁ဝ ရွာကျော်မှ အရပ်သားပြည်သူများသည် အခြားမြို့၊ ရွာများနှင့် တောတောင် နေရာများတွင် စစ်ဘေးတိမ်းရှောင်နေကြရပြီး မိုးဦးကာလ ရောက်လာပြီးဖြစ်သည့်အတွက် စစ်ရှောင်အများစု၏ စားဝတ်နေရေး ပိုမိုခက်ခဲလာကြသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

“ နေအိမ်ပစ်ထားပြီး စစ်ရှောင်လာတာ ရက် ၂ဝ ကျော်လာပြီး။ ဘယ်လောက်ထိ ပစ်ကြအုံးမလဲမသိဘူး။ အားလုံးဒုက္ခတွေ ရောက်နေရတယ်။ လယ်စိုက်ရမယ့်အချိန် လယ်မစိုက်ရဲဘူး။ အိမ်လည်းမပြန်ရဲဘူး။ နေ့တိုင်းပစ်ခတ်မှု ရှိနေသေးတယ်။ အလှူရှင်ဆီက ဆန်ကိုပဲ မှီခိုနေရတယ်။ ရွာပြန်ပြီး အလုပ်ပြန်လုပ်ချင်ပြီး” ဟု ဝင်းရော်ဒေသမှ စစ်ရှောင်သူ နော်ဆဲဂေက ကေအိုင်စီသို့ပြောသည်။

ခလယ်၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ နောင်းဒေ့၊ ဘုရားငါးဆူ၊ တံခွန်တိုင်၊ နန်းသိုင်းထွန်၊ တံခွန်တိုင်ရွာလေး၊ ပူလိန်၊ ဒိုင်လွတ်၊ ကမော့ဝမ်းနှင့် အခြားကျေးရွာအသီးသီးမှ ဒေသခံပြည်သူ ၁ဝ,ဝဝဝ နီးပါးသည် ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့မှစကာ နယ်မြေအတွင်း တိုက်ပွဲကြောင့် မွန်ပြည်နယ်နှင့် အခြားမြို့၊ ရွာ၊ ဒေသအသီးသီးသို့ စစ်ဘေး ရှောင်နေကြရပြီး တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေသေး၍ ဒေသခံပြည်သူများမှာ နေရပ်မပြန်နိုင်သေးဘဲ ဆက်လက်စစ်ရှောင်နေရဆဲဖြစ်သည်ဟု စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

တံခွန်တိုင်ရွာ ရဲစခန်းတွင် ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်မတော်တို့ ရက်ပေါင်း ၂ဝ ကျော်ကြာအထိ နေ့စဉ်ပစ်ခတ်မှု ဖြစ်ပွားနေလျက်ရှိပြီး ကျေးရွာထဲသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြရပြီး လူနေအိမ်များနှင့် ဥယျာဉ်ခြံအများအပြားလည်း မီးလောင်ပျက်စီးခဲ့ကြရသည်ဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။