Home သတင်း ကလေးသူငယ်အပါအဝင် အရပ်သား ၉၂ ဦးကို စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်တို့ ဖမ်းဆီးထား

ကလေးသူငယ်အပါအဝင် အရပ်သား ၉၂ ဦးကို စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်တို့ ဖမ်းဆီးထား

955
Photos: KNU-Doo Tha Htu District

မေ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ စစ်ကောင်စီတပ်နှင့် နယ်ခြား စောင့်တပ်-BGF-၁၀၁၄ ပူးပေါင်းစခန်းမှ အသက်မပြည့်သေးသည့် ကလေးသူငယ် (၄)ဦးအပါအဝင် အရပ်သားပြည်သူ (၉၂)ဦးကို စခန်းအတွင်း ဖမ်းဆီးထားကြောင်း KNU သထုံခရိုင် သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူများမှာ ဖားအံမြို့နယ်မှ (၇၀) ဦးနှင့် ဘီးလင်းမြို့နယ်မှ (၂၂)ဦးအနက် အသက်မပြည့်သေးသည့် ကလေးသူငယ် (၄)ဦးပါဝင်သည်ဟု ကေအဲန်ယူ ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သူက “တင်ဝင်းဦးဆောင်တဲ့ BGF-၁၀၁၄နဲ့ စစ်ကောင်စီပူးပေါင်းတပ်က လေးကေစခန်းကို စစ်ကူလာရင်းနဲ့ လမ်းတစ်လျှောက် တွေ့သမျှ လူတွေကို ပေါ်တာဖမ်းတယ်။ ကျောက်ဖျာရွာက အသက်မပြည့်သေးတဲ့လူငယ်လေး (၄) ယောက် လည်းပါတယ်၊ အားလုံးပေါင်း (၉၂) ယောက်၊ အခုချိန်ထိ သူတို့ပြန်လွှတ်ပေးတာ မရှိသေးဘူး၊ လေးကေ BGF စခန်းထဲမှာ ဖမ်းထားတယ်” ဟု သူက KNU သထုံခရိုင် သတင်းနှင့် ပြန်ကြားရေးဌာနသို့ ပြောဆိုထားသည်။

ထို့အပြင် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့သည် ၎င်းတို့၏ လုံခြုံရေးအတွက် ပြည်သူလူထုကို အကာအကွယ်ယူကာ စစ်ရေးအရ အသုံးချနေခြင်းဖြစ်သည်ဟုလည်း ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

KNU သထုံခရိုင် သတင်းနှင့် ပြန်ကြားရေးဌာန၏ ဖော်ပြချက်အရ လေးကေစခန်းရှိ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့သည် လေးကေကျေးရွာအတွင်း လူနေအိမ်များ၊ ဈေးဆိုင်များမှ စားသောက်ကုန်များနှင့် အခြားပစ္စည်းများကို ခိုးယူမှုများရှိလုပ်လျက်ရှိသလို မေလ ၁၀ ရက်နေ့တွင်လည်း ဝင်းတာပန်စခန်းရှိ စစ်ကောင်စီ-BGF တပ်ဖွဲ့များမှ ဝင်းတာပန်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဆန်အိတ် ၂၀ အိတ်ခန့် ခိုးယူသွား ကြကြောင်းလည်း ဖော်ပြထားသည်။

လက်ရှိတွင် ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီ-BGFတပ်ဖွဲ့များနှင့် ကေအဲန်ယူ တပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေမှုများကြောင့် ဒေသခံပြည်သူ(၁၀,၀၀၀)ကျော် နေအိမ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေကြသည်ကို အခွင့်ကောင်းယူ၍ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့သည် ပြည်သူပိုင်ပစ္စည်းများအား ခိုးယူခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်ဟု KNU သထုံခရိုင် သတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် မေလ (၈) ရက်နေ့ ညနေပိုင်းတွင်လည်း နယ်မြေခံကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်နှင့် စစ်ကောင်စီ-BGF ပူးပေါင်းတပ်တို့အကြား လေးကေကျေးရွာအနီး ထိပ်တိုက်ပစ်ခတ် မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဘက်မှ (၄)ဦးသေဆုံးပြီး (၁) ဦးဒဏ်ရာရရှိခဲ့သလို KNDO ပူးပေါင်းတပ်ဘက်တွင်လည်း (၁) ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU သထုံခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနတွင် ဖော်ပြထားသည်။