Home သတင်း BGF ထိန်းချုပ်နယ်မြေအတွင်း စစ်သားစုဆောင်းခြင်း နှင့် အကောက် အစားတောင်းခံခြင်းများ ဆက်တိုက်ပြုလုပ်လာ

BGF ထိန်းချုပ်နယ်မြေအတွင်း စစ်သားစုဆောင်းခြင်း နှင့် အကောက် အစားတောင်းခံခြင်းများ ဆက်တိုက်ပြုလုပ်လာ

944

မေလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေကျေးရွာများဘက်တွင် ပြီးခဲ့သည့် ဧပြီလမှ စတင်၍ BGF တပ်ဖွဲ့၀င်အဖြစ် ဖိအားပေးစုဆောင်းခြင်၊ ဒေသခံများအား မိသားစု ပိုင်ဆိုင်မှုအလိုက် အကောက်အစား ငွေကြေးတောင်းခံခြင်းများ ဆက်တိုက် ပြုလုပ်လာနေကြောင်း ဒေသခံများ ပြောစကားအရ သိရသည်။

ပြီးခဲ့သည့် မေလ ၂ ရက်က ဖားအံမြို့နယ်၊ တံတားဦး၊ ညောင်ကုန်း၊ ဝဲပျံကျေးရွာဘက်တွင် ဗိုလ်တင်၀င်းဦးစီး BGF တပ်များက ဒေသခံများအား ဖမ်းဆီးခေါ် ဆောင်ပြီး တိုက်ပွဲဖြစ်နေသည့် ၀င်းတာပန် ၊ လေးကေရွာများဘက်သို့ ပေါ်တာခိုင်းစေခြင်း၊ စစ်သားစုဆောင်းခြင်း၊ ငွေကြေးကောက်ခံ ပြန်လည်လွှတ်ပေးခြင်းများလုပ်ဆောင်ခဲ့သည်ဟု ဒေသခံသတင်းအရင်း အမြစ်များက ပြောသည်။

ထို့နောက် ယခုရက်ပိုင်းအတွင်း သံလွင်မြစ်အတွင်းရှိ ကော့လုံကျွန်းနှင့် လှိုင်းဘွဲမြို့နယ် ရွှေဂွန်း၊ အင်းနို့သိပ္ပံ အနီး၀န်းကျင်ကျေးရွာများဘက်တွင်ပါ စစ်သားစုဆောင်းခြင်း၊ ငွေကြေးကောက်ခံခြင်း၊ ရွာချင်းဆက်လမ်းများတွင် စစ်ဆေးဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်လာသည့်အတွက် ဒေသခံများ နေရပ်ရွှေ့ပြောင်း ရှောင်တိမ်းနေထိုင်နေကြရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အခုက ဟိုဘက်ကမ်းရွာတွေတင် မဟုတ်တော့ဘူး။ ဒီဘက် ရွှေဂွန်း ၊မြိုင်ကြီးငူ ၊ အင်းနို့သိပ္ပံ၊ လှိုင်းဘွဲဂွင်ဘက် ရွာတွေအထိရောက်လာပြီ။ BGF ဂိတ်တွေလမ်းမမှာ စစ်ဆေးတာတွေ ပိုလုပ်လာတယ်၊ ဒီမြိုင်ကြီးငူ တစ်ကြောက BGF နယ်မြေဆိုတော့ သူတို့ လုပ်ချင်သလို လုပ်နေကြတာ၊ အမိန့်ထုတ်ချင်သလိုထုတ်နေကြတာ၊ ရွာသားစုတယ်၊ BGF လုပ်ဖို့ပြောတယ်၊ ရွာတွေမှာ နှစ်စဉ်ကြေးသဘောမျိုး တစ်အိမ်ကို တစ်နှစ်တစ်သိန်း၊ တစ်သိန်းခွဲ အကောက်အစား တောင်းတယ်၊ ငွေမပေးနိုင်ရင် လူပေးစစ်မှုထမ်းဖို့ဆိုတာမျိုးဖြစ်လာနေပြီ၊ “ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း BGF တပ်များမှ စစ်ကောင်စီနယ်မြေ ရှင်းလင်းသည့် စစ်ဆင်ရေးလုပ်ဆောင်နေမှုများတွင် ပူးပေါင်းအကူအညီပေးရန်အတွက် ဒေသခံပြည်သူအပေါ် စစ်သားစုဆောင်းခြင်း၊ ပေါ်တာအထမ်းသမား ခိုင်းစေခြင်း၊ ငွေကြေးကောက်ခံ ခြင်းများကြောင့် ၊ နေရပ်ရင်းကျေးရွာများတွင် နေထိုင်လိုခြင်းမရှိကြတော့ဘဲ၊ လူလတ်ပိုင်း၊ လူငယ်ပိုင်းနှင့် ကျောင်းနေအရွယ် ကလေးများအား ဘေးကင်းလုံခြုံသည့်ဒေသမြို့ရွာများဘက်သို့ လည်းကောင်း၊ ထိုင်းနိုင်ငံနယ်စပ် ကျေးရွာများရှိ ဆွေမျိုးညီအစ်ကို မောင်နှမများထံသို့ လည်းကောင်း ပို့ဆောင် ရှောင်တိမ်းနေထိုင်နေကြရကြောင်း သိရသည်။

“ခလေးတွေ မြို့ဘက် ပို့ထား၊ နယ်စပ်က ထိုင်းရွာဘက် ပို့ထားရတယ်၊ ဒီမှာ လူတွေ့နေရင် သူတို့ ခေါ်သွားဖို့ လုပ်ကြတယ်။ ဘယ်သူမှ စစ်သားပြန်မလုပ်ချင် ကြတော့ဘူး” ဟု အထက်ပါ အမည်မဖော်လိုသူ ဒေသခံက ဆက်ပြောသည်။

ကရင်ပြည်နယ်အတွင်း KNU-ကရင်အမျိုးသားအစည်းအရုံး ခရိုင်/တပ်မဟာ အများစုတွင် နေ့စဉ်စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်ဖွဲ့ များနှင့် တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံ ကျေးရွာပေါင်း ၁၀၀ ကျော်မှ စစ်ဘေးရှောင်နေရသူ ၁ သိန်းကျော်အထိမြင့်တက်လာနေဆဲဖြစ်ပြီး အမိုးအကာ၊ နေရာထိုင်ခင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စားသောက်စရာများ အရေးပေါ် လိုအပ်ချက်ရှိနေကြောင်း ကရင်အမျိုးသမီးအစည်းအရုံး -KWO နယ်မြေတာ၀န် ရှိသူများ ပြောဆိုချက်အရ သိရသည်။

ယခု မိုးရာသီ ကာလအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါက စစ်ဘေး ရှောင်များအနေဖြင့် ပိုမိုခက်ခဲလာမည့်အရေး၊ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများ အမြန်ဆုံးရောက်ရှိရန်လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူများပြောစကားအရ သိရသည်။