Home သတင်း ဖားအံခရိုင်ရှိ ကော်သူးလေစာသင်ကျောင်းများတွင် ကျောင်းသားဦးရေ ပိုတိုးလာ

ဖားအံခရိုင်ရှိ ကော်သူးလေစာသင်ကျောင်းများတွင် ကျောင်းသားဦးရေ ပိုတိုးလာ

840

မေလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ယခုလာမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင် တပ်မဟာ(၇) နယ်မြေတွင် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန(KECD) စီမံခန့်ခွဲမှုအောက်ရှိ အထက်တန်းနှင့် အလယ်တန်း ကျောင်းများတွင် ယခင်နှစ်ထက် ကျောင်းသူ၊ ကျောင်းသားဦးရေ တိုးလာနေကြောင်း သက်ဆိုင်ရာ ခရိုင်ပညာရေး တာဝန်ရှိသူများ ထံမှ သိရသည်။

KNU ၏ ထိန်းချုပ်နယ်မြေ တပ်မဟာ၊ ခရိုင်ဒေသတချို့တွင် စစ်ရေးပဋိပက္ခများ ပြင်းထန်နေခြင်းနှင့် မြန်မာ အစိုးရကျောင်းများတွင် မတက်ရောက်လိုသူများ ကော်သူးလေကျောင်းများတွင် ပိုမိုပြောင်းရွှေ့လာခြင်းကြောင့် လာမည့် ရက်ပိုင်းအတွင်း ကျောင်းအပ်လက်ခံခြင်း မပြုသေးသည့်အထိ ပြောင်းရွှေ့ ကျောင်းသူ၊ ကျောင်သား အများအပြား ရောက်နှင့်နေပြီးဖြစ်ကြောင်း ဖားအံခရိုင် KECD ပညာရေးမှူး စောဖလဲ့ထူး က ယခုလိုပြောသည်။

“အခု ကျောင်းအပ် မလက်ခံရသေးတာတောင် တခြားဒေသကနေ ရွာထဲမှာ လာကြိုစောင့်နေတဲ့သူတွေ အများ ကြီးပဲ။ အခုက ကျောင်းအုပ်နဲ့ ဆရာဆရာမတွေ၊ စာသင်ဆောင်တွေ ဘော်ဒါဆောင်တွေ မဆံ့မှာကိုတောင်စိုးရိမ် နေကြရတယ်။ သင်ကြားရေး အထောက်အကူပစ္စည်းတွေလည်း မလုံလောက်နိုင်ဘူး။ တကယ်လို့ အကုန်လုံး လက်ခံလိုက်ရင် သေချာတယ် မဆံ့နိုင်ဘူး” ဟု သူက ကေအိုင်စီသို့ ပြောသည်။

လတ်တလောနိုင်ငံရေး အခြေအနေများကြောင့် မြန်မာအစိုးရကျောင်းတချို့ ပိတ်ထားရာမှ ပညာဆက်လက် သင်ယူလိုသည့် ကျောင်းသူ ကျောင်းသားများအနေဖြင့် နီးစပ်ရာ ကော်သူးလေကျောင်းများတွင် လာရောက် ပြောင်းရွှေ့လာကြခြင်းဖြစ်သလို ဒေသတွင်း တိုက်ပွဲများကြောင့် ပြောင်းရွှေ့လာသူများလည်းပါဝင်ကာ ယခုနှစ်တွင် ယခင်ပညာသင်နှစ်ထက် တစ်ဝက်နီးပါးတိုးလာနိုင်ကြောင်း ပညာရေးမှူး စောဖလဲ့ထူးက ဆက်ပြောသည်။

ယခု ဖားအံခရိုင်အတွင်းသို့ ပြောင်းရွှေ့လာသည့် ကျောင်းသူ၊ ကျောင်းသားအများစုသည် တိုက်ပွဲများဖြစ်ပွား နေ သည့် KNU တပ်မဟာ(၁) နယ်မြေနှင့် အခြားဒေသမှဖြစ်ကြပြီး ဖားအံခရိုင်၊ အမှတ်(၁) အထက်တန်းကျောင်း အပြင် သောင်ရင်းမြစ်ကမ်းတစ်လျှောက် ကော်သူးလေ ကျောင်းများတွင်လည်း ယခင်နှစ်ထက် ကျောင်းသူ၊ ကျောင်းသား ဦးရေတိုးလာနေကြောင်း ပညာရေး တာဝန်ရှိသူများက ပြောသည်။

ယခု ဖားအံခရိုင်အတွင်း လူဦးရေ တိုးလာနိုင်သည့် ကျောင်းသူ၊ ကျောင်သားအများစုမှာ အထက်တန်းနှင့် အလယ်တန်း ကျောင်းသူ ကျောင်းသားအများစုဖြစ်ပြီး လာမည့် မေလ ၁၆ ရက်နေ့တွင် ကျောင်းအပ် လက်ခံသွားမည်ဖြစ်သည်ဟု သိရသည်။

ဖားအံ ခရိုင်တွင် အထက်တန်းကျောင်း ၇ ကျောင်းခန့်ရှိပြီး ယခုလို ကျောင်းသူ၊ကျောင်းသား ဦးရေပိုတိုးလာနိုင်သည့်အပေါ် ကျောင်းသား အဆောင်နေရာထိုင်ခင်းများ၊ ကျောင်းဆောင်သစ်များနှင့် ကျောင်းသူ၊ ကျောင်းသားများအတွက် အစားအသောက် ရိက္ခာများအတွက် စိန်ခေါ်မှုများရှိလာနိုင်ကြောင်းလည်း ပညာရေး တာဝန်ရှိသူများက စိုးရိမ်ပူပန်နေကြသည်။

စစ်အာဏာသိမ်းမှုမတိုင်ခင် ကိုဗစ်ကူးစက်မှု ကပ်ရောဂါများနှင့် အာဏာသိမ်းမှုနောက်ဆက်တွဲ ဖြစ်စဉ်များ ကြောင့် ကျောင်းများကို ပိတ်ထားကြရပြီး ကျောင်းသူကျောင်းသား အများစု ပညာသင်နှစ်အရွယ်လွန်လာကြ ခြင်းနှင့် ပညာရေးနှင့်ပိုမို ကင်းကွာသွားမည့်အပေါ် ကျောင်းသားမိဘများမှ စိုးရိမ်မှုများရှိနေသလို တိုက်ပွဲများ ကြောင့်လည်း တိုက်ပွဲမဖြစ်ပွားရာ ဒေသများတွင် ပြောင်းရွှေ့လာကြခြင်းလည်းဖြစ်သည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း KNU တပ်မဟာ၊ ခရိုင်အသီးသီးတွင် စစ်ကောင်စီနှင့်တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေယာဉ်များ၊ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်မှုများကြောင့် လူနေ အိမ်များ၊ စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီးမှုများရှိနေသော်လည်း ဖားအံခရိုင်၊ တပ်မဟာ (၇)နယ်မြေတွင် ယနေ့အချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခြင်းမရှိသေးသည့် နယ်မြေတစ်ခုဖြစ်သည်။

ယခုနှစ် ပညာသင်နှစ်တွင် ဖားအံခရိုင်အတွင်းရှိ ကော်သူးလေစာသင်ကျောင်းများတွင် ကျောင်းသားဦးရေ ပိုတိုးလာသကဲ့သို့ အခြားသော ကေအဲန်ယူ ခရိုင်များရှိ စာသင်ကျောင်းများတွင်လည်း အလားတူ ကျောင်းသား ဦးရေ ပိုတိုးလာနေသည်ကို တွေ့ရှိရသည်ဟု KECD တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရှိရသည်။

ယခင်နှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကေအဲန်ယူ သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်-ထားဝယ်၊ မူတြော်၊ ဒူးပလာယာနှင့် ဖားအံ စသည့် ခရိုင် ၇ ခုတွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနအောက်ရှိ မူလတန်းမှ အထက်တန်းအထိ စာသင်ကျောင်းပေါင်း ၁,၀၉၆ ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ဦးရေ စုစုပေါင်း ၈၉,၈၇၉ ဦးရှိသည်ဟု KECD စာရင်းအရ သိရသည်။