Home သတင်း စစ်ကောင်စီ၏ လူသားဒိုင်းအဖြစ် ဖမ်းဆီးသူများထဲတွင် အမျိုးသမီးနှင့်အသက်မပြည့်သူများ ပါဝင်

စစ်ကောင်စီ၏ လူသားဒိုင်းအဖြစ် ဖမ်းဆီးသူများထဲတွင် အမျိုးသမီးနှင့်အသက်မပြည့်သူများ ပါဝင်

144

မေလ ၁၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ ဘီးလင်းမြို့နယ် လေးကေရွာရှိ စစ်ကောင်စီတပ်စခန်းထံ စစ်ကူသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေလ ၈ ရက်နေ့တွင် ကျောက်ဖျာကျေးရွာ၌ စစ်ရှောင်နေသည့် အမျိုးသမီး၊ အမျိုးသားနှင့် လူကြီးလူငယ်အပါအဝင် အသက်မပြည့်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝင်းတာပန်တပ်စခန်းမှတစ်ဆင့်လေးကေစခန်းသို့ စစ်ကူသွားရန် ကျောက်ဖျာကျေးရွာ ရောက်ရှိချိန်တွင် နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့နှင့် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွား ပြီးနောက် ကျောက်ဖျာကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲတွင် တိမ်းရှောင်နေကြသော စစ်ရှောင်များကို ဝင်ရောက်ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် လေးကေရွာသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသအတွင်းရှိ စစ်ရှောင်ကူညီဆောင်ရွက်ပေးသည့် အမျိုးသမီးတစ်ဦးက “ အဲဒီရွာမှာ တော်တော်များ များပြေးကုန်ပြီး။ ဒါပေမယ့် ဘုန်းကြီးကျောင်းသွားရှောင်တာ တချို့ကျန်တယ်။ ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်က ဘုန်းကြီးကျောင်းဝင်ထဲကိုဝင်ပြီး အဲဒီမှာကျန်တဲ့လူ အကုန်လုံးကို ခေါ်သွားတာ ။ ကျောင်းထဲမှာရှိတဲ့ ကား ၃ စီး၊ သုံးဘီးတစ်စီးကိုလည်း ရိုက်ဖျက်သွားတယ်။ ဖမ်းတဲ့လူကို ပြန်လွှတ်ပြီးလားမလွှတ်သေးဘူးလားတော့ အခုထိ ပြန်ဆက်သွယ်အတည်ပြုမရသေးဘူး။ ရွာထဲကိုလည်း ပြန်ကြည့်မရဲကြဘူး ” ဟုကေအိုင်စီသို့ပြောသည်။

အင်အား ၅၀ ဝန်းကျင်ခန့်ရှိ လေးကေကျေးရွာသို့ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဧပြီလကုန်ကတည်းက ဖားအံမြို့နယ် ဝါးဘိုးတောလမ်းမှတစ်ဆင့်တက်လာခြင်းဖြစ်ပြီး ၎င်းတို့ တက်လာ သည့်လမ်းတွင် နယ်ခြားစောင့်တပ် -BGF အကူအညီယူကာ ဒေသခံများကို လူသားဒိုင်းနှင့် ပေါ်တာဆွဲရန်အတွက် လိုက်လံဖမ်းဆီးမှုများလည်းရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ (၅)ရက်နေ့တွင်လည်း စစ်ကူတက်လာသည့် ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် BGF (၁၀၁၄)တပ်ဖွဲ့နှင့်ပူးပေါင်း၍ ဖားအံမြို့နယ်အတွင်းရှိ ထီးကျူကျေးရွာနှင့် မယ်သနပ် ကျေးရွာကြားရောက်ရှိချိန်တွင် ဆိုင်ကယ်မောင်းလာသည့် အသက် (၄၂)အရွယ် အရပ်သားတစ်ဦကိုလည်း ပစ်သတ်သွားခဲ့ကြောင်း KNU သထုံခရိုင်၊ ဖားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနခွဲက သတင်းထုတ်ပြန်ထားသည်။

လေးကေနှင့် ဝင်းတာပန်စစ်ကောင်စီတပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသအတွင်းမှ ထွက်ခွာပေးရန် နယ်မြေခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)က သတိပေးစာထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်များ ထွက်ခွာခြင်းမရှိသည့်အတွက် ဒေသတွင်း ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည်။

ထိုသို့ပစ်ခတ်မှုဖြစ်ပွားရာတွင် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့များဘက်က ဘီးလင်းမြို့နယ်ရှိ ကျေးရွာများထဲသို့ လက်နက်ကြီးနှင့် လှမ်းပစ်ခတ်သည့်အပြင် မေလ ၁ရက်နေ့တွင်လည်း လေးကေကျေးရွာထဲသို့ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့်အတွက် လူနေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတစ်သောင်းကျော် တောတောင်၊ လှိုဏ်ဂူနှင့် အခြားကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

“လေးကေမှာမနေ့က ပစ်ခတ်တဲ့ အသံတွေကြားရသေးတယ်။ စစ်ရှောင်တွေက များလာတုန်းဘဲ ပြီးတော့ မိုးကလည်းရွာတော့ နေရာထိုင်ခင်းအခက်အခဲရှိတယ်။ ခြင်တွေ၊ အကောင်ပေါက်တော့ သူတို့အတွက် ခြင်ထောင်တွေလည်း လိုအပ်လာတယ်။ ပြီးတော့တချို့က ဆန်ကလွဲပြီးတစ်ခြား အစားအစာမရှိတော့ ထမင်းတစ်မျိုးထဲစားရတာလည်း အဆင်မပြေဘူး။ အကူအညီအရမ်းလိုအပ်တယ်”ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထိုထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များ ခိုလှုံရာနေရာများတွင် အကူအညီပေးသည့်အဖွဲ့အစည်းများ ရောက်ရှိမှုနည်းသလို လက်ရှိအချိန်တွင် မိုးရွာသွန်းသည့်အတွက် အခြေခံစားနပ်ရိက္ခာအပြင် ဆေးဝါး၊ နေရာထိုင်ခင်းနှင့် အမိုးအကာအကူအညီများ အရေးပေါ်လိုအပ်နေကြောင်းလည်း စစ်ရှောင်ကူညီသူထံမှ သိရသည်။