Home သတင်း မဲစာရင်းလိမ်လည် ကောက်ယူရန်ကြိုးပမ်းမှုအပေါ် ဒေသခံများ ဝိုင်းဝန်း ကန့်ကွက်

မဲစာရင်းလိမ်လည် ကောက်ယူရန်ကြိုးပမ်းမှုအပေါ် ဒေသခံများ ဝိုင်းဝန်း ကန့်ကွက်

1064

မေလ ၁၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီမှ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသည့် မြဝတီခရိုင်၊ ဝေါ်လေမြို့တွင် ယမန်နေ့ မေလ ၉ ရက်နေ့က ရပ်ကွက်အလိုက် တစ်အိမ်ချင်း လူဦးရေ စာရင်းကို ပုံစံမျိုးစုံ လိမ်လည်ပြောဆို၍ ကောက်ယူနေသည့်အပေါ် ဒေသခံဘက်က ပြန်လည် ကန့်ကွက်မှုများရှိကြောင်း သိရသည်။

ဝေါ်လေမြို့အတွင်း ရပ်ကွက် (၁)၌ စစ်ကောင်စီ လက်အောက်ခံ မြို့ဦးစီးမှူး ဦးကောင်းရီ၏ ညွှန်ကြားမှုဖြင့် ဆရာမ သဲဦးနဒီစိုးဆိုသူမှ ရပ်ကွက်အတွင်း တစ်အိမ်တက် တစ်အိမ်ဆင်းပြုလုပ်၍ အိမ်ထောင်စု စာရင်းများ လိုက်လံကောက်ယူနေသည်ကို ဒေသခံများမှ မည်သည့်အတွက် ကောက်ယူ နေခြင်းဖြစ်ကြောင်း မေးမြန်းသည့်အပေါ် ဦးစီးမှူးကိုယ်တိုင်ရောက်ရှိလာ၍ ပုံစံမျိုးစုံ လိမ်လည်ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ဦးစီးမှူးဆိုတဲ့သူ ရောက်လာပြီးတော့ ဆိုလာပြားတွေ ဝေပေးချင်လို့ စာရင်းကောက်တာလို့လည်း ပြောတယ်။ နောက်ပြီး အိမ်မီးလောင်ရင် ဒါဘယ်သူ့ မြေမှန်းလည်း သိအောင်မြေပြင်ဆင်းပြီး စာရင်းကောက်တာလို့လည်း ပြောတယ်။ ကျနော်တို့ဒေသခံတွေ ပြန်ဝိုင်းပြောမှ သူက မဲစာရင်း ကောက်တာပါဆိုပြီး ဝန်ခံပြီး ပြန်သွားတယ်။ “ ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အိမ်ထောင်စု စာရင်းကောက်ခံမှုမှ ၎င်းတို့၏ ဆန္ဒမပါဝင်ကြောင်း တင်ပြပြောဆိုသည့်အပေါ် ဦးစီးမှူးဆိုသူနှင့် ဒေသခံအကြား ပြဿနာဖြစ်ပွားခဲ့သေးပြီး ယခုလို စာရင်းကောက်ယူမှုတွင် ရပ်ကွက် လူကြီးများကိုလည်း အသိမပေးခဲ့ကြောင်းနှင့် အဆိုပါ ဒေသတွင် ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင် နေပြီး မှတ်ပုံတင်များကိုလည်း အထွေထွေအုပ်ချုပ်ရေးရုံးတွင် လာရောက်ပြုလုပ်ရန်လည်း ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ အနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပြောဆိုထားပြီး လက်ရှိတွင်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် တိုင်းနှင့်ပြည်နယ် ဒေသတချို့တွင် အိမ်ထောင်စုစာရင်း လိုက်လံ ကောက်ယူမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မတ်လဆန်းပိုင်းတွင်လည်း ကရင်ပြည်နယ်ကောင်စီ၏ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံး၏ ညွှန်ကြားမှုဖြင့် ဖားအံမြို့ ရပ်ကွက်တချို့တွင် နေအိမ်တစ်အိမ် ချင်းစီအလိုက် အိမ်ထောင်စုစာရင်းအတွက် စာရွက်များ လိုက်လံဝေငှ ဖြည့်စွက်ခိုင်းသည့် ဖြစ်စဉ် ရှိခဲ့သေးသည်။

ပြည်နယ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင် ရာ ရွေးကောက်ပွဲကော်မရှင်ရုံးများအလိုက် ပြုစုထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး အတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်ဖွင့်ပွဲကို မတ်လ ၉ ရက်နေ့က ဖားအံမြို့၊ ဇွဲကပင်ခမ်းမ၌ ပြုလုပ်ခဲ့ကြရာ ပြည်နယ်ကောင်စီ ဥက္ကဌစောမြင့်ဦးနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ကရင်ပြည်နယ်တာဝန်ခံ စောဘလှိုင်တို့က တက်ရောက် ပြောကြားခဲ့ကြကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)က သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် နိုင်ငံသား စိစစ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်ကို နယ်မြေအတွင်း ဆောင်ရွက်ခွင့် မပြုတော့ကြောင်းလည်း KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ မှ တပ်မဟာမှူး ဖြစ်သူ ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးက ဧပြီလ ၂ဝ ရက်နေ့စွဲဖြင့် အသိပေးစာ ထုတ်ပြန်ထားသေးသည်။