Home သတင်း ဝေါမြို့မှလာသည့် စစ်ကောင်စီတပ်ယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရ

ဝေါမြို့မှလာသည့် စစ်ကောင်စီတပ်ယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရ

1155
Photo: KIC (ပုံဟောင်း)

မေလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့မှလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ယာဉ်တန်းကို မွန်ပြည်နယ် ကျိုက်ထိုမြို့အနီး အင်္ဂဘိုရွာရောက်ရှိသည့်အချိန် ယနေ့ မေလ ၁၀ရက်နေ့ နေ့လည် ၁၂ နာရီကျော်အချိန်ခန့်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝေါမှတစ်ဆင့် စစ်ကား(၅)စီးဖြင့် ကျိုက်ထိုဘက်သို့ တက်လာခြင်းဖြစ်ပြီး နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့က ခြုံခိုကြားဖြတ်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိသည်ဟု KNU က ပြောသည်။

နယ်မြေခံ KNU တာဝန်ရှိသူတစ်ဦးက “ကျနော်တို့လူတွေက သူတို့ကို ဝင်တိုက်တော့ သူတို့ဘက် ထိတာတွေရှိတယ်။ ထိခိုက်ကျဆုံးမှုအသေးစိတ်ဘယ်လောက်ရှိလဲတော့ မသိရသေးဘူး။ ကျနော်တို့တပ်ဖွဲ့ဘက်ကတော့ ထိခိုက်တာတွေမရှိဘူး” ဟုကေအိုင်စီသို့ပြောသည်။

ဝေါ-ကျိုက်ထိုလမ်းသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ(၁) ဧရိယာထဲတွင်ရှိကာ ထိုလမ်းမပေါ်တွင် နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ကြား မကြာခဏ ပစ်ခတ်မှုဖြစ်ပွားလျက်ရှိသည်။ ပြီးခဲ့သည့် မေလ ၃ရက်နေ့တွင်လည်း အထက်အင်္ဂဘိုရွာရှိ စစ်ကောင်စီတပ်စွဲထားသည့် ကင်းစခန်းတစ်ခုကိုလည်း နယ်မြေခံ KNLA ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ခဲ့သေးသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကေအဲန်ယူ သထုံခရိုင် ဘီးလင်းမြို့နယ်ထဲရှိ လေးကေနှင့် ဝင်တာပန်စခန်းမှာလည်း ယခုအချိန်တွင်စစ်ကူအချို့ရောက်ရှိလာကာ စစ်ကူတက်လာသည့် လမ်းတစ်လျှောက်တွင် နယ်ခြားစောင့်တပ်-BGF နှင့် ပူးပေါင်း၍ ဒေသခံလူထုများကို လူသားဒိုင်းအဖြစ် အသုံးပြုရန်အတွက် လိုက်လံဖမ်းဆီးမှုများလည်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။