Home သတင်း အဝိုင်းခံထားရသည့် ထီးကပလယ်စခန်းကို စစ်ကူအင်အားဖြည့်တင်းရန် စစ်ကောင်စီတပ် ကြိုးပမ်းနေ

အဝိုင်းခံထားရသည့် ထီးကပလယ်စခန်းကို စစ်ကူအင်အားဖြည့်တင်းရန် စစ်ကောင်စီတပ် ကြိုးပမ်းနေ

1030

ဧပြီလ ၁၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၆ ပူးပေါင်းတပ်ဖွဲ့၏ ဝိုင်းဝန်းပိတ်ဆို့ခြင်း ခံထားရသော ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ထီးကပလယ်စခန်းကို စစ်ကောင်စီဘက်မှ စစ်ကူပေးနိုင်ရေး စစ်ကြောင်းချီတက်၍ အင်အား ဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း နယ်မြေခံ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO တပ်မှူးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က အဆိုပါ ထီးကပလယ် စခန်းကို KNDO လုံခြုံရေးတပ်ရင်းနှင့် KNLA (၁၀၃) တပ်ရင်းတို့ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးပမ်းမှုတွင် စစ်ကောင်စီဘက်မှ ရဟတ်ယာဉ် အသုံးပြု ပြန်လည် တိုက်ခိုက်မှုတို့ကြောင့် ဆုတ်ခွာခဲ့ရသည်။

လက်ရှိတွင် အဆိုပါ စခန်းကို စစ်ကူလမ်းကြောင်း ပိတ်ဆို့ထားသောကြောင့် စစ်ကောင်စီဘက်မှ တပ်ရင်း ၄ ရင်းစုဖွဲ့၍ တက်ရောက် စစ်ကူပေးနိုင်ရန် ကြိုးပမ်းနေကြောင်း KNDO လုံခြုံရေးတပ်ရင်းမှ တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး စောအယ်မြထူးက ကေအိုင်စီသို့ ယခုလိုပြောသည်။

၎င်းက “အဲ့ဒီစခန်းက ပြီးခဲ့တဲ့လ ၂၅ ရက်နေ့ကတည်းက အခုချိန်ထိ ထီးကပလယ်-ဝေါလေ ကားလမ်းမကြီးကို ကျနော်တို့ဘက်က ဖြတ်တောက်ထားတော့ အခုအချိန်ထိ သူတို့ လူနာတွေကို ပြန်ပို့လို့မရဘူး။ စစ်ကူလည်း သွားမရဘူး။ အခုက ထီးကပလယ် စခန်းက မိဘမဲ့စခန်းလို ဖြစ်နေတော့ အဲ့စခန်းကို အင်အား ပြန်ဖြည့်ဖို့ အင်အား အလုံးအရင်းနဲ့ တက်လာပြီး ကျနော်တို့ စခန်းတွေကိုပါ တက်ရှင်းတာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ထီးကပလယ်စခန်းကို စစ်ကူပေးနိုင်ရန် စစ်ကောင်စီဘက်မှ တပ်ရင်း ၄ ရင်း စုပေါင်း၍ ဝေါလေမှတစ်ဆင့် လမ်းကြောင်း ဖြတ်တောက်ထားသည့် ဝေါလေ-ကားလမ်းမကြီးအတိုင်းမတက်ဘဲ တောင်ပေါ်လမ်းများကို အသုံးပြု၍ တက်ရောက်လာခြင်းဖြစ်သည်ဟု KNDOက ပြောသည်။

ထိုသို့ တောင်ပေါ်လမ်းအသုံးပြုတက်လာရာတွင် လမ်းကြောင်းရှိ KNDO တပ်ခွဲငယ်စခန်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDO ဘက်မှ ဆုတ်ခွာပေးခဲ့ရကြောင်း၊ လက်ရှိ အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် KNLA (၁၀၃) တပ်ရင်း နယ်မြေသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး စောအယ်မြထူးက ဆက်ပြောသည်။

၎င်း စစ်ကောင်စီ စစ်ကြောင်းအား စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) မှ ဗျူဟာ (၁) ဗျူဟာမှူး မြင့်ကျော် ဦးစီး၍ ခြေမြန်တပ်ရင်း(ခမရ-၅၅၅) ၊(ခမရ-၅၅၆) ၊(ခမရ-၅၆၀) နှင့် (ခမရ-၅၈၅) တပ်ရင်း(၄)ရင်းမှ တပ်ဖွဲ့ ဝင်များပါဝင်ပြီး အင်အား ၂၀၀ကျော်ခန့်ရှိကြောင်း၊ အဆိုပါ စစ်ကြောင်းမှ ရှင်းလင်းခဲ့သည့် KNDO စခန်း ငယ်ကို လက်ရှိတွင် KNDO ပူးပေါင်းတပ်ဖွဲ့မှ ပြန်လည်တက်ရောက်ရှင်းလင်းနေပြီးဖြစ်ကြောင်းလည်း မြေပြင် တပ်မှူးများထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့်လဆန်းပိုင်းမှစ၍ ထီးကပလယ်စခန်းတိုက်ပွဲများကြောင့် ဒေသခံ အရပ်သား နှစ် ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိ အချိန်ထိ နေအိမ် မပြန်ရဲသေးကြဘဲ အစားအသောက်မသန့်ရှင်းမှု၊ အိမ်သာမရှိမှု၊ အမိုးအကာ မလုံလောက်မှုနှင့် လူဦးရေများပြားမှုတို့ကြောင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများရှိလာကြောင်းလည်း စစ်ရှောင်ကူညီသူများက ပြောသည်။

စစ်ကောင်စီအခြေစိုက်ရာ ထီးကပလယ်စခန်းကို ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က KNLA၊ KNDO နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက တက်ရောက်တိုက်ခိုက် သိမ်းပိုက်ရာ အောက်စခန်းကုန်းအထိ သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခြင်းတို့ကြောင့် စခန်းကို မသိမ်းပိုက်နိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသော်လည်း လက်ရှိတွင် ယင်းစခန်းကို ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း KNDOတပ်ဖွဲ့က ပြောသည်။

အလားတူ KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်အတွင်းရှိ လေးကေကော်ဒေသ၊ သင်္ဃန်းညီနောင် ထီးမူးထဒေသဘက်သို့ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်များက လက်နက်ကြီး ပစ်ခတ်ခြင်းအပြင် ကင်းထောက်လေယာဉ်ဖြင့် လာရောက်ထောက်လှမ်းမှုများ ဆက်တိုက်လုပ်ဆောင်နေ၍ တိုက်ပွဲ ပြင်းထန်လာနိုင်ကြောင်းလည်း မြေပြင်တပ်မှူးများက ပြောဆိုကြသည်။

၎င်းအပြင် KNU တပ်မဟာ ၆ နယ်မြေတွင် ယခု ဧပြီလလဝက်အတွင်း စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်း စစ်ကြောင်းများ ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် နယ်မြေခံ KNLA ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF ဘက်မှ ၈၇ ဦးကျဆုံးကာ ၄၅ ဦး ဒဏ်ရာရရှိမှုရှိကြောင်း၊ KNLA ပူးပေါင်းအဖွဲ့ဘက်တွင်လည်း ၁၂ ဦး ကျဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ ၄ ဦး သေဆုံးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။