Home သတင်း လဝက်အတွင်း KNU တပ်မဟာ ၅ နှင့် ၆ နယ်မြေတွင် တိုက်ပွဲပေါင်း ၂၂၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ် ၁၆၈...

လဝက်အတွင်း KNU တပ်မဟာ ၅ နှင့် ၆ နယ်မြေတွင် တိုက်ပွဲပေါင်း ၂၂၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ် ၁၆၈ ဦးကျဆုံး

823
Photo: KNU

ဧပြီ ၁၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး နယ်မြေ တပ်မဟာ(၅) မူတြော်ခရိုင်နှင့် တပ်မဟာ(၆) ဒူးပလာယာခရိုင်ထဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်တို့အကြား ဧပြီလ ၁ ရက်မှ ၁၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၂၂၉ ကြိမ်အထိ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဘက်မှ ၁၆၈ ဦးကျဆုံးခဲ့သည်ဟု KNU က သတင်းထုတ်ပြန်ထားသည်။

KNU တပ်မဟာ(၅)နယ်မြေတွင် ဧပြီလ လဝက်အတွင်း စုစုပေါင်း တိုက်ပွဲ ၁၇၄ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်ဘက်မှ ၈၁ ဦးကျဆုံးပြီး ၄၄ ဦး ဒဏ်ရာရရှိခဲ့သလို KNU တပ်မဟာ(၆)နယ်မြေတွင်လည်း တိုက်ပွဲပေါင်း (၅၅)ကြိမ်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ (၈၇)ဦးကျဆုံးကာ (၄၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ကေအဲန်ယူ တပ်မဟာ(၅)ဘက်မှ (၁)ဦးကျဆုံးပြီး (၇)ဦး ဒဏ်ရာရရှိသွားသလို တပ်မဟာ(၆) ဘက်တွင်လည်း ၁၂ ဦးကျဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

ထို့အပြင် နှစ်ပတ်တာအတွင်း တပ်မဟာ(၅)နယ်မြေထဲတွင် စစ်ကောင်စီတပ် ရိက္ခာပို့သည့် ကား(၂)စီးနှင့် စစ်လက်နက်ပစ္စည်း၊ ရိက္ခာများ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် တံတား (၃)စင်းကိုလည်း နယ်မြေခံ KNLA တပ်ဘက်မှ ဖျက်ဆီးနိုင်ခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က ယနေ့ ဧပြီလ ၁၉ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယခု ဧပြီလ လဝက်အတွင်း စစ်ကောင်စီတပ်ဘက်မှ လူထုများနေထိုင်ရာ ကျေးရွာအတွင်းနှင့် လယ်၊ ယာ၊ ဥယျာဉ်ခြံထဲတွင် စုစုပေါင်း လက်နက်ကြီး ၄၃၀ လုံး ပစ်ခတ်သလို လက်နက်ကြီးကြောင့် ဖာပွန်-ကမမောင်းကားလမ်းမအနီးရှိ ဒေသခံကျေးရွာ လူထု(၂) ဦး သေဆုံးခဲ့ရသည်ဟုလည်း ကေအဲန်ယူ မူတြော်သတင်းစဉ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အလားတူ KNU တပ်မဟာ(၆)နယ်မြေတွင် ဖြစ်ပွားခဲ့သည့် ယခုလ လဝက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုအပြင် ကျေးရွာများထဲသို့ လက်နက်ကြီးများနှင့် ပစ်ခတ်မှုလုပ်ဆောင်သည့်အတွက် ဒေသခံ (၄)ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဘက်မှ ထုတ်ပြန်ထားသည်။