Home သတင်း ဝင်းရော်ဒေသ စစ်ရှောင်ပြည်သူများအား ဆန်အိတ် ၂ဝဝ ခန့် KNU သွားရောက်ထောက်ပံ့

ဝင်းရော်ဒေသ စစ်ရှောင်ပြည်သူများအား ဆန်အိတ် ၂ဝဝ ခန့် KNU သွားရောက်ထောက်ပံ့

781

ဧပြီ ၂၇ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွ ာအုပ်စုတွင် ဧပြီ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲကြောင့် စစ်ရှောင်နေရသည့် ဒေသခံ ပြည်သူ ၃,၀၀၀ နီးပါးအတွက် KNU ဝင်းရေးမြို့နယ် တာဝန်ရှိသူများက ဆန်အိတ် ၂၀၀ခန့် သွားရောက်ထောက်ပံ့မှု ပြုလုပ်သွားခဲ့သည်ဟု သိရသည်။

ခလယ်၊ တံခွန်တိုင်၊ ခလယ်ရွာလေး၊ မြို့ဟောင်း၊ တံခွန်တိုင်ရွာလေး၊ နန်းသိုင်းထွန်၊ ဒိုင်လွတ်၊ ကမော့ဝမ်းနှင့် အခြားကျေးရွာများမှ စစ်ရှောင်နေကြရသည့် ဒေသခံလူထု ၃,ဝဝဝ နီးပါးအား KNU ဝင်းရေးမြို့နယ် တာဝန်ရှိ သူများမှ ပထမအကြိမ်အဖြစ် ဆန်များသွားရောက်ထောက်ပံ့ပေးခြင်းဖြစ်ပြီး ပြည်သူများ၏ အခက်အခဲကို တစ်ဖက်တစ်လမ်းမှ ကူညီပေးခြင်းဖြစ်သည်ဟု မြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

သူက “ ပြည်သူတွေဟာ ကျနော်တို့ရဲ့ ကျေးဇူးရှင်တွေပါ။ သူတို့တွေ စစ်ရှောင်ဒုက္ခရောက်နေရတာကို စာနာတယ်။ သူတို့ဆီကို ဆန်အိတ် ၂ဝဝ နီးပါး သွားရောက်ထောက်ပံ့ပေးတယ်။ ပြည်သူအတွက် ကျနော်တို့ တတ်နိုင်သလောက် ကူညီပေးသွားမယ်” ဟု ယနေ့ ဧပြီ ၂၇ ရက်နေ့တွင် ကေအိုင်စီ သို့ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့က ခလယ်-တံခွန်တိုင်တိုက်နယ်တွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဝင်းရော်ဒေသရှိ ကျေးရွာပေါင်း ၁ဝ ကျော်မှ ဌာနေပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရကာ စစ်ရှောင်သူများတွင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများပါဝင်ပြီး အချို့မှာ သစ်ရိပ်ဝါးရိပ်အောက်တွင်မှာသာ ယာယီတည်ခိုးနေကြရသည်ဟု သိရသည်။

“ စပစ်ကြတဲ့နေက ထွက်ပြေးလာကြတာ ဟိုနားနေလိုက်၊ ဒီနားပြောင်းလိုက်နဲ့ ၁ ပတ်ရှိတော့မယ်။ တိုက်ပွဲဖြစ်တာကြောက်လို့ နေ့လည်းအိပ်မရ၊ ညဘက်လည်း အိပ်မရဘူး။ သေနတ်သံကြားရင် ကြောက်တယ်ပေါ့နော်။ တူမနဲ့ တူမအမျိုးသားလည်း ကျည်ထိလို့ သေခဲ့ရပြီ။ ဒီမှာက ပါလာတာလေးနဲ့ ချက်စားပြီး အဆင်ပြေသလို နေကြရတယ်။ စစ်ဖြစ်တာ မလိုချင်တော့ဘူး။ အမြန်ဆုံးငြိမ်းချမ်းချင်တယ်” ဟု ဝင်းရော်ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဝင်းရော်ဒေသလမ်းမကြီးနှင့် ခလယ်-တံခွန်တိုင်-မုဒုံကားလမ်းမတွင် ခရီးသွားလာမှု နည်းသွားပြီး ကျေးရွာများရှိ ကုန်စည်တင်ကားများလည်း တိုက်ပွဲကြောင့် ပြေးဆွဲမှု ရပ်နားထားရသည့်အတွက် စားသောက်ကုန်များ ပြတ်လပ်မှုရှိလာနေပြီးဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။