Home သတင်း အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်ဆံမှုမပြုရန် တရုတ်သမ္မတကို အရပ်ဖက်နှင့် ပညာရှင်များ အစုအဖွဲ့ ပေါင်း ၅၀၀ ကျော် အိတ်ဖွင့်ပေးစာပေးပို့ခဲ့

အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်ဆံမှုမပြုရန် တရုတ်သမ္မတကို အရပ်ဖက်နှင့် ပညာရှင်များ အစုအဖွဲ့ ပေါင်း ၅၀၀ ကျော် အိတ်ဖွင့်ပေးစာပေးပို့ခဲ့

1084
Photo: Internet

ဧပြီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တရုတ်အစိုးရ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာပြည်တွင် ပြည်သူလူ ထုအပေါ် အကြမ်း ဖက်နေသည့် အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်ပြုသည့် ဆက်ဆံရေးများကို မပြုလုပ်ရန် မြန်မာနိုင်ငံ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ သပိတ်နှင့် သမဂ္ဂ အင်အားစုများအပြင် ရွေးကောက်ခံ ကိုယ်စားလှယ်များပါဝင်သည့် အစုအဖွဲ့ပေါင်း ၅၅၈ဖွဲ့က ဧပြီလ ၂၅ ရက်နေ့စွဲဖြင့် တရုတ်သမ္မတ ရှီကျင့်ဖိန်ထံ အိတ်ဖွင့်စာ ပေးပို့လိုက်သည်။

တရုတ်အစိုးရ နှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် စစ်အာဏာရှင် ဖြုတ်ချရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် တော်လှန်မှုအပေါ် အားပေးထောက်ခံမှုပျက်ကွက်သည့်အပြင် အကြမ်းဖက်လုပ်ရပ်ကို အားပေးသည့် စစ်ကောင်စီအပေါ် စီးပွားရေးငွေကြေး လက်နက်အကူအညီပံ့ပိုးမှုများကို ရပ်တန်းက ရပ်တန့်ရန် သတိပေးလိုခြင်း ဖြစ်ကြောင်း ပြောခွင့်ရ မသဉ္ဇာရွှန်းလဲ့ရည်က ယခုလိုပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ကာလ တရုတ်နိုင်ငံရဲ့ ရပ်တည်မှုတွေအားလုံးနဲ့ လက်ရှိ အခြေအနေထိကို သူတို့ရဲ့ ပါဝင်ပတ်သက်မှုကို ကြည့်မယ်ဆိုရင် အတင်းအဓမ္မ ပြည်သူတွေကို သိမ်းသွင်းအုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ထောက်ခံနေတယ်ဆိုတာ ထင်ရှားနေတယ်။ ဒါကို ရပ်တန်းက မရပ်ဘူးဆိုရင် ကျမတို့တော်လှန်ရေး လုပ်ငန်းစဉ်ထဲမှာ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေက ပါဝင်လာနိုင်ခြေရှိတယ်။ အဲ့ဒါကို ကျမတို့ အထူးစိုးရိမ်ပြီး ဒါကို သတိပေးတဲ့အနေနဲ့ အားလုံးစုစည်းပြီး ထုတ်ပြန်တာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အာဏာသိမ်း စစ်ကောင်စီကို တရုတ်အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းများက တရားဝင် အသိအမှတ်ပြုနေသည့် ကိစ္စရပ်များကြောင့် စိုးရိမ်ပူပန်ရကြောင်းနှင့် အဆိုပါ လုပ်ရပ်များကို အစောတလျင် ပြန်လည် ရုပ်သိမ်းမှုမပြုလုပ်လျှင် တရုတ်နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ် နှံမှုများကို လူထုတော်လှန်ရေး လုပ်ငန်းစဉ်တွင် ထည့်သွင်းဆက်ဆံခံရမည့် အခြေအနေကို ရောက်ရှိလာနိုင်ကြောင်း အဆိုပါ အိတ်ဖွင့်ပေးစာ၌လည်း သတိပေးထားသည်။

“အားလုံး မြင်နေရတဲ့အတိုင်းပဲ စစ်ကောင်စီကိုထောက်ခံသော စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေ ပြိုလဲရေးကို ကျမတို့က ကြိုးစားနေကြတာဖြစ်တယ်။ ဥပမာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကို Sanction (ပိတ်ဆို့မှု) လုပ်ဖို့ ကြိုးစားနေတာတွေ ရှိသလို စစ်ကောင်စီရဲ့ စီးပွားရေးတွေကို အားမပေးဖို့ ပြောနေကြတာရှိပေမဲ့ တရုတ်အနေနဲ့ သူတို့ရဲ့ စီးပွားရေးတွေက ဆက်ပြီးတော့ စစ်ကောင်စီနဲ့ လက်တွဲ ဆောင်ရွက်လျက်ရှိနေတယ်။ လုပ်သမျှ စီမံကိန်းတိုင်းက ပြည်သူလူထုနဲ့ထိပ်တိုက်တွေ့မယ်။ စီမံကိန်း တွေပဲဖြစ်လာမယ်” ဟု မသဉ္ဇာရွှန်းလဲ့ရည်က ဆက်ပြောသည်။

တရုတ်အနေဖြင့် စစ်ကောင်စီကို တော်လှန်နေသည့် အရပ်ဖက်အဖွဲ့ အစည်းများနှင့် ပြည်သူ့အဖွဲ့ အစည်းများနှင့် ဆက်ဆံခြင်းများကို အမြန်ဆုံး ပြန်လည်စတင်ရန်၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ နိုင်ငံရေးပါတီများနှင့် အဆင့်မြင့်နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရန်အပြင် တရားမဝင်သည့် စစ်ကောင်စီ နှင့် စီးပွားရေး လုပ်ငန်းများ၊ ထောက်ပံ့ကူညီမှုရံပုံငွေများနှင့် အခြားအထောက်အပံ့များကို ရပ်တန့်ရန် အဆိုပါ ထုတ်ပြန်ချက်တွင် တရုတ်အစိုးရကို တိုက်တွန်း တောင်းဆိုထားသည်။

ဆက်လက်ပြီး စစ်ကောင်စီ၏ မရိုးသားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်အစိုးရ၏ ရင်းနှီး မြှုပ်နှံမှုများသည် ဖြုန်းတီးမှုသာဖြစ်စေပြီး ၎င်းကို ရပ်တန့်ရန်နှင့် တရားမဝင် စစ်တပ်အား အသိအမှတ်ပြုခြင်းနှင့် တရားဝင်မှု ဖြစ်စေသည့် အဆင့်မြင့်တွေ့ဆုံမှုများကို ရပ်တန့်ရန် တို့ကိုလည်း အိတ်ဖွင့်ပေးစာတွင် ဆက်လက် တိုက်တွန်းထားသည်။

တရုတ်နိုင်ငံအနေဖြင့် ယခင် အာဏာသိမ်းမှု စတင်ချိန်တွင် တော်လှန်ရေး အင်အားစုများအပေါ် ထောက်ခံအားပေးသယောင် ကြားနေမူဝါဒဖြင့် ကျင့်သုံးဆောင်ရွက်ခဲ့သော်လည်း ယူကရိန်းအရေး စတင်ဖြစ်ပေါ်ချိန်မှစ၍ စစ်ကောင်စီအပေါ် အားပေးထောက်ခံသည့် လုပ်ရပ်များ သိသိသာသာ တိုးမြှင့်လုပ်ဆောင် လာနေကြောင်း တတ်သိပညာရှင်များက သုံးသပ်ပြောဆိုကြသည်။

ထို့အပြင် ပြီးခဲ့သည့် ယခုလ ဧပြီလဆန်း ၁ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တရုတ်နိုင်ငံတွင် တခမ်းတနား တွေ့ဆုံ ခဲ့ပြီး စစ်ကောင်စီကို တရုတ်အနေဖြင့် ထောက်ခံမည်ဖြစ်ကြောင်း ဦးဝဏ္ဏမောင်လွင်ကို ဝမ်ယိက ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဝှာသတင်းဌာနမှတဆင့် အလေးပေးဖော်ပြမှုများ ပြုလုပ်ခဲ့သည်။

၎င်းအပြင် ဘဏ္ဍာရေးအကူအညီအနေဖြင့် အမေရိကန်ဒေါ်လာသန်း၁၀၀ ကျော် ပေးအပ်ခဲ့သလို တရုတ် တွင် မြန်မာကောင်စစ်ဝန်ရုံးသစ်ဖွင့်ခွင့်ပေးခဲ့ပြီး အရေးယူ ပိတ်ဆို့မှုများကို ပူးတွဲဆန့်ကျင်ရန်လည်း ကတိပြုခဲ့ကြသည်။ တရုတ်၏ ပိုးလမ်းမ စီမံကိန်းဖြစ်သည့် ရပ်ဝန်းနှင့် လမ်းမအစီအစဉ်အောက်တွင် ပူးပေါင်းဆောင်ရွက်မှု မြှင်တင်ရန် ကတိပြုခဲ့ကြသလို ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကိုလည်း စစ်ကောင်စီမှ အိမ်ရှင်အနေဖြင့် ကျင်းပစေမည့် စီမံကိန်းများကိုပါ ကတိပြုခဲ့ကြသည်ဟု သတင်း မီဒီယာများတွင် ဖော်ပြပြောဆိုထားသည်။