Home သတင်း လေးကေကော်၊ ထီးမူးထဒေသဘက်သို့ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေယာဉ်ဖြင့် ထောက်လှမ်းခြင်းများ စစ်ကောင်စီတပ် ဆက်တိုက်လုပ်ဆောင်

လေးကေကော်၊ ထီးမူးထဒေသဘက်သို့ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေယာဉ်ဖြင့် ထောက်လှမ်းခြင်းများ စစ်ကောင်စီတပ် ဆက်တိုက်လုပ်ဆောင်

790
Photo: CJ

ဧပြီ ၁၉ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်အရုံး- တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်အတွင်းရှိ လေးကေကော်ဒေသ၊ သင်္ဃန်းညီနောင် ထီးမူးထဒေသဘက်သို့ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်များက လက်နက်ကြီး ပစ်ခတ်ခြင်းအပြင် ကင်းထောက်လေယာဉ်ဖြင့် လာရောက်ထောက်လှမ်းမှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု မြေပြင်သတင်းအရ သိရသည်။

လေးကေကော်ဒေသ၊ သင်္ဃန်းညီနောင် ထီးမူးထဒေသဘက်သို့ ဧပြီလ ၁၈ ရက် ၊ ည ၁၀နာရီအချိန်တွင် စစ်ကောင်စီ နှင့် BGF ပူးပေါင်းတပ်များ သည် KNLA ပူးပေါင်းအဖွဲ့များရှိနိုင်သည့် နေရာများဘက်သို့ ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်သည့်အပြင် ည ၁၂နာရီကျော်အချိန်နှင့် ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ကင်းထောက်လေယာဉ်ဖြင့် ပျံသန်းကင်းထောက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့သတင်းအရင်းအမြစ်တစ်ခုက ယခုလို ပြောသည်။

၎င်းက “ညက ၁၀ နာရီကျော်မှာ ညီနောင်ဘက် ၃၅၅ တက်ရင်းဘက်မှာ တိုက်ပွဲ ဖြစ်တယ်၊ ညီနောင်ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးနဲ့ ရွာတွေဘက် ပစ်ထုတ်တယ်။ လေးကေကေယ်ဘက်လည်း ညက တိုက်ပွဲဖြစ်တယ် ၊ လက်နက်ကြီးပစ်တယ်၊ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိဘူး။ ညက လေယာဉ်ကင်းထောက် လာဝဲနေတယ်၊ အခု မနက်ပိုင်း ၆ နာရီကျော်ကျော်မှာလည်း ဂျက်တိုက်လေယာဉ် လာဝဲပြီး ပတ်ပျံ နေတာ ၇ ပတ် လောက်ဝဲ ပျံသွားတယ်၊ ပစ်တာဗုံးကြဲတာတော့ မလုပ်သွားဘူး “ဟု ပြောသည်။

Photo: CJ

ထို့အပြင် ဝေါလေနှင့် ကနဲလေး၊ မော်ခီးဘက်တွင်လည်း နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများရှိနေသလို လတ်တလောအခြေအနေတွင် စစ်ကောင်စီ နှင့် BGF ပူးပေါင်းတပ်ဖွဲ့များ ပြန်မဆုတ်ဘဲ အင်အားတိုးချဲ့မှုများ လုပ်ဆောင်လာနေသရွေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည့် အခြေအနေတွင်ရှိသည်ဟု ၎င်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလတွင် KNU တပ်မဟာ ၆ နယ်မြေ( ဒူးပလာယာခရိုင်) အတွင်း စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်း စစ်ကြောင်းများ ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် နယ်မြေခံ KNLA ပူးပေါင်းအဖွဲ့များနှင့် ၁၅ ရက်တာ ကာလအတွင်း နှစ်ဖက် ထိတွေ့တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF ဘက်မှ ၈၇ ဦး ကျဆုံးကာ ၄၅ ဦး ဒဏ်ရာရရှိမှုရှိကြောင်း KNU ဘက်က သတင်းထုတ်ပြန်ထားသည်။

ထို့အတူ KNLA ပူးပေါင်းအဖွဲ့ဘက်တွင်လည်း ရဲဘော် ၁၂ ဦး ကျဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ ၄ ဦး သေဆုံးခဲ့သည်ဟု KNU၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေတွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ဖြစ်ပွားသည့် တိုက်ပွဲအတွင်း လူနေအိမ်၊ သာသနိက အဆောက်အဦး၊ ခရစ်ယာန် ဘုရားကျောင်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိနေပြီး နေရပ်စွန့်ခွာ စစ်ဘေးရှောင်တိမ်းနေကြရသည့် စစ်ဘေးရှောင်ပြည်သူ ၃၀,၀၀၀ သောင်း၀န်းကျင်နေရပ် မပြန်နိုင်သေးဘဲ ထိုင်း-မြန်မာ နယ်စပ်သောင်ရင်းမြစ်ဘေး နေရာများနှင့် ကော့ကရိတ်တောင်ပိုင်း ဟောင်သရောမြစ် တစ်ဘက်ကမ်းကျေးရွာများဘက်တွင် ခိုလှုံနေထိုင်နေကြရဆဲ ဖြစ်သည်ဟု သိရသည်။