Home သတင်း ဒေါ်စု၏ ပုံတူပန်းချီကားကို ကိုရီးယားရောက် ကရင်လူငယ်များ ဝမ် ၂၂ သိန်းဖြင့် လေလံဝယ်ယူ

ဒေါ်စု၏ ပုံတူပန်းချီကားကို ကိုရီးယားရောက် ကရင်လူငယ်များ ဝမ် ၂၂ သိန်းဖြင့် လေလံဝယ်ယူ

712
Photo: ကိုရီးယားကရင်လူငယ်

ဧပြီလ ၁၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကိုရီးယားရောက် မြန်မာမိသားစုဝင်များမှ မြန်မာ့နွေဦးတော်လှန်ရေးအပေါ် ငွေကြေးထည့်ဝင်လှူဒါန်းနိုင်ရန် ရည်ရွယ်ပြီး ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပုံတူ Paper Art ကားချပ်ကို လေလံတင်ရောင်းချရာ ကိုရီးယားရောက် ကရင်လူငယ်များမှ ကိုရီးယားဝမ် ၂၂ သိန်းဖြင့် ဝယ်ယူခဲ့ကြောင်း အဆိုပါ လူငယ်များက ပြောသည်။

ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၊ ဖူးပြောင်းရပ်ကွက်ရှိ Rainbow မြန်မာ စားသောက်ဆိုင်တွင် ပြုလုပ်သည့် သင်္ကြန်ပွဲတော်အထိမ်းအမှတ်အနေဖြင့် အဆိုပါ ဒေါ်အောင်ဆန်းစုကြည်ပုံတူ Paper Art ကားချပ်ကို ဝမ် ၃သိန်းဖြင့် ကြမ်းခင်းစျေးခေါ်ခဲ့ရာ ကိုရီးယားရောက် ကရင်လူငယ်များမှ ဝမ် ၂၂ သိန်းဖြင့် လေလံဝယ်ယူအောင်မြင်ခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ ကရင်လူငယ်တစ်ဦးက ယခုလိုပြောသည်။

၎င်းက “အဓိကက ဆိုင်ကနေပြီးတော့ လေလံ တင်ပေးတာပေါ့။ အဓိကက တော်လှန်ရေးအတွက် ပြန်လှူဖို့အတွက် လေလံတင်တာပေါ့။ အဲ့တော့ကျနော်တို့ ကရင်လူငယ်တွေအနေနဲ့လည်း တော်လှန်ရေးအတွက် အထောက်အကူဖြစ်အောင် ဝယ်လိုက်တဲ့ သဘောပါ။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ ပုံတူ Paper Art ကားချပ်ကို ကိုရီးယားနိုင်ငံရောက် တက်တူးဆရာဖြစ်သူ ရိုးတင့်နွယ်မှဆွဲသားဖန်တီး ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ၎င်းကားချပ်ကိုလည်း ကိုရီးယား ကရင်ဘုန်းကြီးကျောင်းဖြစ်သည့် စောသစ္စာဝါရီကျောင်းတွင် လှူဒါန်းထားကြောင်းလည်း ထိုကရင်လူငယ်က ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းများတွင်လည်း သွေးချင်းများ၏ လမ်းပြကြယ်အမည်ဖြင့် ကရင့်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီး၏ ပုံတူ ပန်းချီကားကို KOA (Karen Organization of America) မှ USD 10,000 ဖြင့် လေလံစျေးပေးထားကြောင်းနှင့် ၎င်းစျေးထက် ပိုပေးနိုင်မည့်သူကိုလည်း ဖိတ်ခေါ်ခဲ့သေးသည်။