ဧပြီ ၁၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်း အာဏာသိမ်းပြည်နယ် စစ်ကောင်စီ နှင့် လက်အောက်ခံဌာနဆိုင်ရာများ ကျင်းပနေသည့် သင်္ကြန်ပွဲတော် သင်္ကြန်အတက်နေ့တွင် ဗုံးပေါက်ပွဲမှု ၅ ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယမန်နေ့ သင်္ကြန်အတက်နေ့တွင် ဖားအံတိုင်းရင်းဆေးရုံ အနောက်လမ်း၊ မြိုင်ကလေး ဘိလပ်မြေစက်ရုံ မြစ်ရေတင်ရေတွန်းစက်၊ အိန္ဒုတိုက်နယ် ရဲစခန်းနေရာများတွင် ဗုံးပေါက်ကွဲမှု ၅ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဖားအံမြို့ခံများ၏ ပြောစကားအရ သိရသည်။
“မနက်ပိုင်းမှာ မြိုင်ကလေးဘက်က အသံအကျယ်ကြီး ၂ ကြိမ်ကြားရတယ်၊ ဂိုးရှိုးရွာ သံလွင်မြစ်ဘေးကနေ မြိုင်ကလေးစက်ရုံကို မြစ်ရေတွန်းပို့တဲ့ ရေစက်ရုံလို့ သိရတယ်၊ နေ့ခင်းဘက်မှာ တိုင်းရင်းဆေးရုံနောက်ဘက်လမ်းမှာ ထပ်ပေါက်တယ်၊ ရဲနဲ့စစ်တပ်တွေ လမ်းပိတ်စစ်နေတာ တွေ့တယ်၊ ညနေပိုင်းမှာ အိန္ဒုရဲစခန်းမှာ ဗုံး၂ လုံးပေါက်တယ်။ နောက်ပြီး အိန္ဒုအုပ်ချုပ်ရေးရုံးလည်း ဗုံးပေါက်တယ် ကြားသိရတယ်၊ ဟုတ်မဟုတ်တော့ သေချာမသိရဘူး၊ ထိခိုက် ဒဏ်ရာရတာတွေတော့ မသိရသေးဘူး”ဟု ဖားအံမြို့ခံတစ်ဦးက ပြောသည်။
ယခုနှစ် သင်္ကြန်ကို ပြည်နယ် စစ်ကောင်စီ၏ လက်အောက်ဌာနဆိုင်ရာများနှင့် ၎င်းတို့ကို ထောက်ခံအားပေးသူများသာ ရေကစားကြပြီး မြို့ခံအများစုမှာ ရေထွက်ကစားခြင်းမရှိကြောင်း အဆိုပါမြို့ခံက ဆက်လက်ပြောဆိုသည်။
စစ်ကောင်စီ ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၇ ခုခန့်ဆောက်လုပ်ထားသည့် ဖားအံမြို့ ကမ်းနားလမ်းတွင် ကောင်စီလူကြီးများ လှည့်လည်စဉ်အချိန်တွင် ရေကစားခြင်း သင်္ကြန်ယိမ်းကပြခြင်းတို့အား ခဏတာ ပြုလုပ်ပြီး အတက် နေ့ ညနေပိုင်းတွင် စစ်ကောင်စီ ဗဟိုမဏ္ဍပ်သီရိကွင်း၌ သင်္ကြန်အက ပြိုင်ပွဲတွင်လည်း စစ်ကောင်စီ ဌာနဆိုင်ရာ အကအဖွဲ့များ၊ အမှတ်ပေးဒိုင်များ၊ စစ်ကောင်စီလူကြီးများဖြင့်သာ ဒေသခံ၊ မြို့ခံပရိသတ်မပါဘဲကျင်းပခဲ့ကြောင်း ၊ သီရိကွင်းနှင့် စစ်ကောင်စီပြည်နယ်ရုံးနှင့် ပြည်နယ်ရဲတပ်ဖွဲ့ ရုံးလမ်းမများ ၊ လမ်းသွယ်များအား လမ်းပိတ်ထား သည်မှာ ကြာပြီဖြစ်ကြောင်း ဖားအံ ဒေသခံများက ပြောသည်။

ဖားအံမြို့ပေါ် နေထိုင်သူတစ်ဦးက “ဖားအံသင်္ကြန် အတက်နေ့ဆိုတာ ကျေးရွာတွေဘက်က မြို့ကိုတက်လာပြီး တစ်နေ့ကုန် လှည့်လည် ရေဆော့တဲ့သင်္ကြန်ပါ၊ အခုက စစ်ကောင်စီ မဏ္ဍပ်တွေပဲရှိတယ်၊ သူတို့လူကြီး လမ်းကြောင်း လာချိန်လေးကတယ်၊ ရေပက်တယ်၊ ပြီးရင် ဘယ်သူမှ မရှိတော့ဘူး။ မနက်ပိုင်းကတည်းက ဗုံးပေါက်တယ်ဆိုတာ သတင်းဖြစ်နေတော့ လူကြီးတွေလည်း ဘုန်ကြီးကျောင်း မသွားဖြစ်တာများတယ်၊ ဘယ်အချိန်ဘာဖြစ်မလဲ မသိတော့အိမ်မှာပဲ သီလယူ ဥပုဒ်စောင့်တာမျိုးပဲရှိတယ်၊ စစ်ကောင်စီ ပြန်/ဆက် ဌာနကတော့ ဖားအံသင်္ကြန်စည်ကားကြောင်း လွှင့်နေတာတော့တွေ့ရတယ်၊ ဒါပေမဲ့ ပရိသတ်မပါဘူး” ဟု ပြောသည်။
ကရင်ပြည်နယ် သင်္ကြန်ကာလအတွင်း မြ၀တီ လေးကေကော်ဒေသ ၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ဖာပွန်ဒေသများတွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေခြင်း၊ စစ်ကင်းစခန်းတိုက်ခိုက်ခံရမှုများနှင့် BGF ကင်းစခန်းတိုက်ခိုက်ခံရမှုများ ဖြစ်ပွားခဲ့သည်။
ထို့အပြင် ဖားအံမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားနေမှုကြောင့် ဒေသတွင်း စစ်ကောင်စီတပ်များသည် သံလွင်တံတားနှင့် ဖားအံမြို့၀င်၊ မြို့ထွက် နေရာများတွင် ဒေသတွင်း သွားလာနေသူများအား ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။



















