Home တွေ့ဆုံမေးမြန်းခန်း ဖမ်းဆီးခံ(ခမရ-၅၅၅) စစ်ကြောင်း(၂) စစ်ကြောင်း မှူး ဗိုလ်မှူးစန်းယုနှင့် တွေ့ဆုံမေးမြန်းခြင်း (အင်တာဗျူးကဏ္ဍ )

ဖမ်းဆီးခံ(ခမရ-၅၅၅) စစ်ကြောင်း(၂) စစ်ကြောင်း မှူး ဗိုလ်မှူးစန်းယုနှင့် တွေ့ဆုံမေးမြန်းခြင်း (အင်တာဗျူးကဏ္ဍ )

2652

ပူးပေါင်းတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၅၅၅) စစ်ကြောင်း(၂) စစ်ကြောင်း မှူး ဗိုလ်မှူးစန်းယုနှင့် ကေအိုင်စီ တွေ့ဆုံမေးမြန်းခြင်း

ပြီးခဲ့သည့် မတ်လ ၂၁ရက်နေ့က မြဝတီတောင်ဘက်ရှိ မောခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တို့ တက်ရောက်သိမ်းပိုက်ခဲ့စဉ် ခြေမြန်တပ်ရင်း(ခမရ-၅၅၅) စစ်ကြောင်း(၂) စစ်ကြောင်းမှူး ဗိုလ်မှူးစန်းယုသည် KNLA ပူးပေါင်းတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ဗိုလ်မှူးစန်းယုအား မောခီးစခန်းသိမ်းတိုက်ပွဲဖြစ်စဉ်အပါအဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်စဉ် ၊ တပ်တွင်းစည်းလုံးမှုအခြေအနေနှင့် ရှေ့တန်းရောက် တပ်မှူးတပ်သားများ၏ အခြေအနေများအား မေးမြန်းထားသည်များကို စုစည်းတင်ပြလိုက်ပါသည်။

အပိုင်း(၁)

KIC – ဖမ်းဆီးခံရမှုမတိုင်ခင် မောခီးစခန်းက ဖြစ်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲ ဖြစ်စဉ်ကို ပြန်ပြောပြပါအုံး။
လက်ရှိ ဖြစ်စဉ်မတိုင်ခင် မောခီးစခန်းမှာ တာဝန်ထမ်းဆောင်တယ်။ ၂၀၂၂၊ ၁လပိုင်းလောက်မှစပြီး တာဝန် ထမ်းဆောင်တယ်။ ကျနော်က လှုပ်ရှား စစ်ကြောင်းမှူး ဖြစ်တဲ့အတွက် စခန်းမှာတော့ မနေရဘူး။ သွားလာလှုပ်ရှားပြီး တော့မှ တာဝန်ထမ်းဆောင်ရတယ်။ သွားလာလှုပ်ရှားပြီး တာဝန်ထမ်းဆောင်နေတော့ ဒေသခံ တိုင်းရင်းသားတွေနဲ့ လည်း တော်တော်လေး အဆင်ပြေပါတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့က အဲ့မှာ တောင်ယာခုတ် ဘာခုတ် လုပ်ကြ တယ်။ အဲ့နားတစ်ဝိုက်က DKBA တပ်ရင်း (၉၀၈)က ဗိုလ်ကလဲ့တို့လည်းရှိ တယ်။ ကျနော်တို့နဲ့ တရင်းတနှီးတော့ နေထိုင်ကြတယ်။ ညီလို အစ်ကိုလိုပဲ။ အဲ့အချိန်မှာ ကျနော်တို့နဲ့ စစ်ရေးတင်းမာမှု အနေအထားက မြန်မာတစ်ပြည်လုံး မှာဖြစ်နေပေမဲ့လည်း ကျနော်တို့ဘက်မှာတော့ ညီအရင်းအစ်ကိုပမာပဲ နေထိုင်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ကျနော်တို့ လိုအပ်တဲ့ အကူအညီရှိရင်လည်း သူတို့က လုပ်ပေးတယ်။ အဲ့လိုပဲ နေကြတယ်။

အဲ့လိုနေရင်းနဲ့ပဲ ၂၁ ရက်နေ့မှာတော့ နိုင်ငံရေး အခြေအနေကြောင့်ပဲ ကျနော်တို့စခန်းကို အင်အားအလုံးအရင်း နဲ့ တက်ရောက်တိုက်ခိုက်ခြင်းကို ခံရတာပေါ့။ အဲ့မတိုင်ခင်မှာ ကျနော်တို့ဘက်က စျေးဝယ်သွားရင်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ခဲ့တယ်လိုကြားတယ်။ အဲ့လိုကြားတဲ့အချိန်မှာ ကျနော်တို့ဘက်မှာ အရာရှိဆိုလို့ ကျနော်တစ်ယောက်ပဲ ရှိတော့တယ်။ ကျန်ခဲ့တော့ ကျနော်က စခန်းမှာ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့နေပေးတယ်။ နေရင်းနဲ့ ၂၁ မှာ တော့ သူတို့ဘက်က အင်အားတော်တော်များပါတယ်။ ဒရုန်းတွေပါ သုံးပြီးတော့တက်လာတာပေါ့။ ကျနော်တို့လည်း နာရီပေါင်း ၅နာရီလောက်တော့ ခုခံခဲ့တယ်။ နောက်ပိုင်းကျတော့ ဘယ်လိုမှ မခုခံနိုင်တော့ဘူး။ သူတို့ရဲ့ လူအင်အား၊ လက်နက်အင်အား အနေအထား ကွာဟလာတော့ လက်နက်ချ အရှုံးပေးလိုက်ရတယ်။

KIC – ဖမ်းဆီးခံလိုက်ရတဲ့အချိန်မှာ သူတို့ (KNLA) ဘက်က ဘယ်လိုမျိုးဆက်ဆံသလဲ။
ကျနော်တို့ လက်နက်ချပြီးတော့ အဖမ်းခံရတော့ တပ်ရင်း ၂၀၁ တပ်ရင်းမှူးဆီ ခေါ်သွားတယ်။ ဒါပေမဲ့ ပထမ တစ်ရက်တော့ မတွေ့ရဘူး။ နောက်တစ်ရက်တော့ တွေ့ရတယ်။ ရောက်ရောက်ချင်းမှာတော့ ကျနော်ကလည်း ခြေထောက်နာနေတယ်။ ကျောက်ဆောင်နဲ့ ရိုက်မိတော့။ သူတို့ဘက်က ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံပါတယ်။ ရေမိုးချိုးခိုင်းတယ်။ ကျနော်က အဝတ်အစားမပါဘူး။ ရောက်သွားတဲ့အချိန်က အတွင်းခံ တစ်ထည်နဲ့ စွပ်ကျယ်တစ် ထည်ပဲ ပါတယ်။ ဟိုရောက်တော့ သူတို့ရဲ့ အဝတ်အစားတွေ သူတို့ လုပ်ပေးတယ်။ လုပ်ပေးပြီးတော့ ထမင်းတွေ ကျွေး တယ်။ သူတို့ကတော့ သုံ့ပန်းဥပဒေအရတော့ ချုပ်နှောင်စရာရှိတာတော့ ချုပ်နှောင်မယ်။ ဒုက္ခပေးတာတော့ မလုပ်ဘူး ဆိုပြီး အဲ့လို ပြောပြီးတော့မှ အစားသောက်တွေတော့ အတတ်နိုင်ဆုံး ကောင်းမွန်အောင် လုပ်ပေးတယ်။

KIC – အဲ့မှာ ဘယ်နှစ်ရက်ကြာသွားလဲ။
ကျနော့်အနေနဲ့တော့ အဲ့မှာ ၂ရက်ကြာသွားတယ်။ အဲ့မှာ တပ်ရင်းမှူးနဲ့ တွေ့ပြီးတော့ ကျနော့်ကို မေးတယ်။ မင်းက စစ်ကြောင်းမှူးလား ဘာလားပေါ့။ ဟုတ်ပါတယ် ကျနော်က စစ်ကြောင်းမှူးပါလို့ ပြောတယ်။ သူက ပြောတယ်။ မင်းတို့လုံခြုံရေးက ဒီမှာ စိတ်မချရဘူးဆိုပြီး နောက်တန်းကို ရွှေ့ပေးမယ်ပြောပြီး နောက်တစ်ရက်မှာပဲ ကျနော်တို့ကို အဝတ်အစားလေးတွေ ဝယ်ပေးတယ်။ ကျနော်တို့မှာလည်း အဝတ်အစားလည်း ဘာမှမရှိတော့ဘူးလေ။ အဲ့အဝတ်အ စားနဲ့ အမှတ်တရ ဓါတ်ပုံ ဘာညာရိုက်ပြီးတော့ နောက်တစ်နေရာကို ရွှေ့ပေးလိုက်တယ်။

KIC – လက်ရှိ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကော တပ်မှူးတစ်ဦးအနေနဲ့ ဘယ်လိုသဘောထား ရှိလဲ။ ဘယ်လိုမြင်လဲ။
ဖေဖော်ဝါရီလ ၁ရက်နေ့မှာ မဲမသမာလို့ ဆိုပြီး အာဏာသိမ်းတယ်။ အာဏာထိန်းတယ်ပေါ့နော်။ ဒီကြားထဲမှာ အကုန်လုံး ဆန္ဒပြတဲ့ ပြည်သူတွေနဲ့လည်း ကမောက်ကမတွေ ဖြစ်တာပေါ့။ အဲ့အချိန်တုန်းက ကျနော်တို့က တောထဲမှာ နေရတော့ မြန်မာဖုန်းလိုင်း မမိဘူး။ Up to date တော့ ဘာမှမသိဘူး။ ဘာမှမသိပေမယ့်လည်း တစ်ဆင့်စကားတစ် ဆင့်ကနေ တစ်လတစ်ချိန် ပေးတက်တာဆိုလို့ရှိရင် အနေအထားလေးတစ်ခုခုတော့ သိရတာပေါ့။ ဘယ်ဘက်မှာတေ့ာ ဘာဖြစ်နေပြီးလဲ ဆိုတာတွေတော့ သိရပေမဲ့ အတိအကျတော့ ဘာမှ မသိရဘူး။

နိုင်ငံရေးဖြစ်စဉ်အပေါ်မှာတော့ တစ်ဖက်နဲ့တစ်ဖက်ပေါ့။ နဂိုတုန်းက ကျနော်တို့တွေ NCA လမ်းကြောင်းပေါ် မှာ လျှောက်လှမ်းနေကြတာတွေ ရှိတယ်။ အဆင်လည်း တော်တော်ပြေကြတယ်။ ဒီဟာလေးကိုလည်း ကျနော်တို့က ဆက်ပြီးဖြစ်စေချင်တယ်။ ဘာဖြစ်လဲဆိုတော့ စစ်သား တော်တော်များများက ကျနော့်အမြင်ပေါ့။ ကျနော် ဖြတ်သန်းရ တဲ့ အနေအထားမှာ စစ်မတိုက်ချင်ပါဘူး။ ကျနော်တို့ စစ်သားတွေက ပြည်ပရန် ကာကွယ်ရေးကိုပဲ လုပ်ချင်ကြတယ်။
အခုက ကိုယ့်တိုင်းရင်းသား ကိုယ့်ပြည်သူအချင်းချင်း တိုက်ခိုက်နေရတာဖြစ်တဲ့အတွက် ကျနော်တို့မှာ တစ် ယောက်နဲ့တစ်ယောက် အမိန့်တာဝန်အရ လုပ်ဆောင်ရပေမဲ့ စိတ်ထဲမှာ မကောင်းကြပါဘူး။ ဘာဖြစ်လဲဆိုတော့ သူများ ကိုလည်း မသတ်ချင်ကြသလို ကိုယ်လည်း မသေချင်ကြဘူး။ လက်ရှိ နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခု လွဲမှားနေတယ်လို့ပဲ ကျနော်တော့ ပြောချင်ပါတယ်။

Photo: KNDO

KIC – လက်ရှိ ဖြစ်စဉ်ကြောင့် ပြည်သူလူထု အိုးအိမ်ပေါင်းများစွာ မီးရှို့ဖျက်ဆီးခံနေရတာတွေ သတ်ဖြတ်ခံနေရတာ တွေနဲ့ ပတ်သက်ပြီးကော တပ်မှူးတစ်ဦးအနေနဲ့ ဘယ်လိုမြင်လဲ။
ကျနော်လက်ရှိ တာဝန်ကို ထမ်းဆောင်နေရပေမဲ့လည်း ကိုယ့်ရဲ့ လူမျိုးချင်း၊ တိုင်းရင်းသားချင်း အခုလို အိုးမဲ့ အိမ်မဲ့၊ အိုးပစ်အိမ်ပစ် ဖြစ်လာရတာကိုတော့ ကျနော့်အနေနဲ့ စိတ်တော့မကောင်းဘူး။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ လည်း ဒီတာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ် ၂၀အတွင်း မိဝေးဖဝေးနဲ့ အမေသေတာတောင် အိမ်မပြန်ခဲ့ရတဲ့ ဘဝနဲ့ ကျနော် တို့က နေခဲ့ရတာ။ ပြန်တော့ ပြန်ရတယ်။ ဒါပေမဲ့ အမေ့အလောင်းတော့ မရှိတော့ဘူး။ မီးသဂြိုင်္လ်လိုက်ပြီး။ အဲ့သလိုပဲ လက်ရှိ တိုင်းရင်းသားတွေကော၊ ဗမာတွေကော စစ်တလင်းဖြစ်သွားပြီးဆိုတော့ အိုးမဲ့ အိမ်မဲ့နဲ့ အကုန်လုံးပျက်စီးဆုံးရှုံး သေကြေခဲ့ရတာပေါ့။ အဲ့အတွက်တော့ တော်တော်လေး စိတ်မကောင်းဖြစ်တယ်။ ကျနော်တို့အနေနဲ့ကတော့ စစ်မက် ကို လိုလားခြင်းက မကောင်းဘူးလို့တော့ ကျနော့်အနေနဲ့တော့ မြင်မိပါတယ်။

KIC – ဗိုလ်မှူးပြောသလို ပြည်ပရန်ကာကွယ်ဖို့ စိတ်ဆန္ဒရှိကြတယ်ပေါ့။ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေ ပြောနေတဲ့ Standard Army နဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အနေအထားအပေါ်မှာကော ဘယ်လိုမြင်မိလဲ။
ကျနော်တို့က တချိန်တုန်းက လက်ခံတဲ့ Army က နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီးတော့ ကျနော်တို့လည်း လူသားတွေဖြစ်တော့ အတ္တရှိတော့ လုပ်ခလစာအစပေါ့ဗျာ။ အာဆီယံနဲ့အညီ ဒါမျိုးဖြစ်ချင်တယ်။ အဲ့သလိုပဲ လုပ်ရကိုင် ရတဲ့ အနေအထားမှာလည်း ပြည်သူလူထုရဲ့ လေးစားကြည်ညိုမှုကိုလည်း လိုချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့် ရပ်ထဲရွာထဲကို သူများမလုပ်နိုင်တဲ့ အလုပ်ကို ကိုယ့်က လုပ်နေတာလေး။ အများသူငှာ လေးစားပြီးတော့မှ ချစ်ခင်နေ တဲ့ အနေအထားပေါ့။ အဲ့လိုမျိုးကိုပဲ ကျနော်တို့ မျှော်မှန်းခဲ့တာပဲ။

ဒါပေမဲ့ လက်ရှိမှာတော့ တိုင်းပြည်အာဏာသိမ်းပြီးတော့ ဖြစ်ပျက်နေတဲ့ အနေအထားတွေနဲ့ တစ်ဖက်က ကျနော်တို့ မျှော်လင့်ခဲ့တဲ့ အနေအထားတွေက ဟာသအနေနဲ့ ပြောရရင် တဖြည်းဖြည်းနဲ့တော့ ပျက်စီးသွားပြီပေါ့။ အများကြီးတော့ မပျက်စီးသေးဘူး။ စနစ်တကျလေးနဲ့ပေါ့။ ပျက်စီးနေတဲ့ အနေအထားလေး ဆုတ်ယုတ်လာတဲ့ အနေ အထားလေး ရောက်သွားတာပေါ့။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ လိုချင်ခဲ့တဲ့ မြင်ချင်ခဲ့တဲ့ အနေအထားနဲ့ လက်ရှိ ခေတ် စနစ် ဖြစ်ပေါ်လာတဲ့ အနေအထားနဲ့ကတော့ တော်တော်လေး တလွဲစီ ဖြစ်နေတယ် ဆိုတာကတော့ ပြောနိုင်ပါတယ်။

KIC – လက်ရှိ CDM လုပ်လာတဲ့ တပ်ဗိုလ်တပ်မှူးတွေက တော်တော်များများ ရှိလာတဲ့အပေါ်မှာ ကိုယ်သိရသလောက် တပ်တွင်းအခြေအနေက ဘယ်လိုတွေ ရှိနေလဲ။
တစ်တပ်နဲ့ တစ်တပ်တော့ မတူဘူး။ ကျနော်တို့က ဝေးလံခေါင်ဖျားတဲ့ နေရာမှာရှိနေရတာပေါ့။ အထူးသဖြင့် အစ်ကိုတို့ပြောတဲ့သူတွေက မြို့ပေါ်က တပ်တွေပေါ့။ ရှင်းရှင်းပြောရရင် ကျနော်တို့ တောတပ်မှာ နေခဲ့ရတဲ့အတွက် တော်တော်များများကတော့ နည်းနည်း မျက်စိပိတ် နားပိတ်ဖြစ်တယ်။ မြို့ပေါ်တပ်တွေကျတော့ သူတို့က သိတယ်။ သူတို့မှာ အဆက်အသွယ်ရှိတယ်။ သားသမီးတွေကလည်း မြို့ပေါ်မှာ ကြီးပြင်းလာခဲ့ကြတဲ့အတွက် CDM မလုပ်တဲ့အ ပေါ်မှာ အသိအမြင်တွေ ရှိကြတယ်။ ကျနော်တို့ဘက်မှာက ကိုယ့်ဝမ်းရေးအတွက်ပဲ လုပ်နေရတဲ့အတွက် အဲ့ဒီဘက်ကို တော့ သိပ်ခေတ်မစားဘူး။ မြို့ပေါ်မှာတော့ ခေတ်စားတယ်။

တပ်တွင်း အခြေအနေကတော့ လက်ရှိ ကျနော်တို့ရဲ့ အနေအထားက ဓမ္မစင်္ကြာ ရွတ်လိုက် ဘုရားစာရွတ် လိုက် သူတို့က မျက်စိပိတ် နှားပိတ်ဖြစ်တဲ့အခါကျတော့ ဘယ်သူ့ ဘယ်သူမှန်းတော့ မသိကြဘူး။ တိုင်းပြည်ကြီးက ဘယ်လိုဖြစ်နေမှန်းလည်း သူတို့ စိတ်မဝင်စားဘူး။ ကျနော်တို့ ရှေ့တန်းသွားတဲ့ အရာရှိစစ်သည်တွေ အန္တရာယ်ကင်း ဘေးရှင်းရေးအတွက် ပွဲပေးမယ်။ ပြီးသွားရင် ဓမ္မစင်္ကြာ ရွတ်မယ်၊ မဟာသမယသုတ် ရွတ်မယ်။ ဒါနဲ့ပဲ ကျနော်တို့ တပ် အနေအထားတော့ရှိတယ်။ ပွင့်ပွင်းလင်းလင်း ပြောရရင် တစ်ယောက်စ နှစ်ယောက်စက လိုင်းသုံးနေတော့ ဒါကတော့ တပ်ထဲမှာ မတရားတာပဲ။ ဒါကတော့ ဒီလိုမျိုးရှိတယ်ဆိုပြီးတော့ ကလန်ချင်တဲ့ ပုံစံမျိုးတွေတော့ တစ်ယောက်စ နှစ်ယောက်စတော့ ရှိတယ်။ ဒါပေမဲ့လည်း သူတို့မှာလည်း မိသားစု ဘာညာရှိကြတော့ သူတို့ စိတ်ထင်သလို လုပ်ချင်သ လို လုပ်ဖို့ကတော့ မဖြစ်နိုင်တဲ့ အနေအထားမှာလည်းရှိပါတယ်။ တချို့ကျတော့ လိုင်းသုံးနေတော့ ဒါကတော့ မတရား တာပဲ။ ချုပ်ခြယ်တာပဲ။ ကျနော်တို့ စစ်တပ်စကား ပြောရရင် ဒါက အာချောင်တာပေါ့။ အဲ့လိုမျိုးတွေရှိတယ်။ ဒါက တော့ သူတို့ရဲ့ ယုံကြည်ချက် လျှောက်လှမ်းချက်နဲ့ဆိုတော့ ကျနော်တို့က ဘာမှလည်း ပြောလည်းမပြောဘူး။ ပြော လည်းမပြောလိုပါဘူး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့။

KIC – စစ်တပ်က ပြည်သူတွေကို ဒီလောက် ရက်စက်နှိပ်ကွပ်နေတာကို စစ်တပ်ထဲကရှိတဲ့ စစ်သည်တွေအနေနဲ့ ဘာလို့ CDM မလုပ်ကြတာလဲ ဆိုတဲ့ ပြည်သူတွေရဲ့ မေးခွန်းထုတ်မှုတွေအပေါ်မှာကော ဘာပြောချင်လဲ။
လုပ်မယ်ဆိုရင်တော့ လူပဲ စိတ်ရှိ လက်ရှိ လုပ်ချင်တာပေါ့။ မလုပ်ချင်ပဲ နေမလား။ ဒါကလည်း လူတိုင်းပဲ လုပ် ချင်ကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ဆန္ဒအပေါ် လွတ်လပ်မှုအရပေါ့။ ဒါပေမဲ့ တချို့ တချို့တွေမှာက မိသားစု အသိုင်း အဝိုင်းတွေရှိတယ်။ ပြီးရင် မလွဲသာ မရှောင်သာနဲ့ ကိုယ့်မိသားစုဘဝ ရပ်တည်ရေးတစ်ခုအတွက်နဲ့ လုပ်ကြရတာတွေ ရှိတယ်။ အဲ့အခါကျတော့ စိတ်သွားတိုင်း ကိုယ်မပါသလိုပေါ့။ တချို့က CDM လုပ်ချင်ကြပေမဲ့လည်း မလုပ်ဖြစ်ကြဘူး ပေါ့။

KIC – တချိန်က ရှေ့တန်းနယ်မြေမှာ စစ်သားတစ်ယောက် ကျဆုံးသွားရင် ပြည်သူအများစုက စိတ်မကောင်းဖြစ်ကြ တယ်။ အခုက စစ်သားတစ်ယောက် သေရင်ပဲ လူထုအများစုက လက်ခုပ်လက်ဝါး တီးမတတ် အားရကျေနပ်နေကြ တယ်။ ဒါက ဘယ်လို အခြေအနေကို ပြနေတယ်လို့ ထင်လဲ။
ဒါကတော့ ရှင်းရှင်းပြောရရင် ပြည်သူလူထုရဲ့ ရင်ထဲမှာတော့ အာဏာမတရားသိမ်းတယ်လို့ပဲ မြင်ကြတယ်။ ပြီးတော့ ပြည်သူလူထုဆိုတာက လွတ်လပ်တယ်လေ။ ကျနော်တို့လို စစ်စည်းကမ်းနဲ့ သူတို့ကို ထိန်းချုပ်ထားတာ မရှိ ဘူး။ မရှိတော့ သူတို့မှာ လွတ်လပ်စွာ ပြောခွင့်ရှိတယ်။ နောက်တစ်ခုက ဒီဟာအပေါ် မူတည်ပြီးတော့မှ CDM လုပ်ရင်း နဲ့ တချို့ဆိုရင် သင်တန်းဆင်းလာကြတယ်။ သူတို့ရဲ့ သားသမီးတွေ ပါမယ်။ ပြီးရင် မြို့ပေါ်မှာ အများနဲ့ လုပ်ရင်းကိုင် ရင်းနဲ့ နေပြည်တော်မှာ မြသွဲ့သွဲ့ခိုင်တို့ ကိစ္စဆိုရင်လည်း ပြည်သူတွေရဲ့ရင်ထဲမှာ မကျေနပ်စရာပေါ့။ ပြည်သူလူထုရဲ့ ရင်ထဲမှာ အုံကြွရလောက်အောင် ရိုင်းရိုင်းပြောရရင် စောက်တလွဲ အမှားတွေ ပေါ့။ အများက လုပ်ကိုင်တာတမျိုး၊ လုပ် ထည့်လိုက်တာကတစ်မျိုး အဲ့အပေါ်မှာ ပြည်သူလူထုရဲ့ရင်ထဲမှာ လုံးဝ မကျေမနပ်တော့ ဖြစ်နေတယ်။

Photo: KNDO

အဲ့ဒါမို့လို တပ်နဲ့ပတ်သက်လာရင် တစ်ဖက်က IP (Impression Power) ကျတာပေါ့။ အဲ့လိုဖြစ်တဲ့အတွက် စကစ ထဲက တစ်ယောက်ယောက်က တစ်ခုခုဖြစ်တာနဲ့ လက်ခုပ်လက်ဝါး တီးပြီး ဝမ်းသာတယ်။ သေပါစေ စသည်ဖြင့် ပေါ့။ ကျနော်တို့ကို ဖမ်းမိတဲ့အချိန်မှာလည်း တော်တော်များများက စစ်ခွေးဘာညာနဲ့ပေါ့ ကျနော်တို့ကို ပြောကြတယ်။ ရှင်းရှင်းပြောရရင် အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ပြန်ခွပ်နေရသလို ဖြစ်နေတယ်။ တချို့ဆိုရင် ကျနော်တို့ကို သနားပြီး တော့ မုန့်လေး ဘာလေး လာကျွေးပေးတယ်။ ဒါက သနားတတ်တဲ့သူပေါ့။ မသနားတဲ့သူကလည်း အဲ့ကောင်ကို ကျွေး စရာ မလိုဘူး။ အဲ့ကောင်က စစ်ခွေး ပြန်ယူသွား။ ပြည်သူထဲကပါပဲ။

KIC – ပြည်သူတွေရဲ့ ဒီလို တုန့်ပြန်မှုရတဲ့အခါ လုပ်သက် ၂၀လောက်ရှိတဲ့ ဗိုလ်မှူးအနေနဲ့ ဘယ်လို စိတ်ခံစားချက်တွေ ဖြစ်စေလဲ။
စိတ်ထဲမှာ အလိုမကျမှုတွေဖြစ်တာပေါ့။ ကိုယ်လုပ်နေရတဲ့ အလုပ်တွေက အဓိပ္ပာယ်မဲ့သလို ခံစားလာရတယ်။ တခါတလေ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်။ ကိုယ်လုပ်တာ ဘာများလွဲနေလို့လည်း။ ခိုင်းတဲ့အတိုင်းတော့ လုပ်နေတာ ပဲ။ ကိုယ့်ကိုယ်ကို အဲ့လိုတော့ ပြန်မေးမိပါတယ်။

KIC – လက်ရှိ ပြည်သူတွေက စစ်တပ်က ပြည်သူကို ရန်သူလို သဘောထားပြီး သတ်ဖြတ်နေတယ်ဆိုပြီး ပြောဆိုမှုအ ပေါ်မှာကော ဗိုလ်မှူးတစ်ယောက်အနေနဲ့ ဒါကို ဘယ်လိုမျိုး ဖြစ်စေချင်လဲ။
အခုကျမှသာ တစ်ယောက်နဲ့ တစ်ယောက် ပြန်ပြီးတော့ ချကုန်ကြတာ။ အရင်က ဒါတွေ မဖြစ်ခင်ကတည်းက လည်း အတူတူပဲ လည်ပင်းဖက်၊ အရက် အတူတူသောက်ခဲ့ဖူးတာလည်း ရှိခဲ့ပါတယ်။ ဒီလိုအတိုင်းပဲ ဆက်သွားမယ်လို့ တော့ ထင်ခဲ့မိတာပဲ။ ဒါတွေက မထင်မှတ်ဘဲနဲ့ ပြောင်းလဲကုန်တာပေါ့။ အဲ့တော့ ကိုယ့်အချင်းချင်း လုပ်နေကြမဲ့အစား တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေ နှောင့်နှေးနိုင်တာဖြစ်တဲ့အတွက် သူများနိုင်ငံတွေမှာ စစ်မက်မရှိတဲ့အတွက် တိုးတက် တယ်။ အခုက အနောက်နိုင်ငံတွေက ဖြစ်တယ်ဆိုပေမဲ့လည်း သူတို့က ကိုယ့်ထက်ခြေလှမ်း ၁၀၀ သာပြီးသား ဖြစ်တဲ့ အတွက် ဖြစ်လည်း ပြဿနာမရှိဘူး။ ပြန်တည်ဆောက်လည်း အဆင်ပြေတယ်။

ကိုယ်တွေက နောက်ကောက်ကျန်နေတဲ့အတွက် လက်ရှိ စစ်မက်တွေကို ဆွေးနွေးပွဲတွေအနေနဲ့ပဲ ရပ်စဲစေချင် တယ်။ ရပ်စဲပြီးတော့ ဖြစ်နိုင်တဲ့ အနေအထားကနေပြီးတော့ ကျနော်တို့ပြောပြောနေတဲ့ ဖက်ဒရယ်ပေါ့။ ဘာလုပ်မှာလဲ ဗျာ။ အဲ့စခန်းကုန်းထဲမှာ တစ်ရက်တစ်ရက် ထမင်းချက်စားလိုက် ထိုင်လိုက်နဲ့ လုပ်နေမဲ့အစား စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ကိုယ့်နေရာ ကိုယ့်ဒေသယူပြီးတော့ တောင်ယာစိုက်စားပြီးတော့ ဒေသခံတွေ ပိုက်ဆံမရဘူးလား။ အဲ့နေရာမှာ အဲ့ဒါ ကြီးလုပ်ထားတော့ ဘာများ ဝင်ငွေများ ရမှာမိုလို့လဲ။ အဓိက ကတော့ ပြည်သူလူထုတွေ ဝင်ငွေကောင်းခြင်းဖြင့် တိုင်းပြည်က အများကြီး ဖွံ့ဖြိုးတိုးတက်မှာပဲလေး။ အဲ့ဒါကြောင့် ဒီစစ်မက်တွေကို ငြိမ်းချမ်းရေး ဆွေးနွေးမှုအနေနဲ့ သူတင်းကိုယ်တင်းအနေနဲ့ အဆင်မပြေဘူး။ သူလျှော့ ကိုယ်လျှော့အနေနဲ့ ညှိနှိုင်းမှုတွေလုပ်။ ဘာပဲဖြစ်ဖြစ် သေလည်း သေခဲ့ကြပြီးပြီ။ ကြေလည်း ကြေခဲ့ကြပြီးပြီဖြစ်တဲ့အတွက် စားပွဲပေါ်ပြန်ရောက်ပြီးတော့ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမဲ့စနစ် တစ်ခုပေါ့။ တိုင်းရင်းသား ညီအစ်ကိုတွေနဲ့ အတူတူ တိုင်းပြည်တိုးတက်အောင် လုပ်သင့်ပြီ။ အများကလည်း လက်ခံ ထားတဲ့ ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်တင်မြှောက်ပြီး နိုင်ငံအတွက် ဦးဆောင်ဖို့ကို ပိုပြီးတော့ ဖြစ်သင့်တယ်လို့ နှလုံးသားကနေ ခံစားမိပါတယ်။

KIC – ဒီကိုရောက်လာပြီးဆိုတော့ ဗိုလ်မှူးရဲ့ရှေ့ရေးအတွက် ဘာတွေလုပ်သွားဖို့ စဉ်းစားထားလဲ။
အခုလက်ရှိမှာ ကျနော့်မှာလည်း ဝင်ငွေမရှိတော့ဘူး။ ကျနော့်မှာလည်း တပ်ထဲမှာ နေလာတယ်ဆိုပေမဲ့လည်း သူများတွေလိုပဲ သိပ်ပြီးတော့ ကံမကောင်းခဲ့ဘူး။ ဘာမှတော့ ကျနော့်မှာ ပိုင်ဆိုင်မှုတော့ မရှိဘူး။ ရှိတဲ့ပိုင်ဆိုင်မှုနည်း နည်းကလည်း အခုလောက်ဆို ကျနော့်ဆိုင်ကယ်လေးတွေ ဘာလေးတွေလည်း သွားလောက်ပြီ ထင်ပါတယ်။ အနာဂတ်မှာ ဘာလုပ်ချင်လဲဆိုတော့ လူသားဖြစ်တဲ့အတွက် သူများကိုလည်း မှီခိုနေလို့မရဘူး။ မရတာဖြစ်တဲ့အတွက် ဝင်ငွေရအောင် အလုပ်လေးတစ်ခုတော့ လုပ်ချင်တယ်။ ပြီးတော့ ကျနော်က လူငယ်တစ်ယောက်အနေနဲ့လည်း တိုးတက်ချင်တယ်။ အဲ့တော့ ကျနော့်ဘဝကို အေးအေးချမ်းချမ်းနဲ့ တိုးတက်တဲ့လုပ်ငန်းကိုင်ငန်းကို ကျိကျိတက်ချမ်းသာ တာ မဟုတ်ရင်တောင်မှ လူ့အဆင့်အတန်းနဲ့ နေနိုင်တဲ့ အနာဂတ်မှာ နေချင်တယ်။ အခုက ရာထူးတွေ၊ တာဝန်တွေ မရှိတော့ဘူး။ မရှိတာဖြစ်တဲ့အတွက် တစ်ခုကတော့ ဝင်ငွေမရှိတာကလွဲရင်တော့ တာဝန်တွေ ပေါ့ပါးသွားတယ်။ ကျနော့်ကို ဆဲမဲ့သူလည်း မရှိတော့ဘူး။ မဟုတ်ရင် ကိုယ်က ဘယ်လိုပဲ ကောင်းအောင်လုပ်လုပ် အဆဲခံနေရတာ။ အောက်ကရဲဘော်တွေကော၊ အထက်ကကော ကိုယ့်ကို ဆဲမဲ့သူမရှိတော့ ဒီအပူလုံးကြီး မရှိတော့တဲ့အတွက် ဝမ်းသာမိ ပါတယ်။

ဗိုလ်မှူးစန်းယု၏ ကိုယ်ရေးအကျဉ်းချူပ်
အမှတ်(၅၅၅) ခြေမြန်တပ်ရင်းစစ်ကြောင်း ၂တွင် စစ်ကြောင်းမှူးတာဝန်ထမ်းဆောင်သော ပြန်တမ်းဝင်အမှတ်-ကြည်း ၄၁၇၃၇ ဗိုလ်မှူးစန်းယုဖြစ်ပါသည်။ ကျွန်တော်သည် ၂၀၀၀-၂၀၀၁ခုနှစ်တွင် ဆယ်တန်း(တက္ကသိုလ်ဝင်တန်း) အောင် မြင်ခဲ့ပြီး စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၄၇)ကို တက်ရောက်ခဲ့သည်။ ၂၀၀၄ခုနှစ်တွင် သင်တန်းဆင်း ကာ ဒုတိယဗိုလ်အဖြစ် အမှတ်(၃၆၈) ခြေမြန်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၈ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ရရှိခဲ့ပြီး အမှတ်(၆၆) ခြေမြန်တပ်မဌာနချုပ် ပစ်ကူပေး တပ်စုမှူးတာဝန်ထမ်းဆောင်ခဲ့ သည်။ ၁.၇.၂၀၁၆ တွင် ယာယီ တပ်ခွဲမှူး ဗိုလ်မှူးအဖြစ် အမှတ် (၅၅၅) ခြေမြန်တပ်ရင်းတွင် တာဝန် ထမ်းဆောင်ခဲ့ သည်။ ၁.၇.၂၀၁၇ တွင် ဗိုလ်မှူးအဆင့်ဖြင့် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ခုနှစ်မှစ၍ အမှတ် (၅၅၅) ခြေမြန်တပ်ရင်းဖြင့် ဝေါလေဒေသစစ်ဆင်ရေးတာဝန်ကို ဘုရင့်နောင်စခန်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မော်ခီးစခန်းတွင် လှုပ်ရှားစစ်ကြောင်းမှူးတာဝန်ကို ၂၀၂၂ခု နှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့တွင် စတင် တာဝန်ထမ်း ဆောင်ခဲ့သည်။