Home သတင်း တိုင်းရင်းသားဒေသရှိ စစ်ရှောင်လူထုများအား ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရေး ကမ္ဘာ့ကာကွယ်ဆေးမဟာမိတ် အဖွဲ့ထံ အကူအညီမရသေး

တိုင်းရင်းသားဒေသရှိ စစ်ရှောင်လူထုများအား ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရေး ကမ္ဘာ့ကာကွယ်ဆေးမဟာမိတ် အဖွဲ့ထံ အကူအညီမရသေး

1075
Photo: Kahsaw Wah

ဧပြီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ၊ အကြမ်းဖက်စစ်ကောင်စီ၏ ဘေး အန္တရာယ်မှ တိမ်းရှောင်ထွက်ပြေးနေရသည့် ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် အမှန်တကယ် လိုအပ်လျက်ရှိသော COVID-19 ကာကွယ်ဆေးများကို COVAX Facility, GAVI အနေဖြင့် ယနေ့အချိန်အထိ ပေးအပ်ခဲ့ခြင်း လုံးဝမရှိသေးကြောင်း အမျိုးသားကျန်းမာရေးကော်မတီ (NHC)နှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအဖွဲ့ (CTF)က ပြောသည်။

ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သော (NHC) နှင့် (CTF)ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ နိုင်ငံတကာအကူအညီအထောက်အပံ့များနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက် ထိုသို့ဖော်ပြထားခြင်း ဖြစ်သည်။

၎င်းအဖွဲ့အနေဖြင့် တိုင်းရင်းသားဒေသရှိ ပြည်သူလူထုအားလုံး တန်းတူညီမျှမှု ကာကွယ်ဆေးထိုးနှံနိုင်ရေး မူဝါဒနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာ အကူအညီပေးရမည့် COVAX Facility,GAVI ဦးဆောင် အဖွဲ့များနှင့်လည်း အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးသော်လည်း ထိုတွေ့ဆုံဆွေးနွေးချက်များကို အကောင်အထည် ဖော်ခြင်းမရှိဘဲ COVAX Facility, GAVI အဖွဲ့သည် ကိုဗစ်ကာကွယ်ဆေး ၂ ဒသမ ၂ (၂.၂) သန်းကျော်ကို အကြမ်း ဖက်စစ်ကောင်စီကို ပေးအပ်ခဲ့လိုက်သည်ဟု CTF က ပြောသည်။

ထုတ်ပြန်ချက် ပြောခွင့်ရ ပဒိုမန်းမန်းမန်းက “GIVA ကနေဖြတ်ပြီး နိုင်ငံတကာပေးတဲ့ ကာကွယ်ဆေးကို အစိုးရတစ်ရပ်က လက်မှတ်ထိုးပြီးထုတ်ရတာပေါ့။ ကျနော်တို့ ဒါကိုငြင်းချက်ထုတ်တာက စစ်ကောင်စီကို လက်မှတ်ထိုးခိုင်းတယ်ဆိုရင်လည်းဘဲ စစ်ကောင်စီကို အသိမှတ်ပြုရာရောက်တယ်။ ဒါမှမဟုတ် NUG က လက်မှတ်ထိုးလို့မရဘူးလားတော့ ဆွေးနွေးခဲ့သေးတယ်။ မရနိုင်ဘူးဆိုရင် Third Party နိုင်ငံတကာက တိုက်ရိုက်ဝင်ပြီး မရဘူးလားညှိနှိုင်းခဲ့တယ်။ စစ်ကောင်စီနဲ့ ကင်းရှင်းတဲ့နယ်စပ်အခြေပြုအဖွဲ့ကဖြစ်ဖြစ်ဖြတ်ယူ ပြီးပေးလို့မရဘူးလား ညှိနှိုင်းခဲ့တယ်။ ဒီလိုဆောင်ရွက်တာ စစ်ကောင်စီကို အသိမှတ်ပြုတာလည်း မဖြစ်စေချင်ဘူး ပြောခဲ့တယ်။ ဒါတွေကိုသူတို့က လစ်လျူရှုပြီး စကစကိုပေးလိုက်တာ ကျနော်တို့ဆွေးနွေးတာကို အလေးမထားတဲ့သဘောရောက်တယ်လို့ မှတ်ယူရမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

နိုင်ငံတကာမှ တိုက်ရိုက်ပေးသည့် ကိုဗစ်ကာကွယ်ဆေး အကူအညီမရရှိသော်လည်း CTF နှင့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နိုင်ငံတကာ အလှူရှင်များပါဝင်လှူဒါန်းသည့် Pilot Project Program အစီအစဉ်နှင့် ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်းနှင့် ချင်းပြည်နယ်ရှိ နယ်စပ်ဒေသများတွင် လူဦးရေ တစ်သောင်းနီးပါး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ခဲ့သော်လည်း အခက်အခဲ စိန်ခေါ်မှုများလည်းရှိသည်ဟု CTF က ပြောသည်။

“အဓိက ဆေးဝယ်ယူရတာ စျေးကြီးတာတွေ၊ သယ်ယူပို့ ဆောင်တဲ့လမ်းကြောင်းကြန့် ကြာမှုအပိုင်းတွေ အခက်အခဲရှိတဲ့အခါကျတော့ အဓိက ဆေးဝါးလက်ခံရရှိမှု၊ ဘတ်ဂျက်အပိုင်း ပြီးတော့ပို့ဆောင်ရေးလမ်းကြောင်း တရားဝင်၏ မဝင်၏ ရှိတဲ့အခါကျတော့ ကျနော်တို့ ဒီလောက်ပဲလုပ်နိုင်သေးတယ်။ ဒါပေမယ့် ဆက်လုပ်ဖို့ကြိုး စားတယ်။ အထူးသဖြင့် ထိုင်းကျန်းမာရေးဌာန နယ်စပ်ဒေသ၊ အိန္ဒိယကျန်းမာရေးဌာန နယ်စပ်ဒေတွေနဲ့ ဆက်ပြီးလုပ်နိုင်ဖို့အတွက် ဆက်ပြီးကြိုးစားတယ်။”ဟု ပဒိုမန်းမန်းမန်းက ဆက်ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အခြေစိုက်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO Myanmar) အပါအဝင် UN အဖွဲ့အစည်းများ၊ COVAX Facility, GAVI နှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ကာကွယ်ဆေး ထိုးနှံခြင်းအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ ထောက်ပံ့မှုများကို အကြမ်းဖက် စစ်ကောင်စီနှင့် ဆက်စပ်မှုမရှိသည့် လမ်းကြောင်းမှတစ်ဆင့် တိုင်းရင်းသားပြည်သူထံ အရောက်ပေးနိုင် ရေးအတွက် အမြန်ဆုံးဆောင်ရွက်ရန် (NHC)၊ (CTF)၏ ထုတ်ပြန်ကြေညာတွင်ချက်တွင် တိုက်တွန်းထားသည်။

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကောင်အထည်ဆောင်ရွက်ရာတွင်လည်း CTF ၏ အခြေခံမူဖြစ်သည့် ပြည်သူသာအဓိကဖြစ်ရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ ညီမျှသောဆက်ဆံမှုရှိရမည်ဖြစ်သည့် ပြည်သူလူထု အခြေခံမူ (၃)ရပ်ကိုလည်း လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ချက်တွင် အသိပေးပြောဆိုထားသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် တိုင်းရင်းသား ကျန်းမာရေးကော်မတီ (EHC) ခေါင်းဆောင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီ (Covd-19 Task Force (CTF))ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၂ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

CTF ကို တိုင်းရင်းသားကျန်းမာရေးကော်မတီ ဥက္ကဌအဖြစ် ဒေါက်တာစင်သီယာမောင်က အဖွဲ့ခေါင်း ဆောင်အနေဖြင့်ပါဝင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူကြသည်။ တိုင်းရင်သားကျန်းမာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တတ်သိပညာရှင်များက အဖွဲ့ဝင်များဖြင့်ပါဝင်ခဲ့ခြင်းလည်းဖြစ်သည်။