Home သတင်း ကော့ကရိတ်တောင်ပိုင်းရှိ သောင်းနှင့်ချီသော စစ်ရှောင်များ စားသောက်စရာလုံလောက်မှုမရှိ၍ အခက်တွေ့နေ

ကော့ကရိတ်တောင်ပိုင်းရှိ သောင်းနှင့်ချီသော စစ်ရှောင်များ စားသောက်စရာလုံလောက်မှုမရှိ၍ အခက်တွေ့နေ

829
Photo: Cyclone

ဧပြီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်(တပ်မဟာ ၆) ကော့ကရိတ်တောင်ပိုင်း ဒေသတွင်း စစ်ကောင်စီတပ်အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်မှုများကြောင့် ကျေးရွာ ၂၁ ရွာမှ စစ်ရှောင်ပြည်သူ တစ်သောင်းကျော်သည် စစ်ရှောင်ကာလကြာမြင့်လာပြီး စားသောက်စရာလုံလောက်မှုမရှိ၍ အခက်တွေ့လာနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

စစ်ဘေးရှောင်နေကြရသည့် သက်ကြီးဘိုးဘွား၊ မိခင်နှင့် ကလေးအပါအဝင် ဒေသခံ ၁၂,၀၀၀ကျော်သည် စစ်ဘေး ရှောင်နေထိုင်နေကြရသည့် ကာလတစ်လကျော်ကြာမြင့်လာချိန်တွင် စားသောက်စရာအခက်အခဲရှိလာပြီး ကူညီ အထောက်အပံ့ လမ်းကြောင်းများ ပြတ်တောက်နေသည့်အတွက် ပို၍အခက်တွေ့လာနေကြောင်း စစ်ဘေးရှောင် ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

ကတိုးထကျေးရွာမှ ဒေသခံတစ်ဦးက “စစ်ရှောင်နေရတာ တစ်လလုံး ဖြစ်နေပြီ၊ ဟိုအမျိုးဆီရှောင်နေလိုက်၊ ဒီ ဘက် တောင်ယာခြံတွေဘက်ရှောင်လိုက်နဲ့ နေရာအတည်တကျ မရှိဘူး၊ ကိုယ်ရှောင်နေတဲ့နေရာ တစ်ပတ် ၁၀ ရက်လောက် နေသားကျနေတဲ့ရွာဆို တစ်ခါစစ်ကြောင်းဝင်မယ်၊ တိုက်ပွဲဖြစ်မယ်ဆို ထပ်ရှောင်ကြရပြန်ရော၊ အခုက စားသောက်စရာက လာဝေပေးတာနဲ့ ကြုံရင်ရတယ်၊ တခြားရွာမှာ ဝယ်စားဖို့ကလည်းစျေးဆိုင်တွေမှာ ရှိတာ ကုန်ပြီ။ မြို့လည်းပေးတက်ဝယ်လို့၊ သွားလို့ လာလို့မရတော့ စားစရာ အခက်အခဲဖြစ်နေပြီ၊ အဓိက ကတော့ဆန်နဲ့ စားသောက်စရာပေါ့နော်။”ဟု ပြောသည်။

ထို့အပြင် စစ်ရှောင်နေသည့် ဒေသတွင် တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေသလို စစ်ကောင်စီတပ်က ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ဦးတည်ပစ်ခတ်တိုက်ခိုက်မှုများရှိသည့်အတွက် ညဘက်တွင် လုံခြံမည့်ဟု ယူဆသည့်နေရာကို ရှာပြီးလိုက်အိပ်နေရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ကော့ကရိတ် တောင်ပိုင်းဒေသအတွင်း ကော့ကရိတ်-ကျိုက်ဒုံ လမ်းပိုင်း၊ တောင်ကြာအင်း- ကြာအင်း ဆိပ်ကြီးလမ်းပိုင်း ၂ ခု ဒေသတစ်လျှောက် စစ်များထိုးဝင်လာသည့် စစ်ကောင်စီ စစ်ကြောင်းများ နှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များဖြင့် နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားစဉ် စစ်ကောင်စီတပ်ဘက်ကမှ ဒေသကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့်နေ့စဥ် ပစ်ခတ်ခြင်း၊ လေယာဥ်ဖြင့် လာရောက် ပစ်ခတ်ခြင်းများကြောင့် ဒေသခံနေအိမ်များ၊ သာသနိကအဆောက် အအုံများနှင့် စေတီပုထိုးများ ထိခိုက်ပျက်စီးမှုများရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

လတ်တလောဖြစ်ပွားနေသော စစ်ရေးပဋိပက္ခအခြေအနေကြောင့် ကော့ကရိတ် မြို့နှင့်သွားလာဆက်သွယ်ရေး လမ်းပိုင်းများတွင် စစ်ကောင်စီတပ်များ တပ်စွဲ ပိတ်ဆို့ စစ်ဆေးမှုများရှိနေသဖြင့် နေရပ်စွန်ခွာ စစ်ရှောင်နေ ရသူများထံ အကူအညီပေးနိုင်ရန် အခက်အခဲရှိနေကြောင်း စစ်ရှောင်ကူညီဆောင်ရွက်သူများက ပြောသည်။

ကော့ကရိတ်တောင်ပိုင်း စစ်ရှောင်များ ထောက်ပံ့မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက” တစ်ခါတလေ ကူညီထောက်ပံ့မှုပေးတဲ့ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရတာ တိုက်ပွဲကြားမှာ ဖြတ်သွားဖြတ်လာရတော့ နည်းနည်းလေးတော့ အခက်အခဲရှိတာပေါ့။ ပြည်သူလူထုတွေက တဖြည်းဖြည်းနဲ့ရှောင်ရတယ်ဆိုတော့ ရေရှည်အတွက် ရိက္ခာအခက်အခဲရှိလာမှာပေါ့။ ကျနော်တို့လည်း သူတို့တွေ ရိက္ခာပြတ်လပ်မှုမရှိအောင် စီစဉ်ဆောင်ရွက်ပေးတဲ့အပိုင်းလည်းရှိနေပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကေအဲန်ယူ-ဒူးပလာယခရိုင် ကော့ကရိတ်မြို့နယ်ရှိ ဒေါနအနောက်ခြမ်း (ကော့ကရိတ်တောင်ပိုင်း)ဘက်တွင် စစ်ရှောင်နေရသည့် ဒေသခံ ပြည်သူ ၁၂,၁၇၇ ဦး ရှိသလို ဒေါနအရှေ့ခြမ်း (မြဝတီတောင်ပိုင်း)တွင် စစ်ဘေး ရှောင်ပြည်သူ ဦးရေ ၁၁,၄၃၄ ဦးရှိသည်ဟု စစ်ရှောင်ကူညီရေးအဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။

ကရင်အမျိုးသမီးအစည်းအရုံ-KWO ၏ ပြုစုထားသည့် စာရင်းအရ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်-ထားဝယ်၊ မူတြော်(ဖာပွန်)၊ ဒူးပလာယာနှင့် ဖားအံစသည့် ခရိုင် ၇ ခုတွင် စစ်ဘေးရှောင် ပြည်သူဦးရေ တစ်သိန်းကျော်ရှိပြီး ၎င်းတို့အတွက် အရေးပေါ်ကူညီထောက်ပံ့မှုများ လိုအပ်လျက် ရှိသည်ဟု သိရသည်။