Home သတင်း ပြည်နယ် စစ်ကောင်စီလွှတ်ပေးသည့် အကျဉ်းသား ၂၀ ဦးတွင် နိုင်ငံရေးအကျဉ်းသား မပါ၀င်၊ အကျဉ်းကျကျောင်းသားများ အလုပ်ကြမ်းခိုင်းစေခံနေရ

ပြည်နယ် စစ်ကောင်စီလွှတ်ပေးသည့် အကျဉ်းသား ၂၀ ဦးတွင် နိုင်ငံရေးအကျဉ်းသား မပါ၀င်၊ အကျဉ်းကျကျောင်းသားများ အလုပ်ကြမ်းခိုင်းစေခံနေရ

717
Photo: ကဆောဝါး (KIC) ပုံဟောင်း

ဧပြီ ၁၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်တွင် နိုင်ငံအဝှမ်းအကျဉ်း ထောင်၊ အချုပ်ထောင်/စခန်း အသီးသီးမှ အကျဉ်းကျခံနေရသော အကျဉ်းသား/အကျဉ်းသူ ၁၅၇၇ ဦးအား လွှတ်ပေးရာတွင် ကရင်ပြည် နယ် တောင်ကလေးအကျဉ်းထောင်မှ အကျဉ်းသား ၁၁ ဦး၊ မြိုင်ကလေးမာလာဖူးကျောက်ထုတ် အကျဉ်းစခန်းမှ ၅ ဦးလက္ခဏစိုက်ပျိုးရေး အကျဉ်းခန်းမှ အကျဉ်းသား ၄ ဦးအပါအဝင် စုစုပေါင်း ၂၀ ဦးအား လွှတ်ပေးခဲ့သည်ဟု သိရသည်။

ထိုသို့လွှတ်ပေးရာတွင် မူးယစ်ဆေးဝါးမှု ၊ ရာဇ၀တ်မှုတို့ဖြင့် လွတ်ရက်နီး အကျဉ်းသားများကိုသာ လွှတ်ပေးခြင်းဖြစ်ကြောင်းသိရပြီး စစ်အာဏာရှင် စစ်ကောင်စီလက်ထက် ဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသား ၊ ကျောင်းသား/သူများ မပါ၀င်သလို ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁- ပုဒ်မ(၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျရန်ကျန်ရှိသော ပစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်ဟူသောစည်းကမ်းချက်ဖြင့် လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ခြင်းဖြစ်သည်။

ဖားအံအကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက “ထောင်လွှတ်တာက ဖားအံ အကျဉ်းထောင်ရယ်၊ မာလာဖူးကျောက်ထုတ် အကျဉ်းစခန်း၊ လက္ခဏ စိုက်ပျိုးရေး အကျဉ်းစခန်းတို့မှ ပြစ်ဒဏ်ကျ အကျဉ်းသား ၁၆ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၄ ဦးအပါ ပေါင်း ၂၀ ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေးပြီး လွှတ်ပေးခဲ့တယ်၊ ဒါပေမယ့် နောက်ထပ်ပစ်မှု ကျူးလွန်ရင် ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁-ပုဒ်မခွဲ (၁) အရ ယခု လက်ကျန်ကျခံရန် ကျန်ရှိ ပြစ်ဒဏ်များပါ ပေါင်းပြီး ဆက်လက် ကျခံပါမယ်ဆိုတာကို သတိပေးပြီးမှ လွှတ်ပေးတာ မျိုးပါ၊ ဆေးမှုလွတ်ရက်နီးတဲ့ သက်ကြီးအကျဉ်းသားတချို့၊ ရာဇ၀တ်မှု လွတ်ရက်နီးတာတချို့ နဲ့ နိုင်ငံခြားသား ဒါပဲပါတယ်၊ နိုင်ငံရေးမှုတွေထဲက တစ်ယောက်မှ မပါဘူး။ ၅၀၅ နဲ့ ထောင်ချထားတဲ့ ကျောင်းသားကလေးတွေ မပါဘူး၊ “ဟု ပြောသည်။

စစ်အာဏာသိမ်းမှုဖြစ်စဉ်အား ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုတွင်ပါဝင်၍ ဖမ်းဆီးခံရပြီး လက်ရှိ တောင်ကလေး အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံရာတွင် အလုပ်ဒဏ်မပါ၀င်သော ကျောင်းသားအကျဉ်းသားများအား အလုပ်ကြမ်းခိုင်းစေမှုများ၊ နေရေးစားရေး ၊ ကျန်းမာရေး ၊ ထောင်၀င်စာ ကိစ္စများအား ဖိနှိပ်ကန့် သတ်လုပ်ဆောင်နေကြောင်း အကျဉ်းကျခံနေရသည့် ကျောင်းသား မိဘများက ပြောသည်။

” အခုက ဆန္ဒပြလို့ ထောင်ကျနေတဲ့ ကလေးတွေ ထောင်ထဲမှာ အမိန့်ချတုန်းက အလုပ်မပါဘဲ ထောင်ချထားပြီး အလုပ်ကြမ်းတွေ ခိုင်းတာ၊ အဆောင်တစ်ခုထဲ လူအများကြီးထည့်ထားတာ နေရေး ၊စားရေး အိပ်ရတာတွေ အဆင်မပြေဘူး” ဟု လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပါလာမည့်အရေး တောင်ကလေးထောင်တွင် လာရောက်စောင့်ကြည့်သည့် ကျောင်းသားမိဘတစ်ဦးက ပြောသည်။

အကျဉ်းထောင်တောင်ကလေးတွင် ယခင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အစိုးရ လက်ထက် ပြည်နယ်၀န်ကြီးချုပ် နန်းခင်ထွေးမြင့်၊ စည်ပင်သာယာ၊ စီမံ/ဘဏ္ဍာ၀န်ကြီး ဦးသန်းနိုင်၊ လူမှုရေး၀န်ကြီး ဦးဘိုဘိုဝေမောင်၊ ပအိုဝ်းတိုင်ရင်းသားရေးရာ၀န်ကြီး ခွန်မျိုးတင့်၊ လူ၀င်မှုကြီးကြပ်ရေးနှင့်အလုပ်သမား၀န်ကြီး ဦးမင်းကိုခိုင်တို့အား စစ်ကောင်စီ တရားရုံးများမှ နှစ်ရှည်ထောင်ဒဏ်များ ပြစ်ဒဏ်ချအကျဉ်းချထားသည်။

ထို့အပြင် စစ်အာဏာသိမ်းဖြစ်စဉ်အား ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ကရင်ပြည်နယ်အတွင်းမှ အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM) ၀န်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ၊ ပြည်နယ်အတွင်းမှ တက္ကသိုလ်ကျောင်းသား/သူများ အပါအ၀င်၊ အထက်တန်းကျောင်းသား/သူများ၊ NLD ပါတီ၀င်များ၊ အရပ်သား ဒေသခံပြည်သူများအား ဖမ်းဆီးထိန်းသိမ်းထားသည့် မြို့နယ်ရဲတပ်ဖွဲ့အချုပ်ဆောင်များ၊ စစ်ကြောရေးစခန်းများနှင့် အမှုရင်ဆိုင်ဆဲအချုပ်သားများ ၊ တောင်ကလေး အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသူများ စုစုပေါင်း လူ ၃၀၀ ခန့်ရှိနေကြောင်း အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး လုပ်ဆောင်နေသူများပြောစကားအရ သိရသည်။