Home သတင်း ဌာနေကရင်လူမျိုးစုများ၏ “ကော်” နယ်မြေ ၅ ခုကို KNU တရားဝင်အသိအမှတ်ပြုလက်မှတ်ပေးအပ်

ဌာနေကရင်လူမျိုးစုများ၏ “ကော်” နယ်မြေ ၅ ခုကို KNU တရားဝင်အသိအမှတ်ပြုလက်မှတ်ပေးအပ်

1598
Photo: Saw Mort

ဧပြီလ ၁၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဌာနေ ကရင်လူမျိုးစုများမှ ၎င်းတို့ ကိုယ်တိုင် စီမံခန့်ခွဲနိုင်သည့် ဒေသအခေါ် “ကော်” နယ်မြေ ၅ခုကို ကရင်အမျိုးသားအစည်းအရုံး-KNU က ပြီးခဲ့သည့် ဧပြီလ ၁၂ရက်နှင့် ၁၃ ရက်နေ့များတွင် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကော်သေးဒဲအုပ်စု၊ မော်သေးဒဲကျေးရွာရှိ သောသီတောအူး ဌာနေ တိုင်းရင်းသားများ ဥယျာဉ်တွင် တရားဝင်အသိအမှတ်ပြု လက်မှတ်ပေးအပ်ခဲ့ကြောင်း ဧပြီလ ၁၄ ရက်နေ့တွင် KNU ဗဟို မြေယာကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

KNU ခရိုင်နယ်မြေနှစ်ခုဖြစ်သည့် တောင်ငူခရိုင်အတွင်းမှ ခိုဘွယ်ဒဲကော်၊ မွီးလိုဃဲဒဲကော၊ ကော်ယော်မူ ပယ် ၊ ကော်မူလားဟေး နှင့် မူတြော်(ဖာပွန်) ခရိုင်အတွင်းမှ ကော်သေဂူ စသည့် ကော်နယ်မြေ ၅ခုကို ကေအဲန်ယူ၏ အသိအမှတ်ပြုမှုဖြင့် တရားဝင် ပိုင်ဆိုင်စီမံခန့်ခွဲခွင့်လက်မှတ်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ “ကော်” ပိုင်ဆိုင်စီမံခန့်ခွဲခွင့် အသိအမှတ်ပြုလက်မှတ် အပ်နှံပေးအပ်ခြင်းသည် ကရင့်သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ယင်းလက်မှတ်ပေးအပ်ရခြင်းမှာလည်း ကရင်ဌာနေလူမျိုးစုများ၏ ဘိုးစဉ် ဘောင်ဆက် စီမံခန့်ခွဲ အသုံးပြုလာခဲ့သည့် ဘိုးဘွားမြေပေါ်တွင် ငြိမ်းချမ်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို တည်ဆောက်ရေးဟူသော မျှော်မှန်းချက်ကို ဖြည့်ဆည်းအကောင်အထည်ဖော်သွားရန် ရည်ရွယ် ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်း “ကော်” ဟု ခေါ်သော နယ်မြေဒေသတွင် ဒေသခံ ဌာနေကရင်လူမျိုးစုများအနေဖြင့် ၎င်းတို့၏ ထုံး တမ်းအစဉ်အလာအရ အတူတကွ အသုံးပြုစီမံခန့်ခွဲ ထိန်းသိမ်းကြသော မြေယာဒေသဖြစ်ကြောင်း နှင့် အဆိုပါကော် စီမံခန့်ခွဲမှုအလေ့အထများသည်လည်း ကရင်လူမျိုးစုများ၏ ယဉ်ကျေးမှု၊ ယုံကြည်မှုနှင့် ၎င်းတို့၏ သဘာဝဇီဝမျိုးကွဲကာကွယ်ခြင်း ဓလေ့ထုံးတမ်းများမှ တဆင့်ဆင်းသက်လာခြင်းဖြစ်သည်ဟု လည်း ဖော်ပြရှင်းလင်းထားသည်။

Photo: Saw Mort

ထို့အပြင် ၎င်း”ကော်”ထဲတွင် စိုက်ပျိုးမြေနေရာ၊ ကျေးရွာ၊ ယုံကြည်ကိုးကွယ်မှုအရ တားမြစ်ထိန်း သိမ်းထားသည့် နေရာ၊ သစ်တော နှင့် ဇီဝမျိုးကွဲထိန်းသိမ်းကာကွယ်ရာနေရာများပါဝင်ပြီး ယုံကြည်မှု နှင့် ယဉ်ကျေးမှုများအရ တားမြစ်သည့် ရှောင်ရန်အမှုအမျိုးမျိုးပါဝင်သော လူမှုအသိုက်အဝန်းစည်းမျဉ်း စည်းကမ်းများဖြင့် စီမံခန့်ခွဲကြောင်း ဆိုသည်။

အဆိုပါ “ကော်” အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲသို့ တောင်ငူဒေသရှိ ကရင်မျိုးနွယ်စုများဖြစ်သော စကော၊ ပိုး၊ ဘွဲ၊ ကရင်နီ(ကယား)၊ မိုဘွာ၊ မော်နေဘွာ၊ ကညောဝါး(ကရင်ဖြူ)၊ ပကူး၊ ကယ်ခယ်၊ တောသူး(ပအိုဝ်း)၊ ကေဘားနှင့် ပကူးတလယ်ဘွာ အစရှိသည့် မျိုးနွယ်စုအသီးသီးမှ ကိုယ်စား လှယ်ပေါင်း ၄၃၈ ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားတွင်လည်း ကော်နှင့်ပတ်သက်သည့် အနာဂတ် အစီအစဉ်များကို ဆွေးနွေးချမှတ်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး ကေအဲန်ယူအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ် အုပ်ချုပ်ရေး ပေါ်လာမည့်အချိန်ကို စောင့်နေမည် မဟုတ်ကြောင်းနှင့် ကေအဲန်ယူ၏ မြေယာမူဝါဒက ချမှတ်ပေးထားသည့် အတိုင်း “ကော်” နှင့် သက်ဆိုင်ရာ မြေယာစီမံခန့်ခွဲရေးလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကေအဲန်ယူ ဗဟို မြေယာကော်မတီက ထုတ်ပြန်ခဲ့သည်။