Home သတင်း ထောင်နှင့်ချီသော ထီးမူးထစစ်ရှောင်ရွာသားများ အရေးပေါ်အကူအညီလိုအပ်နေ

ထောင်နှင့်ချီသော ထီးမူးထစစ်ရှောင်ရွာသားများ အရေးပေါ်အကူအညီလိုအပ်နေ

1411
Photo: CJ

ဧပြီ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသော မြဝတီခရိုင်၊ ထီးမူးထကျေးရွာမှ ထောင်နှင့်ချီသော ဒေသခံစစ်ရှောင်ရွာသားများသည် လက်ရှိအချိန်တွင် ထောက်ပံ့မှု အကူအညီများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကြသော ထီးမူးထကျေးရွာသူရွာသားများသည် နီးစပ်ရာ ကျေးရွာများနှင့် ဥယျာဉ်ခြံများတွင် ဖြစ်သလို နေထိုင်ကြရသည့်အတွက် လတ်တလောတွင် စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အရေးပေါ် အသုံးဆောင် ပစ္စည်းများ လိုအပ်နေသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“လူတွေက ဟိုတစ်စုဒီတစ်စု ကွဲနေတယ်။ စားနပ်ရိက္ခာတွေလည်း လိုအပ်တယ်။ တစ်ချို့က ပြေးလာတာ အဝတ်အပိုလည်း မပါဘူး။ တောထဲမှာအိပ်တာ မီးမရှိ၊ ခြင်ထောင်မပါလာတော့ ကလေးတွေ တော်တော် ဒုက္ခဖြစ်နေတယ်။ ကျမတို့အဖွဲ့မှာ လူအယောက် (၅၀) ကျော်ပါတယ်။ မနေ့တုန်းက ကျမရောက်တဲ့နေရာမှာ ကားအကြီးနဲ့ နှစ်ကား ရွာက စစ်ရှောင်ထပ်ရောက်လာတယ်။ ရွာက လူများတယ်ဆိုတော့ လူစုတွေကွဲသွားပြီး ဟိုတစ်စုဒီတစ်စုရောက်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ထီးမူးထကျေးရွာထဲသို့ လက်နက်ကြီးနှင့် တစ်နေ ကုန်နီးပါးပစ်ခတ်မှုလုပ်ဆောင်သည့်အပြင် ညဘက်အချိန်တွင်လည်း လေယာဉ်နှင့်ပါ လာရောက်ပစ် ခတ်တိုက်ခိုက်သည့်အတွက် ဒေသခံအရပ်သား (၉)ဦး လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်တချို့လည်း ပျက်စီးခဲ့သည်ဟု သိရသည်။

“သူတို့လေယာဉ်နဲ့လာပစ်တဲ့အချိန် ကျင်းပုန်းထဲပြေးဝင်လို့ အချိန်မမှီတဲ့တစ်ချို့က ကျည်စထိမှန်တာရှိတယ်။ အဲဒီ အထဲမှာ နို့တိုက်မိခင်အမျိုးသမီးတစ်ဦးလည်း ရင်သားမှာကျည်အပိုင်းအစထိ တာလည်းရှိတယ်။ ထိခိုက်ဒဏ်ရာရ တဲ့လူတွေက ရွာထဲမှာပဲနေတာလား၊ ဘယ်နေရာမှာ သွားရှောင်တာလည်းတော့ ကျမတို့လည်း မသိရဘူး။ ထီးမူးထရွာမှာ အိမ်ခြေ ၆ ရာကျော်ရှိတယ်၊ အကုန်ထွက်ပြေးတယ်။ တချို့က အိမ်မှာမွေးထားတဲ့ နွား၊ ဝက်တွေရှိတော့ ကျန်တာရှိတယ်။”ဟု အထက်ပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ (၂၄) ရက်နေ့တွင်လည်း ထီးမူးထကျေးရွာအတွင်း နယ်မြေခံ ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-KNLAနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ကျေးရွာထဲသို့ လက်နက်ကြီးနှင့်ပစ်ခတ်သည့်အတွက် ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး (၃) ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။