Home ဆောင်းပါး ရှင်သန်ရေးအတွက် ရုန်းကန်နေကြတဲ့ ကရင်စစ်ဘေးရှောင်များ

ရှင်သန်ရေးအတွက် ရုန်းကန်နေကြတဲ့ ကရင်စစ်ဘေးရှောင်များ

1480
Photo: CJ

စောလောဒူး (ဧပြီ ၆ ရက်၊ ၂၀၂၂ခုနှစ်)

ကရင်ပြည်နယ်ရဲ့မြို့ရွာတွေမှာ လက်နက်ကြီးသံနဲ့သေနတ်သံတွေကို ပြီးခဲ့တဲ့နှစ်က ဆက်တိုက်ဆိုသလို ကြားခဲ့ကြရပါတယ်။ စစ်တပ်ရဲ့တိုက်လေယာဉ်တွေက ခေါင်းပေါ်မှာ ဘွားကနဲပေါ်လာပြီး လူနေရပ် ကွက်တွေကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတာကြောင့် ရွာသားတွေဟာ တောထဲကို ရှောင်ပုန်းခဲ့ကြရပါတယ်။

ပဋိပက္ခတွေဟာ မနှစ်က စစ်တပ်အာဏာသိမ်းလိုက်ချိန်ကစပြီး ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာ အရှိန်မြှင့်တက်လာခဲ့ပါတယ်။ ဆယ်စုနှစ်ချီ ပဋိပက္ခဖြစ်ပွားနေတဲ့ KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေက ငြိမ်သက်နေတဲ့ တိုက်ပွဲတွေဟာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ အရှိန်မြှင့် တင်လိုက်သလိုဖြစ်ပြီး စစ်ရေးအတင်းမာဆုံး နယ်မြေတစ်ခု ဖြစ်လာပါတယ်။

စစ်အာဏာသိမ်းလိုက်ချိန်မှာ ကရင်ပြည်နယ်က ပြည်သူ တစ်သိန်းခွဲလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အဲ့ဒီထဲက တစ်ထောင်ကျော်ဟာ နီးစပ်ရာထိုင်းနိုင်ငံကို ထွက်ပြေးနေရပါတယ်။ တိုက်ပွဲတွေကြားမှာ သေဆုံးသွားသူတွေရှိပြီး အရေအတွက် အတိအကျတော့ မသိရပါဘူး။

အဲဒီလိုစွန့်ပြေးရသူတွေထဲမှာ KNU ထိန်းချုပ်ထားတဲ့နေရာတစ်ခုဖြစ်တဲ့ ဖာပွန်မှာနေထိုင်တဲ့ နော်ဖော ဖောတစ်ယောက်ပါဝင်ပါတယ်။ လွန်ခဲ့တဲ့လတွေတုန်း သူမရဲ့ ခြံထဲမှာ ရာသီချိန်အပင်တွေစိုက်ပျိုး ထားပြီးတိုက်ပွဲတွေဖြစ်နေတာကြောင့် ခုချိန်ထိခြံထဲမပြန်နိုင်သေးပါဘူး။

နော်ဖောဖောက “ခြံထဲမှာ ရာသီပင်အစုံစိုက်ထားတယ်။ အိမ်မိုးဖက်အချိန်ဆိုဖက်လုပ်၊ ဝါးအချိန်ဆိုလုပ်၊ နနွင်းအချိန်ဆိုနနွင်း၊ ဒူးရင်းသီးအချိန်ဆိုဒူးရင်းသီးလုပ်တယ်ပေါ့။ ဆုံးရှုံးမှုတွေကအများကြီးပဲ ရေတွက်လို့မရအောင်ရှိတာပေါ့။ အခုဒူးရင်း သီးကောက်တဲ့အချိန်ဆိုလဲသွားကောက်လို့မရတော့ဘူး။”လို့ ပြောပါတယ်။

သူမက အခုနှစ်ဇန်နဝါရီလကစတင် စစ်ဘေးရှောင်နေရပြီး ခုချိန်ထိ ခြံထဲက အပင်တွေကို ဘယ်လိုပုံ စံဖြစ်နေပြီဆိုတာကို မသိနိုင်ပါဘူး။ ဒီလိုဆုံးရှုံးမှုတွေကို တွက်ကြည့်တိုင်း ရင်ပူနေရတယ်လို့ ဆိုပါတယ်။

“ဒူးရင်းသီးက တစ်နှစ်ဆိုရင်တစ်ခေါက်ရာသီအပင်တွေဆိုတော့ ၇ သိန်းရတဲ့အခါလည်းရတယ်၊ ၈ သိန်းရတဲ့အခါလည်းရတာပေါ့။ အခုနနွင်းအချိန်ပေါ့၊ နနွင်းကတစ်နှစ်ကို အချိန် ၁၅၀ ထွက်တယ်။ နနွင်းတစ်ပိဿာကိုဖာပွန်မှာ ရောင်းတာ-၈၀၀၀ ၊ အချိန်(၁၀)ဆိုရင်(၈)သောင်းအခု အချိန်(၁၅၀) ထွက်တယ်ဆိုတော့ တော်တော်လေးကိုဆုံးရှုံးတာပေါ့”လို့ နော်ဖောဖောက ပြောပါတယ်။

အဲ့ဒီဒေသမှာ ပဋိပက္ခတွေကြောင့် ငွေကြေးဆုံးရှုံးနေရတာက နော်ဖောဖောတစ်ဦးတည်း မဟုတ်ပါဘူး။ တိုက်ပွဲတွေကြောင့် KNU အမာခံထိန်းချုပ်နယ်မြေ ဖာပွန်မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာအများက ထောင်ပေါင်းများစွာသော ဒေသခံတွေက ရင်ဆိုင်ကြုံတွေ့နေရတာပါ။ တိုက်ပွဲတွေကြောင့် ရာထောင် ပေါင်းများစွာသောဒေသခံတွေဟာ နေရာပြောင်းရွှေ့ဖို့ ဖိအားပေးခံနေရပါတယ်။

ထိုနည်းတူစွာ ကေအဲန်ယူ ဒူးပလာယာခရိုင်ထဲက လေးကေကော်ဒေသမှာလည်း ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလကတည်းက စစ်ကောင်စီက လေယာဉ်ပျံတွေ၊ လက်နက်ကြီးတွေနဲ့ လာရောက်ပစ် ခတ်တာကြောင့် ရွာသားနှစ်သောင်းကျော်ဟာ ခြံတွေကို ထားပြီး ထွက်ပြေးခဲ့ရပါတယ်။

Photo: CJ

ဒီလိုထွက်ပြေးတိမ်းရှောင်ရတာတွေက အကြောက်တရားနဲ့စိတ်ဒဏ်ရာတွေအပြင် ရေရှည် ငွေကြေးအကြပ်အတည်းတွေကိုလည်း ဖန်တီးနေပါတယ်။

နိုင်ငံရဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေလိုပဲ ကရင်ပြည်နယ်က လူဉီးရေအများစုဟာ စိုက်ပျိုး ရေးအပေါ်မှီခိုပြီး အသက်မွေးဝမ်းကျောင်းနေကြရတာပါ။ ဒါကြောင့်သီးနှံစိုက်ပျိုးမြေတွေကိုပစ်ပြီး ဖိအားပေးပြောင်းရွှေ့ခံရတာဟာ တစ်ခါတရံမှာ မျိုးဆက်ပေါင်းများစွာ အသက်မွေးဝမ်းကျောင်းမဲ့ဘဝကိုရောက်စေပါတယ်။

ကရင်ပြည်နယ်မှာ ဆန်စပါး၊ ပြောင်း၊ ကြံတို့ကိုအများဆုံးစိုက်ပျိုးပြီး ဆေးရွက်ကြီး၊ ကွမ်းသီး၊ ရာဘာ၊ ပဲမျိုးစုံတွေလည်း စိုက်ပျိုးပါတယ်။ ကရင်ပြည်နယ်အတွင်းမှာ ၂၀၁၉ ခုနှစ်အထိပြောင်း၊ စပါး၊ မြေပဲ ၊ ရာဘာတန်ချိန် ၁၂ သိန်းရှစ်သောင်းကျော်ထွက်ရှိခဲ့ပြီး အဲ့ဒီကနေ ပြည်နယ်စီးပွားရေး အတွက် ဘဏ္ဍာငွေများစွာ ရှာနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မလုံခြုံမှုတွေကြားမှာ အလုပ်လက်မဲ့ဖြစ်ကုန်ကြပြီး ပြည်နယ်စီးပွားရေး အခြေအနေဟာလည်း မရေရာတော့ပါဘူး။ ကရင်လူ့အခွင့်ရေးအဖွဲ့(KHRG)ရဲ့ မကြာသေးခင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ ဒေသခံတွေဟာ သူတို့ရိတ်သိမ်းထားတဲ့ သီးနှံတွေကို ရောင်းချလို့ မရကြသလို စားနပ်ရိက္ခာမလုံလောက်မှုတွေလည်းကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်လို့ ဆိုပါတယ်။

အိမ်ရာစွန့်ပြီးမပြေးရခင်တုန်းက လေးကေကော်က ဒေသခံတွေဟာ ပြောင်းစိုက်ပျိုးရောင်းချပြီး အသက်မွေးကြပါတယ်။ ပြောင်းစိုက်တောင်သူတစ်ဦးဖြစ်တဲ့နော်ဆောမဲကလည်း အခုလိုပြောပါတယ်။

“ဒီနှစ်တော့ ကျမပြောင်းမျိုးစေ့(၃)ပုံးလုပ်တယ်။ အခုချိန်ထိ ပြန်မလုပ်နိုင်သေးဘူး။ အားလုံးက တော့ရှုံးတာပေါ့။ နောက်ပိုက်ဆံအတိုးလည်း ယူထားသေးတယ်။ လူလည်းငှားရတယ်။ မျိုးစေ့အတွက် လူငှားအတွက်တော့ အကြွေးတော်တော်တက်မယ်။ ပိုးသတ်ဆေးတွေ၊ မြေဩဇာတွေဝယ်တယ်။ ဒီမှာနာတာရှည်အဖေ အိုကြီးတစ်ယောက်ကိုလည်း ကြည့်ရတယ်။ ဆေးခဏခဏထိုးရတယ်။ ပြောင်းလည်းပြန်မလုပ်ရဲဘူး၊ သူများတွေလမ်းပိတ်ထားတော့ပြန် မလုပ်ရဲဘူး”လို့ နော်ဆောမဲက ပြောပါတယ်။

ပြောင်းစိုက်ပျိုးသူတွေဟာ ထိုင်းလုပ်ငန်းရှင်တွေကနေ ချေးငွေပြီးယူ စိုက်ပျိုးရတာဖြစ်တာကြောင့် အခုလို မစိုက်ပျိုးနိုင်တဲ့အခါ အကြွေးထဲနစ်ပြီး ပြန်လည်ရုန်းကန်ဖို့ ခက်လှပါတယ်။ စိုက်ပျိုးသူ တစ်ချို့ကတော့ ညပိုင်းတောတွင်းမှာ သွားအိပ်ပြီး နေ့ခင်းနေ့လည်အခြေအနေကြည့်ပြီးခြံခင်း၊ လယ်ယာခင်းနဲ့ သီးနှံစိုက်ပျိုးခင်းတွေ ပြန်လာလုပ်ကိုင်တာတွေရှိတယ်လို့ ဒေသခံကပြောပါတယ်။ တချို့ကတော့ စစ်သားတွေ လက်ထဲမှာ နှိပ်စက်ခံရမှာကိုကြောက်ပြီး သူတို့စိုက်ခင်းနဲ့ ရွာထဲသွားဖို့ တွန့်ဆုတ်ကြပါတယ်။

ဇန်နဝါရီလလမှာ မြန်မာစစ်တပ်က တိုက်လေယာဉ်တွေဟာ KNU တပ်မဟာ ၅ နယ်မြေကို အနည်းဆုံး ၃ ကြိမ်လောက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ဗုံး ၁၄ လုံးနဲ့လက်နက်ကြီး ၁၈၂ ကြိမ်ပစ်ချခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။ KNU သတင်းနဲ့ပြန်ကြားရေးကတော့ ဒီတိုက်ခိုက်မှုတွေကြောင့် လက်နက်ကြီးထိပြီး ဒေသခံသေဆုံးမှုတွေရှိတယ်လို့ အတည်ပြုပါတယ်။

လေးကေကော် စစ်ရှောင်ကူညီထောက်ပံ့ပေးသူ ကိုစိုးပိုင်ကတော့ ဒီလိုစိုက်ပျိုးဖို့ မဖြစ်နိုင်ရင် အလှူရှင်တွေပိုလိုအပ်လာနိုင်တယ်လို့ ဆိုပါတယ်။

Photo: CJ

ကိုစိုးပိုင်က “ဒီနှစ်မှာဆိုရင်လည်း ပြောင်းမချိုးရသေးတဲ့လူတွေရှိတယ်။ တစ်ချို့ တွေဆိုရင်(၅)သောင်းဖိုးရမယ့်သူတွေ(၅)သောင်းဖိုး မရတော့ဘူးပေါ့။ ၁ သိန်းဖိုးလောက်ရင်းရင် (၅)သောင်းပြန်ရတယ်ပေါ့၊ တော်တော်များအဲ့လိုတွေများပါတယ်။ ဒီစစ်ပွဲက ကြာရှည်သွားမယ်ဆိုရင် နောင်နှစ်မှာ ဘယ်လိုမှစိုက်ပျိုးစားဖို့အဆင်မပြေတော့ဘူး။ အိမ်မှာတောင်မှမနေနိုင် တာ စိုက်ပျိုး ရေးလုပ်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးပေါ့။ သူတို့အတွက် အလှူရှင်တွေပိုပြီးလိုအပ်လာပြီး။ ဒီနယ်စပ်ဒေသတွေမှာပြောင်း၊ ပဲတွေကိုဘဲ ထုတ်လုပ်နိုင်တာလေ။ စိုက်ပျိုးရေးမလုပ်နိုင်တော့ဘူးဆိုရင် ကုန်ထုတ်လုပ်မှုက ဘာမှမရှိတော့ဘူးလေနော်။”လို့ ပြောပါတယ်။

ကေအဲန်ယူ မူတြော်ခရိုင် (တပ်မဟာ ၅)နယ်မြေထဲက စစ်ဘေးရှောင်စခန်းတာဝန်ရှိသူ စောပေါ်လယ်ကါလီလါးမူးကတော့ မြန်မာစစ်တပ်ဟာ သာမန်ပြည်သူတွေကို KNLA အဖွဲ့ဝင်တွေလို့စွပ်စွဲပြီး ဉီးတည်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

“လယ်ယာစိုက်ခင်းတွေထဲမှာ မိုင်းထောင်ခဲ့တာတွေ၊ ပြည်သူတွေလုပ်ကိုင်စားသောက်နေတဲ့ နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ပြည်သူတွေစားဝတ်နေရေးအတွက် လုပ်ငန်းခွင်သွားတဲ့အချိန်မှာလည်း ခြောက်လှန့်ပစ်ခတ်တာတွေကို သူငယ်စဉ်ကတည်းက တွေ့ခဲ့ရတာဖြစ်ပြီး ခုချိန်ထိပြောင်းလဲမှုမရှိသေးဘူးလို့ ဆိုပါတယ်။” လို့ သူက ဆိုပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံး-KWOရဲ့အချက်အလက်တွေအရ KNU ထိန်းချုပ်ထားတဲ့ ခရိုင်(၇)ခုမှာ စစ်ဘေးရှောင်ပြည်သူတစ်သိန်းကျော်ရှိနေပါတယ်။ အများစုဟာ နေရပ်စွန့်လာရတာကြောင့် အလုပ်လက်မဲ့တွေဖြစ်ကုန်ကြရပါပြီ။

ဒါကြောင့် ကရင်ပြည်နယ်အတွင်းက ထိုးစစ်တွေကိုချက်ချင်းရပ်တန့်ဖို့ ဒေသခံအဖွဲ့အစည်းတွေ ကတောင်းဆိုနေကြပါတယ်။ ဒါမှနေရပ်စွန့်ခွာခဲ့ရသူတွေ အသက်မွေး ဝမ်းကျောင်း ပြန်လုပ်နိုင် မှာဖြစ်သလို လူသားချင်းစာနာထောက်ထားတဲ့ အကူညီတွေလည်း ရောက်လာနိုင်မှာ ဖြစ်ပါတယ်။

ပဋိပက္ခတွေပြန်ဖြစ်လာကတည်းက ကရင်ပြည်နယ်က ဒေသခံတွေဟာ သူတို့အသက်မွေးဝမ်းကျောင်း ဆုံးရှုံးလိုက်ရပြီလို့ ကရင်လူ့အခွင့်ရေးအဖွဲ့(KHRG)က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒစူးက အခုလို ပြောပါတယ်။

“အခုလိုမျိုးအချိန်ကြာရှည်စွာ စစ်ဘေးရှောင်ရတဲ့အပေါ်မှာ သူတို့ကစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို လုပ်လို့မရတော့ဘူး။ သူတို့က ရာသီအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိက လုပ်ကိုင်တယ်။ သူတို့မလုပ်နိုင်တော့တဲ့အပေါ်မှာ သူတို့စားဝတ်နေရေးအတွက် အင်မတန်မှ ဆိုးကျိုးဖြစ်စေတယ်။ သူတို့အတွက် ဝင်ငွေလည်းမရှိတော့ဘူး။ ပြီးရင်စစ်ပြေးနေရတဲ့သူတွေအတွက်လည်း အခက် အခဲဖြစ်တယ်။ လူသားချင်းကူညီထောက်ပံ့မှုတွေလည်း အလုံအလောက်မရရှိဘူး။ အဲ့အတွက်ကြောင့်စစ်ရှောင်ရတဲ့သူတွေက လုပ်ကိုင်စားသောက်မှုအခွင့်လမ်းတွေချိုးဖောက်ခံရတယ်။ “လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေအတွက် ကောင်းမွန်တဲ့ အခြေအနေကို ဖန်းတီးပေးနိုင်ဖို့ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေကို ချက်ချင်းရပ်တန့်ဖို့လိုအပ်တယ်လို့လည်း စောနန္ဒဆူးက ဆက်ပြောပါတယ်။

“ဒါကြောင့် ပြည်သူတွေကိုထိုးစစ်ဆင်တာ ချက်ချင်းရပ်တန့်ဖို့လိုတယ်။ ပြည်သူတွေ လုံခြုံမှုရှိဖို့အတွက် အရေးတကြီးလို အပ်နေပါတယ်။ နောက်နိုင်ငံအာဏာကို မတရားသိမ်းထားတဲ့စစ်တပ်ကို နိုင်ငံတကာကအသိအမှတ်မပြုဖို့လိုအပ်သလို ပြည်သူအသံကိုနားထောင်ပေးတဲ့ အစိုးရတစ်ရပ်ပေါ် ထွန်းလာဖို့ အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ တောင်းဆိုလိုပါတယ်”လို့ ပြောပါတယ်။