ဧပြီ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ-၁ နယ်မြေ)ရှိ ဝါးဘိုးတော လမ်းဆုံ ရဲဂိတ်ကို ယနေ့ ဧပြီလ ၁၉ ရက်နေ့နံနက်တွင် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
ဖားအံ-သထုံ-ကမမောင်းသွားသည့် လမ်းဆုံဖြစ်သည့် အဆိုပါ ဝါးဘိုးတောလမ်းဆုံရှိ ရဲစစ်ဆေးရေးဂိတ်အား နံနက် ယနေ့ နံနက်၈ နာရီခွဲတွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNU ဘက်က ပြောသည်။
KNU သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က “အဲဒီဂိတ်က စစ်ဆေးတာ ခဏ ခဏရှိတယ်။ သွားလာတဲ့သူတွေကို စစ်ဆေးမေးမြန်းထူတော့ သူများသွား လုပ်တာဖြစ်မှာပေါ့။ အဲဒီဂိတ်မှာရဲ၊ စစ်သားတွေရှိတယ်။ သေတာရဲတွေများတယ်။” ဟု ပဒိုစောစိုးမြင့်က ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ရဲဂိတ် ဝင်ရောက်ပစ်ခတ်မှုတွင် လက်နက်ငယ် (၃)နှင့် ကျည် ၁၅ တောင့် သိမ်းဆည်းရမိသည်ဟုလည်း KNU တပ်မဟာ -၁ က ပြောသည်။
၎င်းလမ်းဆုံရဲဂိတ်တွင် နယ်မြေခံ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ကားနှင့်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပြီးသည့်နောက် ထိုဂိတ်အနီးတွင် မိုင်း ၂ လုံး ထပ်မံပေါက်ကွဲခဲ့သည်ဟုလည်း ဒေသခံများထံမှ သိရှိရသည်။
အဆိုပါ ရဲဂိတ်တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်များ ရောက်လာပြီး သေနတ်ရမ်းသမ်း ပစ်ခတ်ခြင်းများလုပ်ဆောင်ခဲ့သလို လမ်းပိတ်စစ်ဆေးမှုများလည်း မိုမိုလုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။