Home ကဗျာ “ကြည်သာရွှင်မြူး လတန်ခူး”

“ကြည်သာရွှင်မြူး လတန်ခူး”

1564

“ကြည်သာရွှင်မြူး လတန်ခူး”

နှစ်ဟောင်းကုန်လို့ နှစ်သစ်ဝင်
မိဿရာသီခွင်
တန်ခူးလပင် ဆင်ယင်နွှဲ
အတာကူးတဲ့ပွဲ… ။

အေးချမ်းစိုရွှဲ မွှေးနံ့သာ
ယဥ်ကျေးမှုစုံကာ
ရွှင်လန်းကြည်သာ အပြစ်ဆေး
ဝန်ချကန်တော့သေး … ။

သဒ္ဓါမွှေးတဲ့ အလှူတော်
စတုဒီသာခေါ်
မုန့်လုံးရေပေါ် မုန့်လက်ဆောင်း
ရွှေရင်အေးစေကြောင်း… ။

နှစ်ဟောင်းကုန်လို့ နှစ်သစ်ဝင်
နှစ်ဆန်းတစ်ရက်တွင်
ရွတ်ဖတ်သံလွင် ပရိတ်တရား
ဘေးရန်ကင်းစေသား … ။

လူငယ်အများ သာသနာ့ဘောင်
ဝပ်တွားခိုလှုံဆောင်
နောင်သံသရာ နိဗ္ဗာန်လမ်း
ဆောင်ကြဥ်းဖို့ ရည်မှန်း… ။

ကံ့ကော်စိန်ပန်း ငုရွှေဝါ
ပန်းပိတောက် ဝေဖြာ
ဇလပ်ဇီဇဝါ သင်းပျံ့လူး
နှစ်သစ်ကြိုဆိုမြူး
အေးချမ်းလတန်ခူး … … … ။

ဇင်မင်းစိုး (ဗိုလ်ကလေး)
20/4/2022