Home သတင်း ပိတ်ထားသော ချောင်းအား မဖွင့်ပေး၍ စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၅ဝဝ ကျော် ထပ်မံတိမ်းရှောင်ရ

ပိတ်ထားသော ချောင်းအား မဖွင့်ပေး၍ စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၅ဝဝ ကျော် ထပ်မံတိမ်းရှောင်ရ

556

ဧပြီ ၂၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအသုံးပြုနေသည့် ချောင်းရေအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ ပိတ်ဆို့ထားမှုကို ပြန်မဖွင့်ပေးသဖြင့် ယမန်နေ့ ဧပြီ ၂၁ရက်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ဒုတိယအပတ်တွင် စစ်ကောင်စီ၏ ကွီလုံတိုင်စစ်ဆင်ရေး ခြေကုပ်စခန်း အမှတ် (၅၆၁) ခြေမြန်တပ်ရင်းမှ ၎င်းတို့အသုံးပြုနေသည့် ချောင်းရေအား ပြန်လည်ဖွင့်ပေးရန် KNLA တပ်ဖွဲ့များထံ စာဖြင့်အသိပေးခဲ့ရာ စာလက်ခံရရှိပြီး ၃ ရက်အတွင်း ချောင်းရေအား ပြန်လည်မဖွင့်ပေးပါက အနီးအနားရှိ ကျေးရွာများ ပျက်စီးဆုံးရှုံးမှုဖြစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီးနောက် ယခုလို လာရောက်ဗုံးကြဲတိုက်မှု လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုင်မှုတွင် ထီးသဘလူခီးကျေးရွာထဲ ၃ လုံး၊ ကွီလုံတိုင်ကျေးရွာနှင့် ကွီလယ်ရွာသစ်ထဲ ၅ လုံး ဗုံးသီးများကျရောက်ပေါက်ကွဲပြီး ကွီလုံတိုင်၊ ကွီလယ်ရွာသစ်၊ ထီးသဘလူခီး၊ ကွီးလေးနှင့် မယ်တရောထာကျေးရွာများမှ ဌာနေပြည်သူ ၅ဝဝ ကျော် ထပ်မံ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

“ညနေ ၅ နာရီအချိန်မှာ လေယာဉ်နဲ့ ဗုံး ၅ လုံး လာကြဲသွားတယ်။ အိမ် ၂ လုံးလည်းမီးလောင်သွားတယ်။ အနီးအနားက ရွာတွေမှာရော ကြဲတယ်။ ၁ နာရီလောက်ကြာမယ်။ အခုရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ကွီလုံတိုင်ရွာမှ အမျိုသမီးတစ်ဦးက ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့် အဆိုပါကျေးရွာများသည် KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် နို့တကောမြို့နယ်၏ အုပ်ချုပ်မှုအောက်တွင်တည်ရှိပြီး ပြီးခဲ့သည့်လအတွင်းက စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ကွီလုံးတိုင်ရွာနှင့် အနီးအနားကျေးရွာများရှိ ဌာနေလူထု ၁,၅ဝဝ ကျော် စစ်ဘေးရှောင်ခဲ့ကြရပြီဖြစ်သည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။