Home သတင်း ကော့ကရိတ်မြို့တွင် ဖမ်းဆီးစစ်ဆေးမှုများ စစ်ကောင်စီ ဆက်တိုက်လုပ်ဆောင်နေ

ကော့ကရိတ်မြို့တွင် ဖမ်းဆီးစစ်ဆေးမှုများ စစ်ကောင်စီ ဆက်တိုက်လုပ်ဆောင်နေ

569
Photo: ကဆောဝါး(ကေအိုင်စီ)

ဧပြီ ၂၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ထဲတွင် ယခုရက်ပိုင်းအတွင်း လူငယ်များ ဖမ်းဆီးစစ်ဆေးခံရမှုများလာပြီး ငွေလွှဲ၊ ငွေထုတ်လုပ်ဆောင်သူအချို့ကိုလည်း စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့များမှ ဝင်ရောက်စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်လာသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့တွင် Non-CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မပါဝင်သူ) ကျောင်းဆရာ တစ်ဦးအား ညအချိန်တွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ဖမ်းဆီးခေါ် ဆောင်သွားခဲ့သလို ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ နေ့လည်အချိန်ခန့်တွင်လည်း ဆိုင်ဖွင့်ထားသည့် ငွေလွှဲငွေထုတ်လုပ်သူ အမျိုးသမီးတစ်ဦး၏ဆိုင်ကို ရဲများဝင်ရောက်ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု အမည်မဖော်လိုသူ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

သူက “ဖမ်းဆီးစစ်ဆေးမှုတွေက ညညမှာပိုလုပ်တယ်။ လူငယ်တွေ ထပ်အဖမ်းခံရတာတွေရှိတယ်။ ဘာကြောင့်ဖမ်းတာလဲတော့ သေချာမသိရဘူး ။ CDM ထောက်ပံ့တယ်၊ PDF နဲ့ အဆက်အသွယ်ရှိလို့ဖမ်းတယ်၊ အဲလိုတော့ သူတို့ပြောတာကြားရတယ်။ ဖုန်းတွေရှာဖွေစစ်ဆေးတာရှိတယ်လို့ ကြားရတယ်။ တချို့လူငယ်တွေ ဘာမှမလုပ်ရလည်း အဖမ်းခံထိမှာကြောက်လို့ ရွာဘက်မှာ အခုလိုက်တိမ်းရှောင်ရတာရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယမန်နေ့ ဧပြီ ၂၁ ရက်နေ့ ညပိုင်းအချိန်တွင်လည်း ကော့ကရိတ်မြို့အမှတ် (၅)ရပ်ကွက်ထဲတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များက လူငယ်အချို့ကို ဝင်ရောက်စစ်ဆေးမှုများလုပ်ဆောင်ရာမှာ ဖမ်းဆီးခံသူအချို့ရှိသည်ဟု မြို့ခံများက ပြောသည်။

ကော့ကရိတ်မြို့နှင့်မြို့အနီးနေရာများတွင် ယခုလဆန်းပိုင်းမှစ၍ မိုင်းဆွဲတိုက်ခိုက်ခံရမှုများလာသည့်အတွက် ကော့ကရိတ်မြို့ စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဧပြီလ ၁၉ရက်နေ့စွဲဖြင့် ရာဇဝတ်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထပ်တိုးထုတ်ပြန်ခဲ့ပြီးနောက် ယခုလို ဖမ်းဆီးစစ်ဆေးမှုများ ခပ်စိပ်စိပ် လုပ်ဆောင်လာခြင်းဖြစ်သည်။

ကရင်ပြည်နယ်၏ မြို့တော် ဖားအံမြို့တွင်လည်း အလားတူ ဖမ်းဆီးစစ်ဆေးမှုများ ခပ်စိပ်စိပ်ရှိလာပြီး မြို့အဝင်အထွက်နှင့် လမ်းဆုံနေရာများတွင် လိုင်စင်မဲ့မော်တော်ယာဉ်များ၊ ယာဉ်မောင်းလိုင်စင်မရှိသူများနှင့် ဆိုင်ကယ်ဦးထုပ်မဆောင်းထားသူများကို အကြောင်းပြု၍ စောင့်ကြပ်စစ်ဆေးမှုများ ယခင်ကထက် ပိုမိုလုပ်ဆောင်လာသည်ဟု မြို့ခံများက ပြောသည်။