Home ဆောင်းပါး ပညာရေးအရင်းအမြစ် မွေးထုတ်ပေးတဲ့ သူးမွဲခီးကျောင်း

ပညာရေးအရင်းအမြစ် မွေးထုတ်ပေးတဲ့ သူးမွဲခီးကျောင်း

1676

ဧပြီ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

အနက်၊ အဖြူ၊ အနီရောင် စပ်ထားတဲ့ ဘွဲ့ရဝတ်စုံ ကိုယ်စီဝတ်ဆင်ထားတဲ့ လူငယ်မောင်မယ်တွေဟာ တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်စကားပြောဆိုရင်း သူတို့မျက်နှာလေးတွေပေါ်မှာ အပြုံးပန်းတွေ ဝေဆာလို့နေပါတယ်။

ဒါကတော့ ထိုင်း- မြန်မာနယ်စပ် မြန်မာရွှေ့ပြောင်းကျောင်း တစ်ကျောင်းဖြစ်တဲ့ သူးမွဲခီးကျောင်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ မနက်ခင်းက ကျင်းပပြုလုပ်တဲ့ ကျောင်းဆင်းပွဲအခမ်းအနားက မြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်။

ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ၂နှစ်ကြာ ကျောင်းဆင်းပွဲ မကျင်းပဖြစ်တဲ့ သူးမွဲခီးကျောင်းဆိုရင် အခုနှစ် ကျောင်းဆင်းပွဲအခမ်းအနားကိုတော့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ထားတဲ့ ကိုဗစ်စဉ်းကမ်းချက်တွေနဲ့အညီ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အခုနှစ်ကျောင်းဆင်းပွဲမှာ ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်ထဲက Bachelor of liberal arts (BLA) ဒီကရီဘွဲ့ရရှိတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ၁ဝ တန်းအောင် ကျောင်းသူကျောင်းသားတွေအတွက် ကျောင်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

အခမ်းအနားမှာ Bachelor of liberal arts ( BLA) ဒီကရီဘွဲ့ရ ကျောင်းသူကျောင်းသား ၅၉ ယောက်ကို အောင်စာရင်းလက်မှတ်ပေးအပ်ခဲ့သလို အထက်တန်း ကျောင်းသားကျောင်းသူ ၄၈ ယောက်ကိုလည်း အောင်လက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

အခုနှစ် ကျောင်းအောင်မြင်ပြီးစီးသွားတဲ့ BLA ဘွဲ့ရ ကျောင်းသူ နော်အယ်လားဖောကတော့ သူ့အနေနဲ့ သူးမွဲခီးကျောင်းမှာပဲ စာပြန်ကူသင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

သူမက “စစတုန်းကတော့ ဒီလိုမျိုး ကျောင်းဆင်းခွင့်ရမယ်လို့ မထင်ထားခဲ့ဘူး။ ကျေးဇူးတော်ကြောင့် ကျောင်းဆင်းခွင့်ရရှိခဲ့တယ်။ ကျောင်းဆင်းပြီးသွားရင်တော့ သူးမွဲခီးကျောင်းမှာပဲ စာပြန်ကူသင်ပေးဖို့ ဆုံးဖြတ်ထားတယ်။ ကျောင်းဆင်းပွဲမတိုင်ခင်ကတည်းက ကျမတစ်နှစ်ကူသင်ခဲ့ပြီးသားဖြစ်တယ်။ ကျောင်းပြီး သွားပေမဲ့လည်း စာထပ်သင်ကူဦးမယ်။ အထောက်အကူတစ်ခု ဖြစ်ဖို့အတွက်ပေါ့။ “လို့ ပြောပါတယ်။

ဆက်လက်ပြီး အခုလို ကျောင်းပြီးစီးသွားတဲ့အတွက် ကိုယ့်လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ ကရင့်ပညာရေးအဆင့်အတန်းမြင့်မားလာစေဖို့အတွက် တစ်ဖက်တလမ်းမှ ပေးဆပ်ချင်တဲ့ ဆန္ဒတွေ များလာတယ်လို့လည်း နော်အယ်လားဖောက ဆက်ပြောပါတယ်။

“အမျိုးသားရေးစိတ်ဓာတ်လည်း ပိုမိုမြင့်မားလာတယ်။ ကိုယ့်ရဲ့နယ်မြေအသိုင်းအဝိုင်းတွေကို တိုးတက်လာအောင် ပေးဆပ်ချင်တဲ့ စိတ်ကလည်း ပိုများလာတယ်။ ဒါတွေမကသေးဘူး ကျမတို့ရဲ့ပညာရေးကို တခြား လူမျိုးတွေရဲ့ပညာရေးနဲ့အတူ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားလုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် ကျမတို့ရဲ့ ပညာရေးအဆင့်ကို ပိုမိုးကောင်းလာအောင် ကြိုးစားမြှင့်တင်ပေးကြတာပေါ့။”လို့ သူမက ပြောပါတယ်။

ဒီနှစ်ကျောင်းဆင်းပွဲအခမ်းအနားဟာ BLA ဘွဲ့ရကျောင်းသူကျောင်းသားတွေအတွက် ၅ ကြိမ်မြောက်ဖြစ်ပြီး အထက်တန်းကျောင်းသူကျောင်းသားတွေအတွက်ကတော့ ၁၃ ကြိမ်မြောက်ဖြစ်ပါတယ်။ ကျောင်းပြီးစီးသွားတဲ့ ကျောင်းသူကျောင်းသားအများစုဟာ ကရင်ပြည်နယ်ဒေသအသီးသီးက ကျောင်းလာတက်တဲ့ ကျောင်းသားလူငယ်လေးတွေဖြစ်ကြပါတယ်။

သူတို့တွေ ပညာသင်ယူနေချိန်မှာ မိဘတွေနဲ့ဝေးကွာနေရသလို မိသားစုတွေရဲ့ ကူညီထောက်ပံ့မှုကို အလုံ အလောက်မရရှိဘဲ အခက်အခဲကြားထဲကနေ မိမိရဲ့ရည်ရွယ်ချက်တွေ ပြည့်ဝအောင် ကြိုးစားအား ထုတ်သင့် တယ်လို့ အခုနှစ် ကျောင်းပြီးစီးသွားတဲ့ BLA ဘွဲ့ရ ကျောင်းသား စောလေးကလယ်ထူး က ပြောပါတယ်။

“ပညာသင်ယူနေတဲ့အချိန်မှာတော့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေကတော့ အများကြီးရှိတာပေါ့။ အခုလို မျိုးသူးမွဲခီးကျောင်းရဲ့ အတန်းပညာရေး BLA အဆင့်နေရာကို ရောက်ရှိဖို့အတွက်ကိုပေါ့။ အခက်အခဲ ကတော့ အများကြီးပဲ မိသားစုကိစ္စဖြစ်ပါစေ၊ ငွေရေးကြေးရေးကိစ္စဖြစ်ပါစေ၊ တစ်ခါတလေမှာဆိုရင် အကြောင်း အမျိုးမျိုး ကြောင့် အရှုံးပေးပြီး နောက်ပြန်လှည့်မယ့်အထိတောင် ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး အတိုင်းအတာအထိ ရှိခဲ့ပေမယ့်လည်း ဒီနေ့မှာတော့ ကျနော်တို့အနိုင်ယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာစရာဖြစ်တာပေါ့။ “လို့ သူက ပြောပါတယ်။

မည်သို့ပင် အခက်အခဲအကြပ်အတည်းတွေ ရင်ဆိုင်နေရပါစေ ပညာကိုသင်ယူကြမယ့် လူငယ်မောင်မယ်များနေနဲ့ မိမိကြုံတွေ့ရမယ့် အခက်အခဲအကြပ်အတည်းတွေကို အရှုံးမပေးဘဲ ပညာကို မလျှော့သော လုံ့လ၊ ဇွဲတို့နဲ့ ဆက်လက်ကြိုးစားသင်ယူဖို့ကိုလည်း စောလေးကလယ်ထူးက တိုက်တွန်းပါတယ်။

“ကိုယ်ထားရှိတဲ့ ရည်မှန်းချက်အတိုင်း အခုအချိန်အခါမှာ ကိုယ်လိုလားတဲ့ အဆင့်မြင့်ပညာရေးကို ရရှိဖို့အတွက် နည်းလမ်းတွေကအများကြီးရှိနေတယ်။ ကိုယ့်အတိုင်းအတာနဲ့ ကိုယ့်ရဲ့မိသားစု ထောက်ပံ့မှုအားနည်းမှုကြောင့် ပညာရေးကိုမရပ်တန့်လိုက်ပါနဲ့ နည်းလမ်းတွေအများကြီးရှိနေတဲ့အတွက် ရအောင်ကြိုးစားပြီးဆက်သွားကြပါ။ ကျနော်တို့လိုလားတဲ့ အဆင့်မြင့်ပညာရေးဆီကို ရောက်အောင်သွားကြပါလို့ တိုက်တွန်းချင်ပါတယ်။”လို့ စောလေးကလယ်ထူးက ပြောပါတယ်။

သူးမွဲခီးကျောင်းမှာ ကျောင်းအောင်မြင်ပြီးစီးသွားတဲ့ ကျောင်းသူကျောင်းသားအများစုဟာ ကရင်လူမှု အဖွဲ့အစည်းတွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသူတွေရှိသလို လတ်တလော ကျောင်းပြီးသွားတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့လည်း ရှေ့ဆက်အနာဂတ်မှာ ကိုယ်ကျိုးအတွက်သာ အလုပ် လုပ်တာမျိုးမဟုတ်ဘဲ အများအကျိုးအတွက် အလုပ်လုပ်သွားဖို့လိုအပ်တဲ့အကြောင်း သူးမွဲခီးကျောင်း ဆရာတစ်ဦးဖြစ်သူ စောဘရန်ဒန်ကလည်း တိုက်တွန်းသွားပါတယ်။

“ တချို့တွေကတော့ ဆေးဘက်နဲ့သက်ဆိုင်တဲ့အပိုင်းမှာ စိတ်အားထက်သန်တော့ ဆေးဘက်ပိုင်းမှာ ပညာ ဆက်သင်ကြပြီး တချို့ကတော့ အဖွဲ့အစည်းထဲမှာ ဝင်ပြီးတော့ အလုပ်လုပ်နေကြပြီဖြစ်တယ်။ ကျနော်သူတို့ကို ပြောတာကတော့ နင်တို့ရဲ့ရွေးချယ်မှုပဲ လုပ်ချင်တာလုပ်ကြပေါ့၊ ဒါပေမဲ့ ကိုယ့်ကောင်းကျိုး အတွက်ကြီး ပဲမဟုတ်ဘဲနဲ့ အများအတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကလေးသူငယ်တွေအတွက်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်ကြပါလို့ပဲ ပြောပေးတာပေါ့။”လို့ ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားသားသမီးတွေ ပညာသင်ယူနိုင်ဖို့နဲ့ နယ်စပ်တစ်လျှောက်မှာရှိတဲ့ ကလေးတွေ လုံလုံခြုံခြုံနဲ့ပညာသင်ယူနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ သူးမွဲခီးကျောင်းကို ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံရဲ့ ဖုတ်ဖရတ်မြို့နယ်မှာ ၂ဝဝ၂ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှာ မူလတန်းအဆင့်ကနေ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

အခု လက်ရှိအချိန်မှာတော့ အထက်တန်းလွန်လို့ခေါ်တဲ့ (Post Ten) BLA ဒီကရီအတန်းပညာအထိ သင်ကြားပို့ ချပေးနေပြီဖြစ်သလို ကျောင်းသူကျောင်းသားတချို့ဆိုလည်း ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံတကာတက္ကသိုလ်ကျောင်းတွေနဲ့ တခြားနိုင်ငံရပ်ခြား အဆင့်မြင့်တက္ကသိုလ်ကျောင်းတွေမှာ ပညာသင်ယူခွင့်ရရှိနေပြီလည်း ဖြစ်ပါတယ်။