Home သတင်း မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်း တောနော်ရေတံခွန်အနီးရှိတံတား ပြုပြင်ရန်ရှိ၍ ကုန်တင်ယာဉ်များသွားလာခွင့် ရက်ပိုင်းပိတ်မည်

မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်း တောနော်ရေတံခွန်အနီးရှိတံတား ပြုပြင်ရန်ရှိ၍ ကုန်တင်ယာဉ်များသွားလာခွင့် ရက်ပိုင်းပိတ်မည်

1006
Photo: CJ

မတ်လ ၁၃ ရက် ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု အဓိကလမ်းကြောင်းဖြစ်သော မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း မိုင်တိုင် 135 km နှင့် 136 km ကြား တောနော်ရေတံခွန်အနီးရှိ တံတားပြုပြင်ရန်ရှိသဖြင့် ကုန်တင်ယာဉ်များ သွားလာခွင့်ကို (၃) ရက်ခန့် ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

Photo: CJ

အဆိုပါ တံတားမှာ ပြီးခဲ့သည့် မတ်လ (၁၁) ရက်နေ့က မိုင်းခွဲခြင်းခံရသဖြင့် တံတားထောက်တိုင်(၂)တိုင် ကျိုးပဲ့ပျက်စီးခဲ့ခြင်းကြောင့် ပြန်လည်ပြုပြင်မည်ဖြစ်၍ ထိုရက်အတောအတွင်း ကုန်တင်ယာဉ် ကားကြီးများကို သွားလာမှုကို ကန့်သတ်ထားပြီး အိမ်စီးကားများနှင့် သယ်ယူပို့ဆောင်ရေး ယာဉ်ငယ်များကိုသာ ဖြတ်သန်းသွားလာခွင့်ပေးသွားမည် ဟု မြဝတီနယ်စပ်ကုန်သွယ်ရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ယမန်နေ့ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက မှန်လုံယာဉ်အပါအဝင် ကုန်တင်ယာဉ် (၄) စီးခန့် ပစ်ခတ်မီးရှို့ခံရပြီးနောက် ၎င်းလမ်းပိုင်းအား သွားလာခွင့် ပိတ်ထားခဲ့ပြီး ယနေ့ မတ်လ ၁၃ ရက် နေ့တွင် လမ်းပြန်ဖွင့်ပေးခဲ့၍ ယာဉ်သွားလာမှုများ ရှိနေသည်။

သို့သော် ယမန်နေ့ မတ်လ ၁၁ ရက်နေ့က မိုင်းခွဲခံထားရသော အာရှလမ်း မိုင်တိုင် 135 km နှင့် 136 km ကြား တောနော်ရေတံခွန်အနီးရှိ တံတားမှာကြံ့ခိုင်မှုအားနည်းနေသည့်အတွက် ယာဉ်ဖြတ်သန်းသွားလာမှု၌ အဆင်းအတက်စောင့်ဆိုင်းနေရခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။