Home သတင်း ကုန်စိမ်းကားအတွင်း ပုန်းအောင်း လိုက်လာသည့် မြန်မာလုပ်သား ၅၃ ဦး တာ့ခ်ခရိုင်ဘန်ကောက်အတက်လမ်းတွင် ဖမ်းမိ

ကုန်စိမ်းကားအတွင်း ပုန်းအောင်း လိုက်လာသည့် မြန်မာလုပ်သား ၅၃ ဦး တာ့ခ်ခရိုင်ဘန်ကောက်အတက်လမ်းတွင် ဖမ်းမိ

1216
Photo_ AEC News Facebook Page

မတ် ၁၄ ရက် ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီနယ်စပ် လမ်းကြောင်းမှတဆင့်ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ကုန်စိမ်းကားအတွင်း ပုန်းအောင်း လိုက်လာသည့် မြန်မာလုပ်သား ၅၃ ဦးကို မဲဆောက်မြို့အထွက် တာ့ခ်ခရိုင် ဘန်ကောက်အတက်လမ်းတွင် ယနေ့ မတ်လ ၁၄ ရက် နံနက်အစောပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မဲဆောက်မြို့အထွက်တာ့ခ်ခရိုင် အတွင်းရှိ ဘန်ကောက်တက်သည့် လမ်းကြောင်းပေါ်ရှိစစ်ဆေးရေးဂိတ်တွင် ဂေါ်ဖီထုပ်အပါအဝင် ကုန်စိမ်းများတင်လာသည့်ကားတစ်စီးအား ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့ကစစ်ဆေးရာ ကားအတွင်း ကုန်စိမ်းများအကြား ပုန်းအောင်လိုက်လာသည့် အထောက်အထားမဲ့ မြန်မာလုပ်သား အမျိုးသား (၃၁) ဦး နှင့် အမျိုးသမီး (၂၂)ဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။

ယခုလို ရာသီဥတုပူပြင်းနေသည့် အချိန်မှာ ကုန်စိမ်းကားအတွင်းပုန်း၍ လိုက်လာရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ အသက်ရှုမွန်းကြပ်လောက်သည်အထိ ဆိုးဝါးသည့်အနေအထားကို တွေ့ရကြောင်းလည်း ဖမ်းဆီးရေးတွင် ပါဝင်သည့် ထိုင်းအာဏာပိုင်တစ်ဦးက သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

အဆိုပါ မဲဆောက်အထွက် တာခ့်ခရိုင်အတွင်းရှိ ဘန်ကောက်အတက်လမ်း စစ်ဆေးရေးဂိတ်မှာပင် ပြီးခဲ့သည့် ၂ ပတ်ခန့်ကလည်း ကုန်စိမ်းကားအတွင်း ပုန်းအောင်းလိုက်လာသည့် မြန်မာလုပ်သား ၁၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ယခုအခါ နှစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် ၅၃ ဦး ထပ်မံဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးရမိသည့် မြန်မာလုပ်သားများမှာ ၎င်းတို့အနေဖြင့် ပွဲစားများကို ကယ်ရီခအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၅,၀၀၀ မှ ဘတ် ၃၀,၀၀၀ ဝန်းကျင်ထိပေး၍ လာကြရသည်ဟု ဆိုသည်။

ထိုင်းသို့ တရားဝင် MoU စနစ်ဖြင့် လာခွင့်မရသေးခင်စပ်ကြား ယခုလို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် နေ့စဉ် ၁၀၀ ကျော်ခန့် အဖမ်းခံနေရပြီး ယခု မတ်လ အတွင်း ထိုင်း-မြန်မာ နယ်စပ်ဝင်ပေါက် ၆ ခုခန့်မှ ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁ ထောင်ကျော် အဖမ်းခံထားရကြောင်း သိရသည်။

Photo_ AEC News Facebook Page