Home သတင်း ကော့ကရိတ် စစ်ရှောင်ပြည်သူနေအိမ် အလုံး ၁၀၀ခန့် စစ်ကောင်စီတပ် ဖောက်ထွင်းခဲ့

ကော့ကရိတ် စစ်ရှောင်ပြည်သူနေအိမ် အလုံး ၁၀၀ခန့် စစ်ကောင်စီတပ် ဖောက်ထွင်းခဲ့

1107

မတ်လ ၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ် တောင်ပိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလက ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တိမ်း ရှောင်ခဲ့ရသော စစ်ရှောင်များ၏ နေအိမ်အလုံး ၁၀၀ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ပစ္စည်းများကို ယူဆောင်ဖျက်ဆီးခဲ့ကြသည်ဟု စစ်ရှောင်ပြည်သူများက ပြောသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော မြို့ဟောင်းရွာရှိ နေအိမ်အလုံး ၄၀ အပါအဝင် မောင်းမရွာသစ်၊ ကြောင် လျှာကုန်း၊ အံဖလေးနှင့် အံဖကြီး စသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်အခြေချခဲ့သော ကျေးရွာတိုင်းတွင် နေအိမ်များ ဖောက်ထွင်းခံရကာ အိမ်ထဲရှိ စားနပ်ရိက္ခာများနှင့် အသုံးဆောင်ပစ္စည်းများကို ယူဆောင်သွားခြင်း၊ အိမ် မွေးတိရိစ္ဆာန်များကို ဖမ်းယူစားသောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသတစ်ဦးက ပြောသည်။

၎င်းဒေသခံက “သူတို့ဝင်တဲ့ရွာတိုင်းကိုက အဲဒီလိုဖြစ်တယ်။ ရွာသူရွာသားတွေမရှိတော့ သူတို့ဖျက်ဆီးတယ်။ ရှိရင် တော့ သူတို့မလုပ်ဘူး။ ရွာသားတွေကလည်း သူတို့နဲ့အတူ ရွာထဲမှာမနေရဲတော့ ထွက်ပြေးနေရတယ်။ အဲဒါကို သူတို့ အခွင့်ကောင်းယူပြီး ဆန်၊ ဆီ၊ ဆား၊ ပြီးတော့ အသုံးဆောင်ပစ္စည်း အိုး၊ ခွက်တွေ၊ ပြီးတော့ ဆိုလာပြား၊ ဘက်ထရီတွေ ယူသွားတယ်။ ကြက်တွေ၊ ဝက်တွေလည်း ယူတယ်။ ဒါတွေက သူတို့အတွက် ရိက္ခာတွေ၊ အသုံးအဆောင်ပစ္စည်းတွေ ပြန်ဖြစ်သွားတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အင်အား(၈၀)ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကမိုင်ကုန်းနှင့် အံဖလေးကျေးရွာထဲတွင် တစ်လကျော် ကြာ တပ်စွဲနေစဉ် ရွာထဲရှိ လူနေအိမ်များကို ဖောက်ထွင်းမှုများ လုပ်ဆောင်သည့်အပြင် ၎င်းတို့နေထိုင်ခဲ့သည့် နေအိမ် ခြံဝင်းထဲတွင်လည်း ကျင်းပုန်းများတူးထားသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ကော့ကရိတ်တောင်ပိုင်းဒေသဘက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီ တပ်များနှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်မဟာ(၆)၊ တပ်ရင်း (၁၈)နှင့် တပ်ရင်း(၂၇)တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ် ခတ်သည့်အပြင် လေကြောင်းတိုက်ခိုက်မှုများပါ အသုံးပြုခဲ့သည့်အတွက် ဒေသခံတစ်သောင်းကျော်မှာ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။

လက်ရှိအချိန်တွင် အဆိုပါ စစ်ရှောင်အချို့သည် ၎င်းတို့ကျေးရွာတွင် ပြန်လည်နေထိုင်ပြီးဖြစ်သော်လည်း စစ်ကောင်စီ တပ်ဘက်မှ ပြန်လည်ထွက်ခွာခြင်းမရှိသေးဘဲ ဆက်လက် တပ်စွဲထားသောကြောင့် တိုက်ပွဲများ အချိန်မရွေး ပြန်လည် ဖြစ်လာမည်ကို စိုးရိမ်နေကြ၍ နေအိမ်မပြန်နိုင်သေးသည့် အိမ်ထောင်စု တစ်ထောင်ဝန်းကျင် ကျန်ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ ကျေးရွာအတွင်း တပ်စွဲနေထိုင် အခြေစိုက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မည်သည့်တပ်ရင်း၊ တပ်ဖွဲ့က ဖြစ်ကြောင်းကို ကေအိုင်စီက အတိအကျ မသိရှိသေးသည့်အတွက် ဆက်လက် အတည်ပြုသွားမည်ဖြစ်သည်။

ကော့ကရိတ်တောင်ပိုင်းရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံရွာသူရွာသားများအတွက် စစ်ရှောင်စခန်း သီးသန့် ထားရှိပေးခြင်း မရှိဘဲ အခြားကျေးရွာရှိ ၎င်းတို့၏အသိမိတ်ဆွေ နေအိမ်များတွင် ခိုလှုံနေထိုင်ကြခြင်းဖြစ်သည်။ အဆိုပါ ရှောင်တိမ်းမှီခိုနေထိုင်နေရသည့် စစ်ဘေးရှောင် ဒေသခံပြည်သူများအတွက် ရိက္ခာများကို အလှူရှင်အဖွဲ့အစည်းအချို့ က ထောက်ပံ့ကူညီမှုများရှိသော်လည်း လုံလောက်မှုမရှိကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။