Home ဆောင်းပါး အာဆီယံအထူးကိုယ်စားလှယ်ခရီးစဉ်နဲ့မြန်မာ့အရေး

အာဆီယံအထူးကိုယ်စားလှယ်ခရီးစဉ်နဲ့မြန်မာ့အရေး

1027
Photo: Internet

အာဆီယံအထူးကိုယ်စားလှယ်ခရီးစဉ်နဲ့မြန်မာ့အရေး

မောင်ကျော်စွာ

(၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ရက်)

“လာမယ့် မတ်လ ၂၁ရက်ကနေ ၂၃ရက်အထိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီး ယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhon မြန်မာနိုင်ငံကို သွားမယ်” ဆိုတဲ့သတင်းနဲ့ဆက်စပ်ပြီး ဘက် ၃ဖက်ကနေ အသံတွေ ကြားလာရပါတယ်။ ဘက် ၃ဖက်ဆိုတာ အာဆီယံ၊ အကြမ်းဖက် (စကစ)စစ်အုပ်စု၊ စစ်အုပ်စုကို တွန်းလှန် ဆန့်ကျင်နေတဲ့ အင်အားစုဆိုတဲ့ ဘက် ၃ဖက်ကို ဆိုလိုတာပါ။

အာဆီယံဘက်က အသံကတော့ “မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်စေရေးအတွက် လက်ခံလို့ ရနိုင်မယ့်အခြေအနေ ဖန်တီးဖို့ သွားရောက်မယ့် ခရီးစဉ်ဖြစ်တယ်”လို့ ဆိုပါတယ်။ ဒီယေဘုယျသဘောထားမှာပဲ လုံးထွေးထားတဲ့ “အကြမ်းဖက်မှုတွေ” ဆိုတဲ့ အသုံးအနှုန်းက ပြဿနာရှိနေပါတယ်။

အကြမ်းဖက်မှုကို စတင်ပြုလုပ်သူနဲ့ မရပ်မနား ပြုလုပ်နေသူတွေဟာ ကျနော်တို့ ပြည်သူတွေရဲ့အမြင်မှာ မင်း အောင်လှိုင် ဦးစီးတဲ့ (စကစ)စစ်အုပ်စုနဲ့ သူ့အဆွယ်အပွားတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ပြည်သူတွေဟာ (စကစ)စစ် အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ရရာလက်နက်နဲ့ ခုခံတော်လှန် တိုက်ခိုက်နေရတာပါ။ (စကစ)စစ်အုပ်စုက ကျနော်တို့ ပြည်သူတွေကို၊ ပြည်သူ့ပြောက်ကျားတွေကို လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ အမြောက်ကြီးတွေ၊ တင့်ကားတွေသုံး ပြီး ထိုးစစ်ဆင်နေတာ မဟုတ်ပါလား။

ဒါ့ကြောင့် “မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်စေရေးအတွက် လက်ခံလို့ရနိုင်မယ့် အခြေအနေ ဖန်တီးဖို့”ဆိုရင် အကြမ်းဖက်(စကစ) စစ်အုပ်စုကို အဓိကတိုက်တွန်းရမှာဖြစ်တယ်ဆိုတဲ့ အချက်ကို အထင်အရှား တွေ့ ရမှာ ဖြစ်ပါတယ်။ ဒီကနေ့ နိုင်ငံနဲ့အဝန်းမှာ ဖြစ်ပွားနေတဲ့ ခုခံတော်လှန်မှုတွေဟာ အကြမ်းဖက် (စကစ)စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုကြောင့် ပေါ်ပေါက်လာရတဲ့ တိုက်ရိုက်ရလဒ်ပဲ မဟုတ်ပါလား။

“အကြမ်းဖက်မှုတွေ အဆုံးသတ်စေရေးအတွက် လက်ခံလို့ရနိုင်မယ့် အခြေအနေ ဖန်တီးဖို့” ဆိုရင် ပထမဆုံး နဲ့ အခြေခံအကျဆုံး အချက်ကတော့ အကြမ်းဖက် (စကစ)စစ်အုပ်စုက နေ့စဉ်နဲ့အမျှ ပြုလုပ်နေတဲ့ ထိုးစစ်ဆင် တိုက် ခိုက်နေမှုတွေ၊ သတ်ဖြတ်မှုတွေ၊ လုယက်မှုတွေ၊ မီးရှို့မှုတွေ၊ ဖမ်းဆီးမှုတွေကို ချက်ချင်းရပ်ဆိုင်းပြီး ဒေါ်အောင်ဆန်းစု ကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဖမ်းထားသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ လိုအပ်ပါတယ်။

ဒီကိစ္စတွေ ဖြစ်မြောက်လာဖို့တော့ အကြမ်းဖက် (စကစ)စစ်အုပ်စုကပဲ လုပ်ဆောင်ရမှာပါ။ ဒါပေမယ့် (ဗွီအိုအေ)နဲ့ မေးမြန်းရာမှာ ဇော်မင်းထွန်းပြောနေတာတွေဟာ အင်မတန်မှခေါင်းမာပြီး လူပါးဝလွန်းပါတယ်။ နိုင်ငံရေး ပါတီတစ်ရပ်ရဲ့ အဓိကခေါင်းဆောင်တွေ၊ အဆုံးအဖြတ်ပေးနိုင်သူတွေကို ဖမ်းဆီးထားပြီး သူတို့ တမင်မဖမ်းဘဲ ချန် ထားသူတချို့နဲ့ တွေ့ခွင့်ပေးမယ်ဆိုတာဟာ ကောက်ကျစ်ယုတ်မာတဲ့ ဖြိုခွဲရေးလုပ်ရပ်ပဲ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကျခံနေ ရသူတွေ၊ တရားဥပဒေနဲ့ ရင်ဆိုင်နေရသူတွေနဲ့ တွေ့ခွင့်မပေးနိုင်ဘူး ဆိုတဲ့အပြောကတော့ တကယ့် ဟာသပြက်လုံးပါ ပဲ။ အာဏာသိမ်းတာ၊ ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းပစ်တာ၊ လုပ်ကြံစွပ်စွဲချက်မျိုးစုံနဲ့ ဖမ်းဆီးနေတာတွေဟာ ဒင်းတို့ လက်ကိုင်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ဗြောင်အကျဆုံး ချိုးဖောက်ပြီး လုပ်ခဲ့တာတွေပဲ မဟုတ်ပါလား။

ဒါကြောင့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒီခရီးစဉ်ဟာ စစ်အုပ်စုက စိတ်ကြိုက်ရွေးချယ်ထားသူတွေတချို့နဲ့ ခေတ္တခဏ စကားပြောခွင့်ရမယ့် ခရီးစဉ်တစ်ခုကလွဲပြီး ထူးခြားတဲ့ရလဒ် တစ်စုံတစ်ရာ ရလာဖို့ မမြင်မိပါဘူး။ ဒါ့အပြင် အထူး ကိုယ်စားလှယ်အနေနဲ့ အကြမ်းဖက် (စကစ)စစ်အုပ်စု ထိပ်ပိုင်းနဲ့တွေ့တဲ့အခါမှာလည်း ငါ့စကားနွားရပြောတဲ့ ကြွားလုံးတွေကလွဲပြီး တခြားဘာတွေများ ကြားရမှာလဲ။

အတိုက်အခိုက် ရပ်စဲထားတယ်ဆိုတာ ဗြောင်အကျဆုံး လိမ်လည်မှုတွေထဲက တစ်ခုပါပဲ။ စာရွက်ပေါ်မှာ၊ သတင်းစာတွေထဲမှာပဲ အတိုက်အခိုက် ရပ်စဲထားတာပါ။ လက်တွေ့မြေပြင်မှာတော့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေ တယ် မဟုတ်ပါလား။ ရွာလုံးကျွတ်မီးရှို့မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကို နေ့စဉ်မပြတ် ကြားသိနေကြရပါတယ်။

(NCA) စာချုပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတချို့နဲ့လည်း အာဆီယံအထူးကိုယ်စားလှယ် တွေ့ခွင့်ရ မှာပါ။ ဒါပေမယ့် အဓိကကျတဲ့ အဖွဲ့အစည်းတွေနဲ့တော့ တွေ့ရလိမ့်မယ် မဟုတ်ပါဘူး။ ဒါ့ကြောင့် အာဆီယံအထူး ကိုယ်စားလှယ်အနေနဲ့ ဒီခရီးစဉ်မှာ အကြမ်းဖက် (စကစ)စစ်အုပ်စုနဲ့ မိုက်ဖော်ဆိုးဖက် အလိုတော်ရိများရဲ့ ကြောင်းတူ သံကွဲ အသံတွေကို ကြားရပါလိမ့်မယ်။

တကယ်တော့ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု (EAOs) အားလုံး နဲ့ သီးခြားစီ တွေ့ဆုံသင့်ပါတယ်။ သူတို့ရဲ့အသံတွေကို လေ့လာနားထောင်ဖို့လိုပါတယ်။ ထို့အတူ (NUCC/ CRPH/ NUG)တို့နဲ့လည်း တွေ့ဆုံသင့်ပြီး သူတို့အသံနဲ့သဘောထားကို လေးလေးစားစား ကြားနာဖို့ လိုအပ်ပါတယ်။

အကြမ်းဖက် (စကစ)စစ်အုပ်စုက အာဆီယံကိုပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂကိုပဲဖြစ်ဖြစ် အခြားနိုင်ငံတွေက အထူးသံ တွေ၊ အထူးကိုယ်စားလှယ်တွေကိုပဲဖြစ်ဖြစ် သူတို့တည်ရှိမှုတရားဝင်ဖြစ်အောင် အသုံးချနေတာသက်သက်ကလွဲပြီး တခြားရည်ရွယ်ချက်မရှိပါဘူး။ ဒီလိုတွေ့ဆုံမှုတွေမှာ ဟိတ်ဟန်ထုတ် ဓာတ်ပုံအရိုက်ခံပြီး စစ်တပ်ထဲမှာ အောက်ခြေ တပ်ထုကို လှည့်စား လိမ်ညာဖို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂကပဲဖြစ်ဖြစ်၊ အာဆီယံကပဲဖြစ်ဖြစ်၊ အခြားအထူး သံကိုယ်စားလှယ်များဆီကပဲဖြစ်ဖြစ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အကြောင်းအကျိုးရှိတဲ့ အဆိုပြုချက်မှန်သမျှကိုလည်း ဆင်ခြေအမျိုးမျိုးပေးပြီး မျက်စိမှိတ် ငြင်း ပယ်နေမှာပဲဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အချိန်ဆွဲပြီး သူတို့အုပ်စိုးမှုကို ဆွဲဆန့်နေတာပါ။

ဒါကြောင့် နိုင်ငံတကာနဲ့ ဒေသတွင်း အဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂ၊ အာဆီယံတို့အနေနဲ့ သက်ဆိုင်ရာ ဘက်အသီးသီးရဲ့ အသံနဲ့သဘောထားတွေကို လေးလေးစားစားနဲ့ မပျက်မကွက် နားထောင်ဖို့ လိုအပ်ပါတယ်။ အကြမ်း ဖက်(စကစ)က စီမံပေးထားသူတွေနဲ့သာ တွေ့ဆုံနေလို့ကတော့ ဘာအကျိုးရလဒ်မှ ဖြစ်ပေါ်လာစရာ မရှိနိုင်ပါဘူး။

တရုတ်အထူးသံ၊ ဂျပန်အထူးသံတို့အနေနဲ့လည်း အလားတူပါပဲ။ ကိုယ်ကျိုးစီးပွား (ပထဝီအကျိုးအမြတ်နဲ့ စီးပွားရေးအကျိုးအမြတ်)ကို ရှေ့ရှုပြီး မြန်မာ့အရေးမှာ ပါဝင်ဆောင်ရွက်ကြတဲ့အခါမှာ တစ်ဖက်သတ်မကျဖို့ သိပ်အ ရေးကြီးပါတယ်။ ငါတို့ အကျိုးစီးပွား ရေရှည်ထိန်းသိမ်း ဖြစ်ထွန်းကြီးထွားစေရေးသက်သက်ပဲ အလေးတင်းပြီး အကြမ်း ဖက် (စကစ)စစ်အုပ်စုဖက်ကိုပဲ အလေးတင်းနေမယ်ဆိုရင် အကျိုးဆက်တွေက ကောင်းမွန် ကျေနပ်စရာ ရှိလာမှာ မဟုတ်ပါဘူး။ ခုခံတွန်းလှန်တဲ့ အဖွဲ့အစည်းတွေရဲ့အသံ၊ တိုင်းပြည်နဲ့ လူထုရဲ့အသံကိုလည်း စနစ်တကျ နားထောင်ဖို့ လိုအပ်ပါတယ်။ ပြည်တွင်းစစ် ရှည်ကြာနေတာ “စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်ဗြူရိုကရေစီ ယန္တရား” တည်ရှိလို့ သာ ဖြစ်ပါတယ်။

ဒါကြောင့် သင်တို့ရဲ့ ပါဝင်ကူညီမှု၊ သင်တို့ရဲ့သဘောထားနဲ့ လုပ်ဆောင်မှုတွေဟာ တကယ့်လက်တွေ့မှာ “စစ် အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်ဗြူရိုကရေစီ ယန္တရား” တည်တံ့ခိုင်မြဲအောင် ထောက်ကူပေးနေသလို ဖြစ်နေသလား၊ ပြည်တွင်းစစ် ရှည်ကြာသထက်ရှည်ကြာအောင် အချက်အလက် ပံ့ပိုးပေးသလိုဖြစ်နေပြီလားဆိုတာ အလေးအနက် ပြန် လည်သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အဖိနှိပ်ခံ ပြည်သူတွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို လျစ်လျူရှုသလို ပစ်ပယ်သလို ဖြစ်နေပြီလားဆိုတာလည်း လေးလေးနက်နက် ပြန်လည် သုံးသပ်သင့်ပါတယ်။

ဒီလိုမှ မဟုတ်ရင်တော့ သင်တို့ရဲ့ ကူညီမှု၊ ပါဝင်မှုတွေကို အဖိနှိပ်ခံ ပြည်သူတစ်ရပ်လုံးက ခါးသီးနာကျည်းပြီး အယုံအကြည်ကင်းမဲ့ကာ ဆန့်ကျင်ကြပါလိမ့်မယ်။ အခုလည်း သင်တို့ရဲ့ စေတနာနဲ့ ကူညီမှုတွေကို ကျနော်တို့ပြည်သူ တွေက ပြည့်ပြည့်ဝဝ မယုံကြည်ကြပါဘူး။

ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကြီးမဆို သူတစ်ပါးပြည်တွင်းရေးမှာ နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်စွက်ဖက်ကြတာ ချည်းပါ။ စွက်ဖက်ပုံ၊ စွက်ဖက်နည်းပဲ ခြားနားတာပါ။ မစွက်ဖက်တဲ့ နိုင်ငံရယ်လို့တော့ဖြင့် မရှိပါဘူး။ ရှိလည်း မရှိနိုင် ပါဘူး။ ဝင်မစွက်ရေးကို ပြောနေတာဟာ ကိုယ့်တိုင်းပြည်အရေးမှာ သူတစ်ပါးက ဝင်စွက်မှာကို ကြိုတင်ပြီး ဘေးဆီး ရန်ကာတဲ့ သဘောပါပဲ။ ဒီလိုပြောနေလို့လည်း စွက်ဖက်တဲ့သူက မစွက်ဖက်နေတာ မဟုတ်ပါဘူး။ ဘယ်လို ပဋိဉာဉ် တွေ၊ ဘယ်လိုသဘောတူညီချက်တွေ ရှိထားပါစေ။ သူတို့ဝင်စွက်ဖက်ချင်ရင် အကြောင်းပြချက်မျိုးစုံနဲ့ ဝင်ပြီးစွက်ဖက် ကြတာချည်းပါပဲ။

ကိုယ့်တိုက်အိမ်ကြီးနံဘေးက မြေစိုက်ထရံကာအိမ်လေးမှာ ဆူညံရန်ဖြစ်နေကြမယ်၊ မီးလောင်နေမယ်ဆိုရင် အိမ်နီးချင်းတိုက်ပိုင်ရှင်တွေအဖို့ စိုးရိမ်ကြမှာ ဓမ္မတာပါပဲ။ ဒီတော့ သူတို့စိုးရိမ်မှုကို ပြေပျောက်ဖို့ တနည်းနည်းနဲ့ မြေစိုက်အိမ်ကလေးရဲ့ အရေးကိစ္စတွေကို ပါဝင်ကူညီချင်ကြမှာပါပဲ။ ထရံကာအိမ်ကလေးမှာ လောင်တဲ့မီးက တိုက်အိမ် ကြီးကိုလည်း ကူးစက်ပြီးလောင်ကျွမ်းနိုင်တယ် မဟုတ်ပါလား။ နိုင်ငံတွေနဲ့လည်း အလားတူပါပဲ။ ကျနော်တို့ တိုင်းပြည် ဟာ ပြည်တွင်းစစ် ရှည်ကြာနေတဲ့တိုင်းပြည်၊ ဆင်းရဲပြီး အဖက်ဖက်က ခေတ်နောက်ကျနေတဲ့တိုင်းပြည်၊ အမျိုးသား သွေးစည်းညီညွတ်မှု အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေတဲ့ တိုင်းပြည်မဟုတ်ပါလား။ ဒီတော့ အိမ်နီး/အိမ်ဝေး တိုင်းပြည်ကြီး တွေက ရည်ရွယ်ချက်အမျိုးမျိုး – အမြော်အမြင်အဖုံဖုံနဲ့ စိုးရိမ်ပူပန်ကြတာ မဆန်းပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပါဝင် ကူညီဖြေရှင်းပေးချင်ကြမှာပေါ့။

ကျနော်တို့အနေနဲ့လည်း ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို ကိုယ့်တိုင်းပြည်ပြဿနာကို ကိုယ်တိုင် ဖြေရှင်းနိုင် ကြဖို့ပဲ အားသွန်ခွန်စိုက် လုံးပမ်းကြရမှာပါ။ သူတပါးကူညီမစမှုနဲ့ ဖြေရှင်းရေးကို မျှော်လင့်နေလို့ မဖြစ်ပါဘူး။ စစ်အုပ်စု ဆန့်ကျင်ရေးအင်အားစုတိုင်း အမြော်အမြင်ကြီးကြီးနဲ့ သွေးစည်းညီညွတ်ကြဖို့ အချိန်တန်ပါပြီ။ ဒီညီညွတ်မှုနဲ့ပဲ စစ်အုပ် စု – စစ်အာဏာရှင်စနစ်နဲ့ စစ်ဗြူရိုကရေစီယန္တရားကို အကုန်အစင်ဖြိုချပစ်ပြီး ခေတ်မီတိုးတက်တဲ့တိုင်းပြည်သစ်ကို ထူထောင်ကြရမှာပါ။ အခြား နည်းလမ်းမရှိပါဘူး။

ဒါကြောင့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မကြာခင် စတင်တော့မယ့် ခရီးစဉ်ဟာလည်း ဘာမှ သိပ်ထူးထူး ခြားခြားမရှိဘဲ ဒီလိုပဲ ပြီးဆုံးသွားမှာလို့ မြင်မိပါတယ်။