Home သတင်း ကော့ကရိတ် တောင်ပိုင်းရှိ ကေအဲန်ယူ၏ တောနော်ဆေးရုံအား စစ်ကောင်စီ တိုက်ခိုက်နေရာယူ၊ မြေပြင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ကော့ကရိတ် တောင်ပိုင်းရှိ ကေအဲန်ယူ၏ တောနော်ဆေးရုံအား စစ်ကောင်စီ တိုက်ခိုက်နေရာယူ၊ မြေပြင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

1169
Photo: CJ

မတ်လ ၂၁ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ် တောင်ပိုင်း တောနော်ဆေးရုံ အပါအဝင် ဒေသကျေးရွာများအား စစ်ကောင်စီဘက်မှ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက် နေရာယူထားပြီး မြေပြင်တိုက်ပွဲ နေ့ရောညပါ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသသတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

ဒေသသတင်းအရင်းအမြစ်တစ်ခုက “တိုက်ပွဲက နေ့ရောညပါ ဖြစ်နေတယ်။ အံဖကြီးကို အခု ကျော်လာပြီ၊ အံဖကြီးက KNU လက်အောက်ခံ ရဲတပ်ဖွဲ့ KNPF စခန်းကိုလည်း သူတို့ ဝင်တပ်စွဲထားတယ်။ တောနော်ဆေးရုံကို ညက စစ်ကောင်စီတပ်တွေ စခန်းထိုင်လိုက်ပြီ။ ဒီမနက် နန်းရွှေမှုံ ရွာမှာ တိုက်ပွဲ ဆက်ဖြစ်နေတယ်။ နန်းရွှေမှုံ ဘုန်းကြီးကျောင်းကိုလည်း စစ်ကောင်စီတပ်က နေရာယူထားပြီ။ “ဟု ကေအိုင်စီသို့ ပြောသည်။

ယခုဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထောင်နှင့်ချီသော ဒေသခံရွာသားများမှာ ဒေါက်ပလံ၊ သုံးဆယ့်သုံးဆူ ကျေးရွာဘက်ကို စစ်ဘေးရှောင်နေကြရသည်ဟု ဒေသခံစစ်ရှောင်များက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များ KNU တပ်မဟာ၆ နယ်မြေ အတွင်းသို့ နယ်ခြားစောင့်တပ် -BGF အဖွဲ့ များ နှင့် ပူးပေါင်းကာ စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်လာနေသည့်အတွက် ယနေ့ ၂၁ ရက် နံနက်ပိုင်းအထိ ကော့ကရိတ်တောင်ပိုင်း အံဖကြီး၊ နန်းရွှေမှုံ၊ ဖန်ခါးကုန်း၊ တောင်ကြာအင်း၊ ကျေးရွာများဘက်တွင် KNLA ပူးပေါင်းတပ်များ နှင့် နေရာစုံ တိုက်ပွဲ ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲဖြစ်ကျေးရွာများဘက်သို့ ကော့ကရိတ် ခလရ ၉၇ တပ် ၊ လှိုင်ဝ အမြှောက်ကုန်း၊ စကခ ၁၂ အမြှောက်ကုန်းတို့မှ လက်နက်ကြီး ပစ်ကူပစ်ခတ်မှုဆက်တိုက် ပစ်ခတ်နေကြောင်း သိရပြီး မြေပြင်တိုက်ပွဲ အခြေအနေအရ နှစ်ဖက်ထိခိုက်ကျဆုံး မှုများရှိနေကြောင်း သိရသည်။

Photo: CJ